သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလက်ဝ စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်ရေး ပြည်နယ်ကောင်စီဆောင်ရွက်


ပလက်ဝ palatwa
ပလက်ဝ palatwa

Zawgyi/Unicode

ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ပြည်နယ်ကောင်စီဘက်က ဆောင်ရွက်နေပေမယ့် စစ်ဘေးဒုက္ခသည်တွေအနေနဲ့ နေရပ်ပြန်ဖို့အရေး စိုးရိမ်နေကြတယ်။ ဒါ့အပြင် ပလက်ဝမြို့နယ်မှာ လက်ရှိအချိန်ထိ ကုန်လမ်း ရေလမ်းတွေကို စစ်တပ်က ထိန်းချုပ်ထားတာကြောင့် ကုန်စည်စီးဆင်းမှုတွေ နည်းပါးနေပြီး စားနပ်ရိက္ခာအခက်ကြုံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းအပြည့်အစုံကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

အင်တာနက်ဝန်ဆောင်မှု ယာယီရပ်ဆိုင်းခံထားရတဲ့ ပလက်ဝမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီက နေရပ်ပြန်ဖို့ ဒီလအတွင်းမှာပဲ ညွန်ကြားလာတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။ စစ်ဘေးဒက္ခသည်တွေ နေရပ်ပြန်ဖို့အတွက် စိစစ်ဆောင်ရွက်နေတယ်လို့လည်း ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းကပြောပါတယ်။


“အဓိကတော့ သူတို့ပြန်ဖို့အတွက်ကိုပေါ့နော်။ ပြည်နယ်အစိုးရက နိုင်ငံတော် အစီအစဉ်နဲ့ စာရင်းကောက်ထားတာရှိတယ်။ ပြန်နေမယ့်နေရာတွေမှာ အဆောက်အဦးတွေ လုံး ဝမကောင်းတာရှိရင် အသစ်ဆောက်ဖို့အတွက်ပေါ့လေ။ နောက် ပြင်ဆင်စရာရှိရင် ပြင်ဆင်မယ့်ဟာပေါ့လေ။ တချို့ကျတော့ အဆောက်အဦးကောင်းရင် ကောင်းတဲ့ဟာပေါ့ လေ။ အဲလို သုံးမျိုးလောက်ခွဲထားပြီးတော့ မြေပြင်စစ်ဆေးပြီးတော့ ဘတ်ဂျက်တွေ တင်ထားတယ်လေ။ အခုဘတ်ဂျက်က ရပြီပေါ့နော်။ အဲဒီတော့ သူတို့ရွှေ့ပြောင်းရေးကိစ္စကို ပြန်စိစစ်နေပါတယ်ဗျာ။ သူတို့သွားရင်လည်း အိမ်တွေဘာတွေ စနစ်တကျနဲ့နေလို့ရအောင် စိစစ် ဆောင်ရွက်နေပါတယ်။ ဘတ်ဂျက်ကတော့ ရပြီပေါ့နော်။”

စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် အာဏာပိုင်တွေဘက်က မိုင်းရှင်းလင်းပေးတာတွေနဲ့ နေအိမ်တွေကို ပြုပြင်ပေးတာတွေနဲ့အမြန်ဆုံးနေရပ်ပြန်နိုင်ရေး လုပ်ဆောင်နေတယ်လို့လည်း ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒါပေမယ့်လည်း စစ်ဘေးဒုက္ခသည်တွေအနေနဲ့ ကျေးရွာအနီးအနားတွေမှာ တပ်မတော်တပ်ဖွဲ့တွေ တပ်စွဲထားတာတွေရှိနေတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်နေကြသလို နေရပ်ပြန်ရောက်ရင် စားဝတ်နေရးအတွက်လည်း စိုးရိမ်မှုတွေ ရှိနေကြတာပါ။

“ကုန်ပစ္စည်းတွေကလည်း ပြတ်လပ်တဲ့အနေအထားပဲ တွေ့မြင်နေရတယ်။ ကျန်းမာရေးမကောင်းလို့ ဆေးခန်းပြဖို့ ရခိုင်ပြည်နယ်ဘက်ကို သွားမယ်ဆိုရင်တောင် စစ်တွေတို့၊ ရန်ကုန်တို့ဆိုရင် တပတ်လောက် ကြိုတင်ပြီး ခွင့်တင်ရင်တောင်မှ စစ်ကောင်စီဘက်က ခွင့်ပြုချက်မပေးတာကိုလည်း တွေ့မြင်နေရတယ်။” (ပလက်ဝ ဒေသခံ)


နေရပ်ပြန်ရင် ဘာလုပ်ကိုင်စားသောက်ရမလဲဆိုတာကိုမသိသလို သွားရေးလာရေးတွေလည်း ကန့်သတ်ထားတာကြောင့် ပြန်မယ်ဆိုရင်တောင် အစစအရာအရာ စိုးရိမ်နေရတယ်လို့ ပလက်ဝမြို့နယ် အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တဦးကပြောပါတယ်။

“အခက်အခဲရှိတာက ကျနော်တို့ ရွာပတ်ဝန်းကျင်မှာဆိုရင် စစ်တပ်တွေက ပတ်ချာလည် ရှိတယ်။ အဲလိုမျိုးတွေပေါ့။ ဒီကြားထဲမှာ တစုံတခုပြဿာနာဖြစ်လာရင် ကျနော်တို့ဘက်ကို ပြန်လှည့်လာမှာ စိုးရိမ်တာပေါ့။ စိုးရိမ်စရာတွေကတော့ အများကြီးပေါ့။ အကုန်လုံးကို စိုးရိမ်ရတယ်။ စားဝတ်နေရေးကိစ္စတွေ၊ ပြန်လည်ထူထောင်ရေး ကိစ္စရယ်၊ ပြီးတော့ သွားရေး လာရေးကိစ္စတွေ အကုန်လုံးစိုးရိမ်ရတယ်။ ဒီကြားထဲ ပလက်ဝ-ကျောက်တော်လမ်းလည်း အရင်ကလို သွားလို့ လာလို့ရတဲ့ လမ်းလည်း မဟုတ်ဘူး။ အခက်အခဲတွေတော့ တော်တော် ရှိကြတယ်။”
ဒါ့အပြင် ပလက်ဝမြို့နယ်မှာ ကုန်လမ်းရေလမ်းတွေမှာလည်း တပ်မတော်ဘက်ကအသွားအလာကန့်သတ်ထားသလိုကုန်စည်စီးဆင်းမှုလည်း မရှိသလောက်နည်း ပါးနေတာကြောင့် ပြည်သူတွေ စားနပ်ရိက္ခာပြတ်လပ်နေရတယ်လို့လည်း ပလက်ဝဒေသခံတဦးကပြောပါတယ်။

“စားဝတ်နေရေးကတော့ လုံးဝကို အဆင်မပြေတဲ့ အနေအထားပါပဲ အကို။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ရခိုင်ပြည်နယ်၊ကျောက်တော်မြို့ကို မှီခိုပြီးတော့ စားသောက်နေရတာဆိုတော့ လိုင်း စက်လှေတွေမထွက်ဘူးဆိုတော့ ဈေးက ပြောရမယ်ဆိုရင် အဆမတန် ဈေးကြီးပြီးတော့ စားနေရတဲ့ အနေအထားဖြစ်နေတယ်အကို။ ပြီးတော့ အခု လက်လုပ်လက်စားတွေကလည်း လုံးဝကို အဆင်မပြေတဲ့ အနေအထားဖြစ်လာတယ်။ စက်လှေတွေကလည်း ပုံမှန်မရှိတော့ဘူး။ ပြောမယ်ဆိုရင် ကုန်တင်ဘုတ်တွေ ရောက်တာက တပတ်မှ တရက်နှစ်ရက်လောက်ပဲ ရောက်တယ်။ ပြီးတော့ ကုန်ပစ္စည်းတွေကလည်း ပြတ်လပ်တဲ့အနေအထားပဲ တွေ့မြင်နေရတယ်။ ပြောရရင် ကျန်းမာရေးမကောင်းလို့ ဆေးခန်းပြဖို့ ရခိုင်ပြည်နယ်ဘက်ကို သွားမယ်ဆိုရင်တောင် စစ်တွေတို့၊ ရန်ကုန်တို့ဆိုရင် တပတ်လောက် ကြိုတင်ပြီး ခွင့်တင်ရင်တောင်မှ စစ်ကောင်စီဘက်က ခွင့်ပြုချက်မပေးတာကိုလည်း တွေ့မြင်နေရတယ်အကို။”


ပလက်ဝမြို့နယ်မှာ လက်ရှိအချိန်ထိ စစ်ဘေးဒုက္ခသည်တွေ သောင်းနဲ့ချီရှိနေပြီး ပြီးခဲ့တဲ့ ၂၀၁၈အကုန်ပိုင်းလောက်က ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာကြသူတွေလည်း ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်ကုန်ပိုင်းက ရခိုင်လက်နက်ကိုင် AA နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်ခဲ့ချိန်ကတည်းက ပလက်ဝမြို့နယ်ကနေ ရခိုင်ပြည်နယ်ထဲက တခြားမြို့နယ်တွေဆီ အသွားအလာကို စစ်တပ်က ကန့်သတ်ထားပါတယ်။ အထူးသဖြင့် ပလက်ဝအတွက် ကုန်စည်စီးဆင်းရာ အဓိကဖြစ်တဲ့ ကျောက်တော်မြို့နယ်ကို သွားလာလို့မရ ဖြစ်နေတာကြောင့် အခက်ကြုံနေကြရတာပါရှင်။

တိုက်ရိုက် လင့်ခ်


=====

Unicode







XS
SM
MD
LG