ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Nawaz Sharif နဲ့ သူ့ရဲ့နိုင်ငံရေးအမွေခံ သမီးဖြစ်သူ Maryam တို့ ဗြိတိန်နိုင်ငံကနေ ပါကစ္စတန် အရှေ့ပိုင်း Lahore မြို့ကိုပြန်လာတဲ့လေယာဉ် သောကြာနေ့မှာ ဆိုက်ဆိုက်ချင်းမှာပဲ အာဏာပိုင်တွေက ဖမ်းလိုက်ပါတယ်။
သူတို့နှစ်ဦးကို အထူးလေယာဉ်နဲ့ ရာဝါလ်ပင်ဒီမြို့က အဓိကအကျဉ်းထောင်ကို ပို့မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး တရားရုံးကနေ မကြာသေးခင်ကပဲ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အရ မစ္စတာ Sharif တို့ သားအဖကို ဖမ်းလိုက်တာပါ။ လန်ဒန်မြို့တော်မှာ တန်ဖိုးကြီးတဲ့ ပိုင်ဆိုင်ပစ္စည်းတွေ ဘယ်လိုရထားသလဲဆိုတာကို ရှင်းပြဖို့ ပျက်ကွက်တယ်ဆိုပြီး သူတို့နှစ်ယောက်လုံးကို မျက်ကွယ်ထောင်ဒဏ် ၁၀ နှစ်စီချထားပါတယ်။
အာဏာပိုင်တွေဆီမှာ အဖမ်းမခံဘူးဆိုရင် မစ္စတာ Sharif အနေနဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်ခွင့် ရမှာမဟုတ်ဘူးလို့ ဥပဒေ ရေးရာ ကျွမ်းကျင်သူတွေကပြောပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးပယောဂပါတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုပြီး မစ္စတာ Sharif က ပယ်ချထားပြီးတော့ စစ်ဘက်နဲ့ တရားရေးဘက် လျှို့ဝှက်ပူးပေါင်းပြီး သူ့ကို နိုင်ငံရေးကနေ ဖယ်ထုတ်ဖို့ ကြိုးစားတာသာဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၂၅ ရက်နေ့မှာကျင်းပမယ့် ပါကစ္စတန် အထွေထွေရွေးကောက်ပွဲမှာ စစ်ဘက်နဲ့ တရားရေးဘက်က ထောက်ခံတဲ့ပါတီတွေ အနိုင်ရဖို့ သူ့ရဲ့ PML-N ပါတီ သိက္ခာကျအောင် လုပ်တာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ် Sharif က စွပ်စွဲထားပါတယ်။