တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာမှာ စက်လှေတိမ်းမှောက်ပြီးနောက် စက်လှေပြေးဆွဲချိန် မနက်ပိုင်းပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကုန်းလမ်းသွားလာရေး ခက်ခဲနေချိန်မှာ ရိက္ခာမပြတ်စေဖို့ ရေကြောင်းကနေ ကုန်စည်သယ်ယူနေရတယ်လို့ ပြောပါတယ်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြားက ဒေသခံတွေရဲ့ စားနပ်ရိက္ခာ သယ်ယူနေရတဲ့အခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။
ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာကနေ မြိတ်ကိုပြေးဆွဲတဲ့ စက်လှေတိမ်းမှောက်ပြီး သေဆုံးသူနဲ့ ပျောက်ဆုံးသူတွေ ရှိခဲ့တဲ့နောက် စက်လှေပြေးဆွဲချိန်ကို မနက်ပိုင်း ပြောင်းလဲလိုက်တယ်လို့ ကျောက္ကာရွာခံတဦးက ပြောပါတယ်။ အရင်က ည ၉ နာရီဝန်းကျင် စက်လှေပြေးဆွဲတာကနေ အခု မနက်ပိုင်းအချိန် ပြောင်းလဲသတ်မှတ်လိုက်ပေမယ့် ခရီးသည်သိပ်မရှိဘဲ၊ ကုန်စည်လောက်သာ မှာကြတယ်လို့ ပြောပါတယ်။
"စက်လှေကတော့ ပြန်ထွက်နေတယ်။ ဒါပေမဲ့ နေ့ဘက်ဖြစ်သွားပြီ။ ည မဟုတ်တော့ဘူး။ လူကတော့ သိပ်မပါဘူး။ အခုက ပစ္စည်းလောက်ပဲ နည်းနည်းပါးပါး သယ်ခိုင်းတာ။ လှေနဲ့မသွားရင်လည်း မရဘူးလေ။ ရွာမှာ ရိက္ခာပြတ်သွားမှာ ကြောက်လို့လေ။ အဲဒါကြောင့် ပစ္စည်းလေးတွေ နည်းနည်းပါးပါး သယ်ကြတယ်။ လူကတော့ သိပ်မပါဘူး။ အချိန်ကတော့ အခုက မနက်ပိုင်းထွက်ပြီးတော့ မြိတ်မှာညအိပ်ပြီးမှ မနက်စောစော မြိတ်ကနေပြီးတော့ ပြန်ထွက်။ အဲလိုမျိုး။"
ကျောက္ကာရွာကနေ မြိတ်ကိုပြေးဆွဲတဲ့စက်လှေ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့က တိမ်းမှောက်နစ်မြုပ်ပြီး ကလေးငယ်တွေ အပါအဝင် ခရီးသည်စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့တာပါ။ ဒေသခံတွေနဲ့ မြိတ်မြို့က ပရဟိတအဖွဲ့တွေ ပူးပေါင်းရှာဖွေခဲ့ပေမယ့် စက်လှေနဲ့အတူ နစ်မြုပ်သွားတဲ့ ခရီးသည်တချို့ကတော့ ပျောက်ဆုံးနေပါတယ်။
ပုလောမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ဒေသတွင်းတော်လှန်ရေး အဖွဲ့တွေ တိုက်ပွဲပြင်းထန်နေချိန် မြိတ် - ပုလော - ထားဝယ် ကားလမ်းကို အသွားအလာပိတ်ထားခဲ့တာပါ။ အဲဒီလိုအချိန်မှာ ရေလမ်းကြောင်းကနေ ပြောင်းလဲသွားလာရင်း စက်လှေတိမ်းမှောက်တဲ့အထိ ဖြစ်စဉ်မျိုး ကြုံတွေ့ခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲပြင်းထန်လို့ သီတင်းတပတ်ကျော်ကြာ ပိတ်ထားခဲ့တဲ့ ကားလမ်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က ပြန်ဖွင့်ပေးခဲ့ပေမယ့် တိုက်ပွဲတကျော့ပြန် ဖြစ်ပွားပြီး ၂ ရက်အကြာမှာ အသွားအလာ ပြန်ပိတ်လိုက်တယ်လို့ ပြောပါတယ်။
"လမ်းပိုင်းကတော့ အရင်က ၂ရက်၊ ၃ရက် ပြန်ဖွင့်ပြီးတော့ မနေ့က ပြန်ပိတ်ထားတယ်လို့ ကြားတယ်။"
တနင်္သာရီတိုင်းထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတာနဲ့ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့တာတွေလည်း ရှိနေတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ တိုက်ပွဲပြင်းထန်လို့ အသွားအလာခက်ခဲနေချိန်မှာ ကုန်စည်သယ်ယူခွင့်ကိုလည်း ကန့်သတ်ခံထားရတာပါ။ ဒီလိုအခြေအနေတွေကြောင့် ဒေသခံတွေဟာ အခြေခံစားသောက်ကုန် ပြတ်လတ်မှာကို စိုးရိမ်နေကြပြီး၊ ဆန်နဲ့ စားသောက်ကုန်တချို့ကိုလည်း စျေးကြီးပေးဝယ်နေရတဲ့ အခြေအနေမျိုး ကြုံနေရတယ်လို့ ပြောပါတယ်။
Forum