ပါကစ္စတန်နိုင်ငံ တောင်ပိုင်းက ကရာချိ ဆိပ်ကမ်းမြို့မှာ လူ ၄၅ ယောက်ထက်မနည်း သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရသွားတယ်လို့ ပါကစ္စတန် တာဝန်ရှိသူတွေက ပြောပါတယ်။
ပြည်နယ်လွှတ်တော် အမတ်တဦး လုပ်ကြံ သတ်ဖြတ်ခံရတဲ့အပေါ် လက်တုံ့ပြန် တိုက်ခိုက်မှုတွေ ဖြစ်ပြီးတဲ့နောက် သေဆုံး ဒဏ်ရာရတာတွေ ရှိခဲ့တာပါ။
လွှတ်တော်အမတ် ရာဇာ ဟိုင်ဒါ (Raza Haider) နဲ့ သူ့ရဲ့ ကိုယ်ရံတော်တို့ကို မော်တော်ဆိုင်ကယ်နဲ့ သေနတ်သမားတွေက တနင်္လာနေ့မှာ ပစ်သတ်သွားခဲ့ကြတာပါ။ မြို့တော်ရဲ့ နာဇီမာဘက်ဒ် (Nazimabad) ဒေသက ဟိုင်ဒါရဲ့ ဆွေမျိုးတဦး နာရေးကို သွားခဲ့ကြတဲ့ အချိန်မှာ အဲဒီလို လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။
လုပ်ကြံခံရတဲ့သတင်း ပြန့်သွားတာနဲ့အတူ ညတွင်းချင်းမှာပဲ ဆန္ဒပြသူတွေက ကရာချိမြို့ရဲ့ လမ်းတွေပေါ် ထွက်ပြီး ဒါဇင်နဲ့ချီတဲ့ ကားတွေ၊ ဆိုင်တွေကို မီးရှို့ ဆန္ဒပြခဲ့ကြသလို သေနတ်သံတွေကိုလည်း ကြားခဲ့ကြရပါတယ်။ ရုန်းရင်းဆန်ခတ် ဖြစ်တာတွေအတွင်း လူ ၉၀ ကျော် ဒဏ်ရာရသွားပါတယ်။
ရဲတပ်ဖွဲ့တွေနဲ့ စစ်ဘက် တပ်ဖွဲ့တွေဟာ ဒီကနေ့ အင်္ဂါနေ့ လမ်းတွေပေါ်မှာ လှည့်လည် စောင့်ကြပ်နေကြပြီး လူဦးရေ ၁၆ သန်းကျော် ရှိတဲ့မြို့မှာ တည်ငြိမ်အေးချမ်းမှုရအောင် ပြန်ထိန်းသိမ်းဖို့ လုပ်ဆောင်နေပါတယ်။ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ပြီး လူ ၁၀ ယောက်ထက် မနည်းကို ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။