သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ဝန်ကြီးချုပ် အမေရိကန်ကို သတိပေး


ပါကစ္စတန် ဝန်ကြီးချုပ် အမေရိကန်ကို သတိပေး
ပါကစ္စတန် ဝန်ကြီးချုပ် အမေရိကန်ကို သတိပေး

ပါကစ္စတန် အစိုးရက အာဖဂန်နစ္စတန် နိုင်ငံထဲက စစ်သွေးကြွ တိုက်ခိုက်မှုတွေအတွက် ကူညီ ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲပြီး နာမည်ပျက်အောင် သတင်းလွှင့်နေတာကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ရပ်တန့်ပစ်ဖို့ ပါကစ္စတန် ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yusuf Raza Gilani) က သတိပေးသွားပါတယ်။

အဲဒီလို စွပ်စွဲချက်တွေကြောင့် သူတို့နိုင်ငံထဲမှာ အမေရိကန် ဆန့်ကျင်ရေး သဘောထားတွေ ပိုအားကောင်းလာစေလိမ့်မယ်လို့ သူက ပြောပါတယ်။

မေလမှာ အယ်လ်ကိုင်းဒါး (al-Qaida) ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) ကို သတ်ပစ်ခဲ့တဲ့ ပုံစံလိုမျိုး ဟက်ဂါနီ (Haggani) ကွန်ရက် အကြမ်းဖက်သမားတွေကို ပါကစ္စတန် နိုင်ငံထဲမှာ လိုက်လံ ရှာဖွေနေတဲ့ အမေရိကန်ရဲ့ တဖက်သတ် စစ်ဘက်ဆိုင်ရာ လုပ်ရပ်တွေက သူ့နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးတာပဲ ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနနဲ့ မေးမြန်းခန်းမှာ မစ္စတာ ဂီလာနီက ပြောသွားခဲ့ပါတယ်။

နိုင်ငံမြောက်ပိုင်းက စစ်သွေးကြွတွေကို စစ်ဆင်နေတဲ့ နေရာမှာ အင်အားကုန် သုံးစွဲထားတာကြောင့် ဟက်ဂါနီ ကွန်ရက်ကို ပစ်မှတ်ထားပြီး လိုက်လံတိုက်ခိုက်မှာ မဟုတ်ဘူးလို့ ပါကစ္စတန် စစ်တပ်က ပြောသွားပြီး နောက်တရက်မှာပဲ မစ္စတာ ဂီလာနီက ကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။

အင်္ဂါနေ့ကလည်း ကမ္ဘာတဝန်းမှာ ကျင်းပတဲ့ အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ လူ ရာပေါင်းများစွာ ပါဝင်ခဲ့ပြီး တောင် ဝါဇီရစ္စတန် တိုင်းရင်းသား လူမျိုးစုဒေသ ဝါနာမြို့နားက ခြံဝန်းတခုကို အမေရိကန်ဆီကလို့ ယူဆရတဲ့ အဝေးထိန်း ဒုံးကျည် ၂ စင်းနဲ့ ပစ်ခတ်မှုကြောင့် စစ်သွေးကြွလို့ စွပ်စွဲခံရသူ ၃ ဦးမက သေဆုံးသွားရပါတယ်။

XS
SM
MD
LG