သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် အဝေးထိန်း ဒုံးကျည် စမ်းသပ် ပစ်လွှတ်


ပါကစ္စတန် အဝေးထိန်း ဒုံးကျည် စမ်းသပ် ပစ်လွှတ်။

ပါကစ္စတန်နိုင်ငံက နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်တဲ့ ဒုံးကျည်တစင်းကို ဒီကနေ့ ပစ်လွှတ် စမ်းသပ်လိုက်ပါတယ်။ ပြိုင်ဘက် အိန္ဒိယနိုင်ငံနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးညီလာခံတခုကို လက်ခံကျင်းပပြီး နှစ်ရက်အကြာမှာ အခုလို စမ်းသပ် ပစ်လွှတ် တာပါ။

မြေပြင်ကနေမြေပြင်ပစ် Shaheen III ဒုံးကျည်ဟာ ကီလိုမီတာ ၂၇၅၀ အကွာ ထိရောက်နိုင်ပြီး နျူကလီးယားထိပ်ဖူးရော သမား ရိုးကျ ထိပ်ဖူးကိုပါ သယ်ဆောင်နိုင်တယ်လို့ ပါကစ္စတန်စစ်ဘက်ကပြောပါတယ်။

စမ်းသပ်ပစ်လွှတ်တာရဲ့ ရည်ရွယ်ချက်က ဒီလက်နက်စနစ်ရဲ့ ဒီဇိုင်းပုံစံအမျိုးမျိုးနဲ့ နည်းပညာပိုင်း အကန့်အသတ်တွေကို သိရှိနိုင်ဖို့ ဖြစ်တယ်လို့ စစ်ဘက် ကပြောပါတယ်။ စမ်းသပ်ပစ်လွှတ်တဲ့နေရာကို စစ်ဘက်ကမပြောပေမဲ့ ဦးတည် ပစ်လွှတ်လိုက်တဲ့နေရာကတော့ အာရေးဗျပင်လယ်ထဲကိုပါ။

ပါကစ္စတန်နိုင်ငံဟာ ဒေသတွင်းမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ ဆန္ဒရှိပြီး နျူကလီးယားလက်နက်ကို အတားအဆီးလုပ်တာ ဟာ တောင်အာရှဒေသတွင်း မဟာဗျူဟာမြောက်တည်ငြိမ်ရေးကို နောက်ထပ် အားကောင်းစေမယ်လို့ ပါကစ္စတန်နိုင်ငံ၊ မဟာဗျူဟာ စီမံကိန်းများဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး Mazhar Jamil ကပြောပါတယ်။

ပါကစ္စတန်နဲ့အိန္ဒိယ နှစ်နိုင်ငံစလုံးဟာ နျူကလီးယားစမ်းသပ်မှုတွေကို လုပ်လေ့ရှိပြီး ယေဘုယျအားဖြင့်တော့ မလုပ်ခင်မှာ အပြန် အလှန် ကြိုပြီး အကြောင်းကြားလေ့ရှိပါတယ်။

အိမ်နီးချင်းနှစ်နိုင်ငံအကြား စစ်ပွဲသုံးကြိမ်ဖြစ်ဖူးပြီး နှစ်ကြိမ်က ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပါတယ်။ ကက်ရှ်မီးယားဒေသဟာ ဒေသတွင်း တင်းမာမှုတွေရဲ့ အဓိက အကြောင်းတခု ဖြစ်နေဆဲပါပဲ။

XS
SM
MD
LG