သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ် ရွာသား ၈ဝဝ ကျော် စစ်ရှောင်နေရ


ရခိုင်တပ်မတော် AA နဲ့ အစိုးရတပ်ကြား ရခိုင်ဒေသတွင်းစစ်ပွဲတွေကြောင့် ထွက်ပြေးနေရသူများ (AFP)
ရခိုင်တပ်မတော် AA နဲ့ အစိုးရတပ်ကြား ရခိုင်ဒေသတွင်းစစ်ပွဲတွေကြောင့် ထွက်ပြေးနေရသူများ (AFP)

လက်ရှိမြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား စစ်ရေးပဋိပက္ခတင်းမာ နေတဲ့နေရာမှာ ရခိုင်ပြည်နယ် အတွင်းသာမက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာ လည်း ရွာသားတွေစစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ ပလက်ဝ မြို့နယ် ခမောင်းဝ ကျေးရွာ (၁ဝ) ရွာက ရွာသား (၈ဝဝ) ကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပလက်ဝ မြို့နယ် အတွင်း နီးစပ်ရာဆွေမျိုးတွေဆီမှာ တိမ်းရှောင်နေရတယ်လို့ ပလက်ဝရောက် ရွာသား တဦးက ပြောပါတယ်။ ဒီအကြောင်းအစုံအလင်ကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာ့တပ်မတော်နဲ့ရခိုင့်တပ်မတော်တို့အကြား စစ်ရေးတင်းမာမှုဖြစ်ပွါးခဲ့တဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်း ခမောင်းဝ၊ ကင်းသလင်းအပါဝင် ကျေးရွာ (၁ဝ)ရွာက ရွာသား (၈ဝဝ) ခန့် စစ်ဘေးတိမ်းရှောင်နေရ တယ်လို့ ပလက်ဝ မြို့ကိုရောက်ရှိလာတဲ့ ခမောင်းဝ ရွာသား ဦးစံဝေ က အခုလိုပြောပါတယ်။

“ကျနော်တို့ ခမောင်းဝကနေပြီးတော့ ပလက်ဝရောက်လာပါတယ်။ ကျနော်တို့ အိမ်ထောင် စု နှစ်စုပဲ ရောက် လာပါတယ်။ ပလက်ဝမှာမှီခိုဖို့ ဟုတ်ကဲ့။ အဲ တချို့ ဘင်္ဂလားဒေ့ရ်ှ ဆီ ရောက်လာပါတယ်။ ခမောင်းဝရယ်၊ စတင်ဝ၊ ဖွေလိုက်ဝ (၁ဝ) ရွာ ပျက်သွားတာပါ။ ကျနော်တို့ ခမောင်းဝမှာပဲလူဦးရေ (၈ဝ)ကျော်။ (၁ဝ) ရွာလောက် ဆိုရင် (၈ဝဝ) (၉ဝဝ) နီးပါးလောက်ရှိပါတယ်။ အခုဆွေမျိုးတွေဆီမှာ ပို့ဆောင်နေပါတယ်။”

ဖေဖေါ်ဝါရီလဆန်းပိုင်းမှာ ကျောင်းနေအရွယ်ကလေးတွေအပါဝင် ခမောင်းဝနဲ့ ကင်းသလင်း ကျေးရွာသား ရခိုင်နဲ့ ခမီး မိသားစုဦးရေ (၂ဝဝ) ကျော်ဟာ စစ်ဘေးလွတ်ရာ ဘင်္ဂလားဒေ့ရ်ဘက်ကိုတိမ်းရှောင်သွားကြသလို ကျန်ရှိတဲ့သူတွေကတော့ ပလက်ဝမြို့နယ်နဲ့ေ ကျာက်တော်မြို့နယ်အတွင်း ဆွေမျိုးသားချင်းအိမ်တွေမှာ ခိုလှုံနေရတယ်လို့ ဦးစံဝေကပြောပါတယ်။

တပ်မတော်နဲ့ AA တို့တိုက်ပွဲကြောင့် ခမောင်းဝရွာ၊ ကင်းတလင်းရွာ၊ခေါစာချောင်း ရွာ၊ ကူချောင်းဖျားရွာ စတင်ဝရွာ၊ ဖွေလိုက်ဝရွာ၊ပြိုင်စိုရွာ (ပီချောင်း)၊ ပီတောင်ရွာ အပါအဝင် ရွာ (၁ဝ) ရွာပျက်စီးသွားခဲ့တယ်လို့ သူက ပြောပါတယ်။

ခမောင်းဝဒေသဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဆက်သွယ်ရေးအားနည်းတဲ့ ဒေသဖြစ်လို့ စစ်ပြေး ဒုက္ခသည် အရေအတွက်နဲ့အခြေအနေကို အတိအကျ မသိရှိ ဘူးလို့ ပလက်ဝမြို့စစ်ရှောင်အရေးကူညီသူ ကိုကျော်အောင် က ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့သတင်းရဖို့တော်တော်လေးခက်တယ်ဗျ။ ဆက်သွယ်ရေး ကလည်း နေရာကိုပြီးတော့ ကုန်းလမ်း၊ ရေလမ်းဘာမှမရှိတဲ့အခါမှာ သူတို့ တိုက်ပွဲဖြစ်တဲ့ အချိန်မှာ (၈) အိမ် (၉) အိမ်လောက် ကင်းသလင်း ရွာကနေ သူ တို့ပြောင်းလာတဲ့အဖွဲ့ ရှိတယ်။ ပြီးတော့ ကျန်တဲ့သူတွေကတော့အကုန်လုံး ဘင်္ဂလားဒေ့ရ်ှဖက်မှာပဲ ပါသွား တယ်။ လူဦးရေ အိမ်ခြေဘယ်လောက်အတိအကျဆိုတော့ကျနော်တို့မသိဘူးဗျ။”

ပြီးခဲ့တဲ့ဇန္နဝါရီလကုန်ပိုင်းမှာ ပလက်ဝမြို့နယ် ခမောင်းဝဒေသဘက်မှာ မြန်မာ့ တပ်မတော် နဲ့ရခိုင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။ ဒီဖြစ်ပွါးတဲ့တိုက်ပွဲအတွင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ရွာသားတွေ ကြောက်လန့်နေ ကြတယ်လို့ ခမောင်းဝ စစ်ရှောင် ဦးစံဝေက ဆက်ပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့နေ့က ဒီ လေယာဉ်ဝှေ့ပြီးမှ ပထမနေ့ ဗုံး (၅) လုံးကြဲသွားပါတယ်။ နောက် တနေ့ (၄)လုံး။ (၉) လုံး ကြဲသွားပါတယ်။ လေယာဉ်နဲ့ဗုံးကြဲတာ ပိုပြီးကြောက်ဖို့ ကောင်း ပါတယ်။”

တပ်မတော်ဖက်ကတော့ ပလက်ဝဒေသတိုက်ပွဲအတွင်း ရဟတ်ယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်တာ မလုပ်ခဲ့ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို မနေ့က ပြောဆိုခဲ့ပါတယ်။

“ဟိုကျနော်တို့ဘက်ကလည်း အဲဒီပလက်ဝဘက်မှာ ခုနပြောတဲ့စွပ်စွဲတာ ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာတို့ မီးရှို့ တာတို့ တခုမှလည်းမလုပ်ခဲ့ဘူး။”

မနှစ်ကနိုဝင်ဘာလကုန်ကစလို့ ဒီနှစ်သစ်ဖေဖေါ်ဝါရီလအထိ ရခိုင်ပြည်နယ်နဲ့ ချင်းပြည် နယ် အတွင်းမှာ မြန်မာ့ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးလာပြီး ဒေသခံ(၇,ဝဝဝ)ခန့် စစ်ဘေး တိမ်းရှောင်နေရသလို စားဝတ် နေထိုင်ရေးမှာလည်းအခက်တွေ့နေကြရပါတယ်။

ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့အနေနဲ့ကတော့ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိခိုက်ခံစားနေရသူ ငါးထောင်ကျော်ကို အရေးပေါ် အကူအညီတွေ ပေးနေပေမယ့် မြို့နယ်ငါးမြို့နယ်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ကြက်ခြေနီလုပ်ငန်းတချို့ကို ရပ်နားထားရတယ်လို့ ဖေဖော်ဝါရီလ ၇ ရက်နေ့ က သတင်း ထုတ်ပြန်ထားပါတယ်။

ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ မောင်တောမြို့နယ်တွေမှာ ကုလသမဂ္ဂ အပါအဝင် NGO အဖွဲ့တွေကိုပြီးခဲ့တဲ့ ဇန်နဝါရီလက ပြည်နယ်အစိုးရကနေ ခရီးသွားလာခွင့်နဲ့ လုပ်ငန်းဆောင်ရွက်ခွင့် ကန့်သတ်လိုက်တယ်လို့ဆိုပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရခိုင်ပြည်နယ်စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှု ယူနစ် ညွှန်ကြားရေးမှူး ဒေါ် အေးအေးငြိမ်းကတော့ ကန့်သတ်ထားတဲ့နေရာတွေ ကို လည်း အကူညီပေးဆောင်နေတယ်လို့အခုလိုပြောပါတယ်။

“စစ်ရှောင်တွေနဲ့ပက်သက်ပြီးတော့ ကျမတို့ပေးတဲ့နေရာမှာ လုံခြုံရေးအခြေအနေအရ ပေါ့နော်။ စစ်ရှောင်တွေ ရှိတယ်ဆိုရင် သွားတွေ့ဖို့ကို ကျမတို့က နယ်မြေခံမြို့နယ် အုပ်ချုပ်ရေးမှူးဆီကို အကြောင်းကြားရပါတယ်။ မြို့ နယ်အုပ်ချုပ်ရေးမှူးကတဆင့် ဒီရွာကတော့ တိုက်ရိုက် ဒီ IDP တွေရှိတဲ့အထိကိုသွားလို့ရတယ်ဆိုရင် ကျမတို့ တိုက်ရိုက် သွားပို့ပါတယ်။ တချို့နေရာကျတော့လည်း လုံခြုံရေးက သွားလို့မရဘူးဆိုရင် ကျမတို့ transit လို့ မရဘူးပေါ့နော်။ အဲဒီလိုတချို့ရွာတွေမှာ ကျမတို့ကပစ္စည်းပေးတယ်။ ဟိုက လူတွေက တာဝန်ခံလူတွေက လာ ယူတယ်။ ကျမတို့ ပေးလို့မရတာတော့မရှိပါဘူး။ အခက်ခဲဆိုတာကတော့ လုံခြုံရေးအပေါ်မှာပဲ မူတည်ပါတယ်။”

လက်ရှိကျောက်တော်မြို့နယ်အထက်ပိုင်းနဲ့ပလက်ဝမြို့နယ်တွေမှာတော့ အကူအညီ ပေးဆောင်နိုင်တာ မရှိဘူး လို့လည်း ပလက်ဝအကူညီပေးအဖွဲ့တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်းမှာ တပ်မတော်နဲ့ AA တို့အကြား စစ်ရေးပဋိပက္ခ ပြင်းထန် နေဆဲဖြစ်ပြီး စစ်ရှောင်ထွက်ပြေးတဲ့ ဒေသခံအရေအတွက် ပိုများလာနေသလို လုံခြုံရေးအရစစ်ဆေးမှုတွေ ကလည်း ပိုမိုတင်းကျပ်လာနေတဲ့ အခြေအနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG