သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် အကြမ်းဖက် တိုက်ခိုက်မှု ၁၅ ယောက်သေ


ပါကစ္စတန် နိုင်ငံ အနောက်မြောက်ဘက် ဒေသမှာ တာလီဘန်ဆန့်ကျင်သူ နိုင်ငံရေးသမားတစ်ဦး တက်ရောက်လာတဲ့ ဈာပန အခမမ်းအနားကို အသေခံဗုံးခွဲ တိုက်ခိုက်မှု တစ်ခုကြောင့် လူ ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ နိုင်ငံရေးသမား Khusdil Khan ကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့လည်း ရဲတပ်ဖွဲ့က ယုံကြည်ထားတာ ဖြစ်ပေမဲ့ တိုက်ခိုက်မှုအတွင်း အထိအခိုက်မရှိ လွတ်မြောက်ခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် နောက်ထပ် လူပေါင်း ၃၀ လောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပြီး ဒီအထဲက အများအပြားဟာ ဒဏ်ရာတွေ ပြင်းထန်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ Khyber-Pakhtunkhwa ဒေသရဲ့မြို့တော် ပတ်ရှ်ဝါမြို့က တိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ပါကစ္စတန် တာလီဘန်တွေက ကြေညာခဲ့ကြတာပါ။

တိုက်ခိုက်မှုမှာ ရှိနေတဲ့ နိုင်ငံရေးသမား Khan ဟာဆိုရင် ဘာသာရေး အစွဲမထားတဲ့ နိုင်ငံရေး ပါတီ တစ်ခုဖြစ်တဲ့ Awami အမျိုးသားပါတီက ဖြစ်ပြီး၊ ဒေသတွင်းက စစ်သွေးကြွ အုပ်စုတွေကို ဆန့်ကျင်လှုပ်ရှားနေသူ တစ်ဦးပါ။ ဒေသခံရဲအရာရှိ တစ်ဦးကတော့ တိုက်ခိုက်မှုဟာ ပါကစ္စတန်လုံခြုံရေး တပ်ဖွဲ့တွေနဲ့ စစ်သွေးကြွတွေကြား ပဋိပက္ခတွေရဲ့ တစိတ်တပိုင်းသာ ဖြစ်တယ်လို့ ပြောပါတယ်။

ပတ်ရှ်ဝါမြို့အနီး ခိုင်ဘာလူမျိုးစုဒေသမှာ စစ်သွေးကြွ ၃၉ ယောက်ကို သုတ်သင်နိုင်ကြောင်း ပါကစ္စတန် လုံခြုံရေး တပ်တွေက ပြောဆိုအပြီး နောက်တစ်နေ့မှာပဲ တိုက်ခိုက်မှု ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG