သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်လာဒင်နှစ်ရှည်ခိုအောင်းခဲ့မှု ပါကစ္စတန် စုံစမ်းမည်


ဘင်လာဒင်နှစ်ရှည်ခိုအောင်းခဲ့မှု ပါကစ္စတန် စုံစမ်းမည်
ဘင်လာဒင်နှစ်ရှည်ခိုအောင်းခဲ့မှု ပါကစ္စတန် စုံစမ်းမည်

ပါကစ္စတန်နိုင်ငံမှာ အယ်လ်ခိုင်းဒါး (Al-Qaida) ခေါင်းဆောင် ပုန်းအောင်နိုင်တာဟာ အရည်အချင်းရှိရှိ မအုပ်ချုပ်နိုင်တာကြောင့် ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေကို ပါကစ္စတန် ဝန်ကြီးချုပ်က ပယ်ချလိုက်ပါတယ်။ အမေရိကန် တပ်တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့လို့ အိုစမာ ဘင်လာဒင် (Osama Bin Laden) သေဆုံးသွားတာက ဒီအချက်ကို လက်တွေ့ ပြသနေပါတယ်လို့ စွပ်စွဲ ပြောဆိုသူတွေက ဆိုကြပါတယ်။

တနင်္လာနေ့က လွှတ်တော်မှာ မိန့်ခွန်းပြောကြားရာမှာ အဲဒီလို စွပ်စွဲချက်တွေက အဓိပ္ပာယ် မရှိပါဘူးလို့ ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) က ပြောလိုက်ပါတယ်။ ထောက်လှမ်းရေးဌာန အပါအဝင် ပါကစ္စတန် အာဏာပိုင်တွေဟာ အယ်ခိုင်းဒါးနဲ့ ချိတ်ဆက် ချိန်ညှိထားတာတွေ ရှိနေတယ်လို့ ပြောဆိုတာတွေဟာ မရိုးသားရာ ကျတယ်လို့ သူက ဆိုပါတယ်။

ပါကစ္စတန်နိုင်ငံ အဘော့တာဘက် (Abbottabad) မြို့က ဘင်လာဒင်ရဲ့ အိမ်ဝင်းကို ပြီးခဲ့တဲ့ အပတ်အတွင်းက အမေရိကန် အထူးတပ်တွေက ဝင်ရောက် စီးနင်းခဲ့ကြတာပါ။

ပါကစ္စတန် မြေပေါ်မှာ တဖက်သတ် သူ့သဘောနဲ့သူ လုပ်သွားတဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း ဝန်ကြီးချုပ် ဂီလာနီက သတိပေးလိုက်ပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်နဲ့ ဆက်ဆံရေး ခိုင်မာတာကိုလည်း ပြောဆိုလိုက်ပါတယ်။

အမေရိကန်နဲ့ ပါကစ္စတန်တို့ရဲ့ တွဲဖက်မှုမှာ နှစ်ဦးနှစ်၀ အကျိုးစီးပွားတွေကို ဖြည့်ဆည်းနိုင်ပြီး အပြန်အလှန် လေးစားယုံကြည်မှု အပေါ်မှာ အခြေခံထားတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ပါကစ္စတန်ရဲ့ ဦးစားပေး လုပ်ငန်းကတော့ အကြမ်းဖက်ဝါဒကို ဖယ်ရှားရေး ဖြစ်တယ်လို့ ဝန်ကြီးချုပ်က အမတ်တွေကို ပြောပါတယ်။ အကြမ်းဖက် ဆန့်ကျင်ရေး တိုက်ပွဲမှာ လူပေါင်း ၃၀,၀၀၀ နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်ပေါင်း ၅,၀၀၀ သေဆုံးခဲ့ရပြီး ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ပါကစ္စတန်မှာ ဘင်လာဒင် ဘယ်လိုများ ခိုအောင်းသွားနိုင်ခဲ့တာလဲ ဆိုတာကို စုံစမ်းစစ်ဆေးဖို့ သူက အမိန့််ပေးလိုက်ပါတယ်။ ဘင်လာဒင် သေဆုံးသွားတာဟာ တရားမျှတမှု ဖြစ်တယ်လို့ သူက ပြောလိုက်ပါတယ်။

အရင် ဝန်ကြီးချုပ် နာဝပ်ဇ် ရှရစ်ဖ် (Nawaz Sharif) ဦးဆောင်တဲ့ အဓိက အတိုက်အခံ ပါတီရဲ့ ပါတီဝင်တွေကတော့ အမေရိကန်ရဲ့ ဘင်လာဒင် စစ်ဆင်ရေးဟာ ပါကစ္စတန် အချုပ်အခြာ အာဏာကို ချိုးဖောက်တာ ဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။ သူတို့ ဝေဖန်ချက်တွေ ထွက်ပေါ်လာ အပြီးမှာ ဝန်ကြီးချုပ်က အခုလို ပြောဆိုတာ ဖြစ်ပါတယ်။

XS
SM
MD
LG