ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ ကွယ်လွန်သူ ပန်ဂျပ် အုပ်ချုပ်ရေးမှူး ဆယ်လ်မန် တာစီးယား (Salman Taseer) ရဲ့ ဈာပန အခမ်းအနား တက်ရောက်ဖို့အတွက် ဗုဒ္ဓဟူးနေ့က ထောင်ပေါင်းများစွာသော လူထုပရိသတ် စုဝေး ရောက်ရှိနေပြီး မြို့လုံခြုံရေးကို အထူးတင်းကျပ်ထားရပါတယ်။
ကွယ်လွန်သူရဲ့ နေအိမ်မှာ ကျင်းပခဲ့တဲ့ ဈာပန အခမ်းအနားကို သမ္မတ အဇစ်ဖ် အာလီ ဇာဒါရီ (Asif Ali Zardari) နဲ့ အစိုးရ အဆင့်မြင့် အရာရှိတွေ တက်ရောက်ခဲ့ပါတယ်။
အကြမ်းဖက်မှုတွေ မဖြစ်ပေါ်ရလေအောင် လာဟိုးတမြို့လုံးကို လုံခြုံရေးထောင်ချီ ကင်းလှည့်နေခဲ့ကြပါတယ်။
မစ္စတာ တာဆီးယားဟာ အင်္ဂါနေ့တုန်းက အစ္စလမ္မာဘတ်မြို့မှာ ပစ်သတ်ခံရတာပါ။ အငြင်းပွားဖွယ် ဖြစ်နေတဲ့ ဘာသာရေး စော်ကားမှု ဥပဒေကို မစ္စတာ တာဆီးယားက ဆန့်ကျင်လို့ သူ့ကိုသတ်ရတာ ဖြစ်ပါတယ်လို့ သူ့ရဲ့ ကိုယ်ရံတော်တွေထဲက တဦးဖြစ်သူ တရားခံလို့ သံသယရှိခံထားရသူက ဖြောင့်ချက်ပေးပါတယ်။
သူတယောက်တည်းကပဲ ဒီကိစ္စကို ကြံစည် ဆောင်ရွက်တာလား၊ နောက်ကွယ်မှာ အဖွဲ့အစည်းတွေများ ပါဝင် ပတ်သက်နေသလားဆိုတာ သိရဖို့ ဆက်ပြီး စုံစမ်း စစ်ဆေးနေဆဲပဲလို့ ပြည်ထဲရေးဝန်ကြီး ရာမန် မာလစ်ခ် (Rehman Malik) က ဆိုပါတယ်။
ရာပေါင်းများစွာသော သူ့ကို ထောက်ခံသူတွေက တရားရုံးအပြင်မှာ ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး ထောက်ခံခဲ့ကြပါတယ်။