သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ရုပ်မြင်သံကြားဌာန သိမ်းပိုက်ဆန္ဒပြမှု အာဏာပိုင်တွေ ရှင်းလင်း


ဆန္ဒပြသူတွေကို ဟန့်တားနေတဲ့ ပါကစ္စတန် စစ်သည်များ။ (စက်တင်ဘာ ၁၊ ၂၀၁၄)
ဆန္ဒပြသူတွေကို ဟန့်တားနေတဲ့ ပါကစ္စတန် စစ်သည်များ။ (စက်တင်ဘာ ၁၊ ၂၀၁၄)

ပါကစ္စတန်နိုင်ငံမှာ အစိုးရပိုင် ရုပ်မြင်သံကြားဌာနတခုကို သိမ်းပိုက်ပြီး ရုပ်သံအစီအစဉ်လိုင်းတွေကို ဖြတ်တောက်ခဲ့တဲ့ ရာနဲ့ချီတဲ့ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ဖယ်ရှားခဲ့ပါတယ်။

ဝန်ကြီးချုပ် Nawaz Sharif ဆင်းပေးဖို့ တောင်းဆိုကြတဲ့ ဆန္ဒပြသူတွေဟာ ပါကစ္စတန် ရုပ်သံဌာန PTV ကို ဒီကနေ့ပဲ ဝင်ရောက်သိမ်းယူ ခဲ့ကြတာ ဖြစ်ပါတယ်။ အခုလို ဆန္ဒပြသူတွေ အစ္စလာမ်မာဘတ်က သူတို့ရဲ့ ရုံးခန်းတွေကို ဝင်သိမ်းနေတဲ့ ပုံတွေကို PTV ရုပ်သံဌာနက တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့တာပါ။

တနင်္လာနေ့ အစောပိုင်းမှာလည်း တုတ်တွေ၊ ခဲတွေ ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေက အစ္စလန်မာဘတ်မှာ ရဲတွေနဲ့ ထပ်ပြီး ရင်ဆိုင်အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။ ဝန်ကြီးချုပ် Nawaz Sharif တ်ထွက်ပေးဖို့ ဆန္ဒပြနေကြတာ သီတင်းပါတ် အတော်ကြာနေပြီဖြစ်ပါတယ်။ မိုးသဲသဲမဲမဲ ရွာနေတဲ့ ကြားကပဲ ဆန္ဒပြသူတွေဟာ အစ္စလာမ်မာဘတ်မြို့က ဝန်ကြီးချုပ်ရဲ့နေအိမ်ကို ချီတက်ဖို့ ရဲတွေ တားမြစ်ထားတဲ့ အဟန့်အတားတွေကို ဖျက်ဆီးခဲ့ကြတာမို့ ရဲတွေကလည်း မျက်ရည်ယိုဗုံးနဲ့ ပြန်လည် ပစ်ခတ်ခဲ့ကြပါတယ်။

ပါကစ္စတန် အတိုက်အခံခေါင်းဆောင် Imran Khan ကတော့ ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်မပေးမချင်း အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေ ဆက်ပြီး လုပ်သွားမယ်လို့ ကတိပြု ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဆန္ဒပြသူတွေအပေါ် တရားမဝင် ချေမှုန်းမှုတွေကို အခိုင်အမာ ဆန့်ကျင်သွားမယ်ဆိုတာကို ပြသကြဖို့နဲ့ ရဲတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ကြဖို့ ဆန္ဒပြသူတွေကို တနင်္ဂနွေနေ့ညက တိုက်တွန်းခဲ့ပါတယ်။

ပါကစ္စတန် စစ်ဘက် ခေါင်းဆောင်တွေကတော့ မနေ့က အစည်းအဝေးကျင်းပခဲ့ပြီး အစိုးရအနေနဲ့ လက်ရှိ ရှေ့မတိုးနောက်မဆုတ် အခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးအောင်လုပ်သင့်တယ်လို့ ဆိုပါတယ်။ တိုင်းပြည်အခြေနေဒီထက် မတည်မငြိမ်နဲ့ ဆိုးဝါးလာရင်တော့ စစ်တပ်ကို အသုံးပြုမယ်လို့ ပါကစ္စတန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Raheel Sharif က သတိပေးခဲ့ပါတယ်။

XS
SM
MD
LG