အမေရိကန်နဲ့ ဆက်ဆံရေးဟာ အရင်အတိုင်းဖြစ်တော့မှာ မဟုတ်ဘူးလို့ ပါကစ္စတန် ၀န်ကြီးချုပ်က သတိပေးလိုက်ပါတယ်။ အပြန်အလှန် လေးစားရေးနဲ့ အပြန်အလှန် အကျိုးစီးပွားတွေဟာ အမေရိကန်နဲ့ ဆက်ဆံရေး လက်ရှိအခြေအနေမှာ မရှိတော့ဘူးလို့ ၀န်ကြီးချုပ် Yousuf Raza Gilani က CNN ရုပ်မြင်သံကြားကို တနင်္လာနေ့က ပြောခဲ့ပါတယ်။
စနေနေ့က ပါကစ္စတန်စစ်သား ၂၄ ယောက် သေဆုံးခဲ့တဲ့ နေတိုး ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ပါကစ္စတန်ဘက်က စတင်တိုက်ခိုက်ခဲ့တဲ့ အတွက်ကြောင့် ဖြစ်တယ်ဆိုတဲ့ သတင်းတွေကို ပါကစ္စတန်က ငြင်းဆိုလိုက်ပါတယ်။
ပါကစ္စတန်တပ်တွေက စတိုက်ခဲ့တာဖြစ်တယ်ဆိုတာ မဟုတ်ဘူးလို့ ပါကစ္စတန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Athar Abbas က တနင်္လာနေ့က ပြောလိုက်ပါတယ်။
ပါကစ္စတန်နဲ့ အမေရိကန်ဆက်ဆံရေးမှာ ကြီးမားတဲ့ အကျိုးဆက်တွေ ရှိလိမ့်မယ်လို့ Athar Abbas က ပြောလိုက်ပါတယ်။ နေတိုးနဲ့ အာဖဂန် တာဝန်ရှိသူတွေက ဆင်ခြေတွေ ပေးနေတာသာ ဖြစ်တယ်လို့ သူကပြောပြီး ညွှန့်ပေါင်းတပ်တွေ ဘက်မှာ ထိခိုက်ဒဏ်ရာရတာ၊ ဆုံးရှုံးတာမရှိခဲ့ဘူး ဆိုတဲ့အချက်ကိုလည်း သူက ထောက်ပြသွားခဲ့ပါတယ်။