သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သံအဖွဲ့ ကားတန်းကို ပါကစ္စတန် တာလီဘန် ဗုံးခွဲ


အမေရိကန် သံအဖွဲ့ ကားတန်းကို ပါကစ္စတန် တာလီဘန် ဗုံးခွဲ
အမေရိကန် သံအဖွဲ့ ကားတန်းကို ပါကစ္စတန် တာလီဘန် ဗုံးခွဲ

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးက ယာဉ်တွေကို ဒီနေ့ ဗုံးခွဲ တိုက်ခိုက်မှုဟာ သူတို့လက်ချက် ဖြစ်တယ်လို့ ပါကစ္စတန် တာလီဘန်အဖွဲ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဒီဗုံးခွဲမှုကြောင့် ပါကစ္စတန်လူမျိုး တယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန် သံရုံးဝန်ထမ်း ၂ ဦးလည်း ဒဏ်ရာအနည်းငယ် ရခဲ့တယ်လို့ ကောင်စစ်ဝန်ရုံး ပြောရေးဆိုခွင့် ရှိသူက ဆိုပါတယ်။

ဒီစစ်သွေးကြွတွေဟာ ၅၀ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ဖောက်ခွဲ ပစ္စည်းတွေကို တင်လာတဲ့ ကား ၂ စီးကို ဖြတ်မောင်းနေချိန်မှာ အခုလို ဖောက်ခွဲ တိုက်ခိုက်လိုက်တာ ဖြစ်တယ်လို့ ပါကစ္စတန် အရာရှိတွေက ဆိုပါတယ်။ ဒီဖောက်ခွဲမှု အရှိန်ကြောင့် ကောင်စစ်ဝန်ရုံးက သံချပ်ကာ ကားတစီး လျှပ်စစ်မီးတိုင်တခုကို ဝင်တိုက်ခဲ့တဲ့အထိ လွင့်ထွက်သွားတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

တာလီဘန် ပြောရေးဆိုခွင့်ရှိသူ တဦးကတော့ အခုလို တိုက်ခိုက်တာဟာ ပါကစ္စတန်မှာ အမေရိကန်က ဘင်လာဒင်ကို သတ်ဖြတ်အပြီးမှာ လက်စားချေ တုံ့ပြန်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရှေ့မှာလည်း ဒီတိုက်ခိုက်မှုတွေ ပိုပြီး လုပ်သွားမယ်လို့ သူက ဆက်ပြီး သတိပေးလိုက်ပါတယ်။

မေလ ၂ ရက်နေ့က ပါကစ္စတန်နိုင်ငံ အဘော့တာဘတ် (Abbottabad) မြို့မှာ အမေရိကန် အထူးစစ်ဆင်ရေး တပ်ဖွဲ့တွေ အနေနဲ့ အယ်လ်ခိုင်းဒါး (Al Qaida) ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) ကို သုတ်သင်ခဲ့တဲ့ အချိန်ကစလို့ ပါကစ္စတန်မှာ အကြမ်းဖက်မှုတွေ တိုးပွားလာခဲ့ရပါတယ်။

XS
SM
MD
LG