သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Drone တိုက်ခိုက်မှုရပ်ဖို့ အမေရိကန်ကို ပါကစ္စတန် သမ္မတတိုက်တွန်း


ပါကစ္စတန်နိုင်ငံ ပိုင်နက်ထဲမှာ အမေရိကန်ပြည်ထောင်စုက အဝေးထိန်း ဒုံးလက်နက်တွေနဲ့ တိုက်ခိုက်မှုတွေကို အဆုံးသတ်ဖို့ ပါကစ္စတန်အနေနဲ့ တောင်းဆိုကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် Nawaz Sharif က ထပ်မံ တောင်းဆိုပါတယ်။

ဝါရှင်တန်ဒီစီက U.S Institute of Peace USIP မှာလုပ်တဲ့ ဆွေးနွေးပွဲတခုမှာ မစ္စတာ Sharif မိန့်ခွန်းပြောဆိုတဲ့အထဲ - အမေရိကန် ပါကစ္စတန် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာဖို့ သူ့အနေနဲ့ မြင်တွေ့လိုတယ်။ ဒါပေမဲ့လည်း အဝေးထိန်း ဒုံးလက်နက်နဲ့ တိုက်ခိုက်နေတဲ့ ကိစ္စရပ်တွေဟာ နှစ်ဘက်ဆက်ဆံရေးကို အဓိက အနှောင့်အယှက် ဖြစ်လာစေတယ်လို့ ပြောသွားပါတယ်။

အမေရိကန် ပြည်ထောင်စုက ပါကစ္စတန်ပိုက်နက်ထဲ အခုလို တိုက်ခိုက်တာတွေဟာ ပါကစ္စတန်ရဲ့ အချုပ်အခြာအာဏာကို ထိပါးစေရုံသာမက၊ ပါကစ္စတန်နိုင်ငံရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကိုလည်း လမ်းလွဲစေတယ်လို့ သူက ပြောခဲ့ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စုရဲ့ အခုလို ပါကစ္စတန်နိုင်ငံထဲအထိ အဝေးထိန်း ဒုံးလက်နက်တွေနဲ့ တိုက်ခိုက်တဲ့လုပ်ရပ်တွေကို အဆုံးသတ်ဖို့ ဗြိတိန်အခြေစိုက်တဲ့ Amnesty International လူ့အခွင့်အရေး အဖွဲ့ကလည်း တောင်းဆိုခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်ပြီး၊ ဒါဟာ စစ်ရာဇဝတ်မှုအထိ ကြီးကျယ်လာနိုင်တယ်လို့ AI အဖွဲ့က သတိပေးခဲ့ပါတယ်။ အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney ကတော့ ဒီလို အဝေးထိန်း ဒုံးလက်နက်နဲ့ တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ် သဘောမတူကြောင်း ငြင်းဆန်တုံ့ပြန်ခဲ့ပါတယ်။
XS
SM
MD
LG