သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပခုက္ကူ ရေနံပိုက်လိုင်းမီး လူအနည်းဆုံး ၁၄ ဦး သေဆုံး


ပခုက္ကူ ရေနံပိုက်လိုင်းမီး လူအနည်းဆုံး ၁၄ ဦး သေဆုံး
ပခုက္ကူ ရေနံပိုက်လိုင်းမီး လူအနည်းဆုံး ၁၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့နယ် ကျွန်းချောင်းနဲ့ မြစ်ခြေအကြား ရေနံပိုက်လိုင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် အစောပိုင်း သတင်းပေးပို့ချက်အရ အနည်းဆုံး လူ ၈ ယောက် သေဆုံးပြီး ၇၀ လောက် ဒဏ်ရာရရှိခဲ့တယ်လု့ိ ဒေသခံတွေက ပြောပါတယ်။ အခု သေဆုံးသူဦးရေ တိုးလာတဲ့အတွက် နောက်ဆုံးရရှိတဲ့ သတင်းမှာတော့ အနည်းဆုံး လူ ၁၄ ယောက် သေဆုံးပြီး ၁၀၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒီမီးလောင်မှုဟာ ရေနံပိုက်လိုင်းပေါက်ပြီး ယိုစိမ့်ထွက်လာတဲ့ ရေနံတွေကို အနီးနားက ရွာသားတွေက သွားရောက် ခပ်ယူရာကနေ မီးလောင်တာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီမီးလောင်မှုဖြစ်တဲ့ နေရာကတော့ ပခုက္ကူမြို့နယ် မြစ်ခြေနဲ့ ၄ မိုင်လောက် အကွာက ညောင်လှရွာအနီးမှာ တနင်္ဂနွေည ၇ နာရီလောက်က ဖြစ်ပွားခဲ့တာပါ။ ဒီလို မီးလောင်မှု ဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၈ ယောက် သေပြီး ၇၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ပခုက္ကူမြို့ခံ တယောက်က အခုလို ပြောပါတယ်။

“၈ ယောက်ကြားတယ်။ ဒဏ်ရာရတာ ၇၀ နီးပါးလောက်လို့ အဲလိုကြားတယ်။”

မီးလောင်မှု ဖြစ်ပွားပုံကိုတော့ ပခုက္ကူ ဒေသခံက အခုလို ဆက်ပြောပါတယ်။

“ညောင်လှရွာအနီးပေါ့။ ညောင်လှရွာနဲ့ ၂ ဖာလုံလောက် ဝေးတယ်။ ကျောက်ခွက်ကနေပြီး အရာတော်ကို ပို့တဲ့ ရေနံပိုက်လိုင်း။ အဲဒီမှာ သူတို့ joint တွေ ဘာတွေက ယိုစီးပြီး ဖိတ်နေတဲ့ သဘောပေါ့။ ရွာသူရွာသားတွေ တယောက်တလေ သိတယ် ထင်ပါတယ်။ တဖြည်းဖြည်း များများလာတော့ တရွာလုံးသိတယ်။ တရွာလုံးသိတော့ ရေနံတွေ သယ်ကြတာပေါ့။ ခပ်ကြသယ်ကြ၊ ခပ်ကြသယ်ကြနဲ့ တရွာလုံးလောက်ပဲ ဝိုင်းသယ်ကြတယ်တဲ့။ တနေ့လုံးပေါ့လေ။ ညမိုးချုပ်တော့ တယောက်ယောက်က မီးခြစ်လိုက်တာလား ဘာလား မသိဘူး၊ အဲဒီမှာ မီးလောင်တာပဲ။ မီးလောင်တော့ အလယ်ခေါင် ပိတ်မိနေပြီး မပြေးနိုင် မပြုနိုင်ဖြစ်ပြီး သေကြတဲ့ သဘောပေါ့လေ။”

မီးလောင်မှုဖြစ်ပွားတဲ့ နေရာနဲ့ အနီးဆုံးဖြစ်တဲ့ မြစ်ခြေကို ဆက်သွယ်ရာမှာတော့ မြစ်ခြေမြို့က အမျိုးသမီး တယောက်က အခုလို ပြောပါတယ်။

“ဟုတ်တော့ ဟုတ်တယ်ရှင့်၊ ညောင်လှရွာမှာရှင့်။ အဲဒီ ယိုနေတာကို သွားခပ်တာလို့ ပြောတယ်ရှင်။ လုခပ်ရင်းနဲ့ အဲဒီလို မတော်တဆ ဖြစ်သွားတာလို့ ပြောတယ်။ တမင်ရည်ရွယ်ပြီး လုပ်တာတော့ မဟုတ်ဘူးပေါ့။ ဂက်စ်မီးခြစ် ခြစ်တာကနေ အဲဒီလို လောင်သွားတယ်တော့ ပြောတာပဲ။ လူကတော့ အဲလိုမျိုးပေါ့၊ စာရင်းအတိအကျတော့ မသိသေးဘူးပေါ့။ ဘာလို့လဲဆိုတော့ အလောင်းတွေက ကောက်တော့ ကောက်ထားတယ်လို့ ပြောတယ်။ ဆေးရုံလည်း ပို့ကြတယ်။ မြစ်ခြေဆေးရုံမှာတော့ အယောက် ၃၀ ကျော်လောက် တင်ထားတယ်လို့ ပြောတယ်။ ပခုက္ကူလည်း ပို့တယ်။ ပခုက္ကူပို့တာတော့ ၁၀ ယောက်လောက် သေတယ်ပြောတယ်။”

ဒဏ်ရာရသူတွေကို မြစ်ခြေ၊ ကျွန်းချောင်းနဲ့ ပခုက္ကူ ဆေးရုံတွေကို ပို့ဆောင်ထားကြောင်း အခြား ဒေသခံ တယောက်က ပြောပါတယ်။

မြစ်ခြေဆေးရုံကို ဆက်သွယ် မေးမြန်းရာမှာတော့ တာဝန်ကျ ဝန်ထမ်းတယောက်က သူတို့ဆေးရုံမှာ သေဆုံးသူ ၂ ယောက်ရှိပြီး လူနာ ၂၁ ယောက် ရှိတယ်လို့ ပြောပါတယ်။ သေဆုံးသူအားလုံး ဘယ်လောက်ရှိတယ် ဆိုတာတော့ အတိအကျ မသိဘူးလို့ ဆိုပါတယ်။

အသေအပျောက်နဲ့ ဖြစ်ပျက်ပုံကို အသေးစိတ် သိနိုင်ဖို့ မြစ်ခြေရဲစခန်းကို ဆက်သွယ်ရာမှာ ပြန်လည်ဖြေကြားတာ မရှိပါဘူး။ အလားတူပဲ ပခုက္ကူ ဆေးရုံကလည်း ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး တစုံတရာ ဖြေကြားတာ မရှိပါဘူး။

AFP သတင်းဌာနကတော့ ဒီမီးလောင်မှုမှာ သေဆုံးသူ ၁၄ ယောက်ရှိပြီး ဒဏ်ရာရသူ ၁၀၀ လောက် ရှိတယ်လို့ အမည်မဖော်တဲ့ အစိုးရ အရာရှိတယောက်က ပြောဆိုကြောင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG