သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်း ကုလအဖွဲ့ဝင်ဖြစ်ရေး လုံခြုံရေးကောင်စီ သဘောမတူ


ပါလက်စတိုင်း ကုလအဖွဲ့ဝင်ဖြစ်ရေး လုံခြုံရေးကောင်စီ သဘောမတူ

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အပြည့်အ၀ဖြစ်ပေါ်လာဖို့အတွက် ပါလက်စတိုင်းရဲ့ ကြိုးပမ်းချက်ဟာ အဖွဲ့ဝင်သစ် ကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်နေတဲ့ လုံခြုံရေးကောင်စီကော်မတီရဲ့ ထောက်ခံမှုကိုမရခဲ့ပါဘူး။ သောကြာနေ့ကချမှတ်ခဲ့တဲ့ အဲဒီဆုံးဖြတ်ချက်ဟာ မမျှော်လင့်ထားတဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးလို့ ကုလသမဂ္ဂရုံးချုပ်ကနေ ဗွီအိုအေသတင်းထောက် Margaret Besheer ရဲ့ သတင်းပေးပို့ချက်ကို အပြည့်အစုံကို ကိုရန်နိုင်က တင်ပြထားပါတယ်။

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီရဲ့ ကော်မတီက ပါလက်စတိုင်းကို အဖွဲ့ဝင်အဖြစ်လက်ခံဖို့ တညီတညွတ်တည်း အကြံပြုထောက်ခံတာမျိုးကို လုံခြုံရေးကောင်စီကို ပေးပို့ဖို့မဖြစ်နိုင်တဲ့အကြောင်း အစီရင်ခံစာကို ပြောကြားဖို့အတွက် ဒီကော်မတီက သောကြာနေ့မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ အခုအခါမှာ ကော်မတီက အဲဒီအစီရင်ခံစာကို လုံခြုံရေးကောင်စီကို ပေးပို့သွားမှာဖြစ်ပြီး အဲဒီကနေ ဘာဆက်လုပ်သွားမယ် ဆိုတာကို ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

အစ္စရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေတဲ့အတွက် စိတ်ပျက်နေတဲ့ ပါလက်စတိုင်းတွေက နိုင်ငံအဖြစ်ရပ်တည်ဖို့အတွက် ကုလသမဂ္ဂကနေတဆင့် ပြီးခဲ့တဲ့စက်တင်ဘာလမှာ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်အပါအ၀င် အဖွဲ့ဝင်နိုင်ငံအတော်များများကတော့ နိုင်ငံအဖြစ်ရပ်တည်ဖို့အတွက် တခုတည်းသော နည်းလမ်းကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းသံတမန် ရီးယဒ်မန်ဆူအာ (Riyad Mansour) ကတော့ ပါလက်စတိုင်း အစိုးရအနေနဲ့ သောကြာနေ့က ဆုံးဖြတ်ချက်ကို အဲဒီလို ဆုံးဖြတ်ဖို့ မမျှော်လင့်ထားကြောင်း၊ ဒါပေမဲ့ သူတို့အနေနဲ့ လက်လျှော့မှာမဟုတ်ဘူးလို့ ပြောပါတယ်။

“ကံမကောင်းစွာဘဲ အခုအချိန်မှာ ဒါဟာ လက်တွေ့ဖြစ်မလာခဲ့ပါဘူး။ လုံခြုံရေးကောင်စီမှာ ပါလက်စတိုင်းကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံတဲ့အချိန် ရောက်တဲ့အထိ ကျနော်တို့အနေနဲ့ စုပေါင်းပြီး ပိုလုပ်သွားရမှာဖြစ်သလို ဆက်လုပ်သွားဖို့လည်း ပိုပြီး စိတ်ပိုင်းဖြတ်ထားပါတယ်။”

ပါလက်စတိုင်းတွေအနေနဲ့ ရွေးချယ်စရာနည်းလမ်းတွေ အများအပြားတော့ရှိပါတယ်။ သူတို့အနေနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေထဲက လက်ဘနွန်နဲ့ တောင်အာဖရိကလို ဖြစ်နိုင်ချေရှိတဲ့နိုင်ငံတွေကို လုံခြုံရေးကောင်စီအတွင်းမှာ မဲခွဲဆုံးဖြတ်ဖို့အတွက် တောင်းဆိုခိုင်းတာမျိုး တောင်းဆိုနိုင်ပါတယ်။ တကယ်လို့ သူတို့က အဲဒီလိုလုပ်မယ်ဆိုရင်တော့ ကျိန်းသေပေါက် အောင်မြင်မှာမဟုတ်ဘူးလို့ သံတမန်တွေက ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပါလက်စတိုင်းအနေနဲ့ လိုအပ်တဲ့ ထောက်ခံမဲ ၉ မဲရမယ်လို့ မထင်တဲ့အပြင် တကယ်လို့ရခဲ့ရင်လည်း အမေရိကန်က ဗီတိုသုံးပြီး ပယ်ချနိုင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပါလက်စတိုင်းတွေအနေနဲ့ လေ့လာသူအဖြစ်နဲ့ တက်ရောက်နေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ မှာ မဲခွဲဆုံးဖြတ်ဖို့လုပ်နိုင်ပြီး တကယ်လို့ အဲဒီကနေ အများစုထောက်ခံမဲ ၃ ပုံ ၂ ပုံရမယ်ဆိုရင် လက်ရှိ ရှိနေတဲ့အဆင့်ကနေ တဆင့်မြင့်ပြီးတော့ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ လေ့လာသူအဖြစ် တိုးမြင့်ရရှိလာမှာ ဖြစ်ပါတယ်။ အဲဒီလိုဆိုရင် သူတို့အနေနဲ့ ကုလသမဂ္ဂရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်နိုင်ဖို့အတွက် စွမ်းရည်တွေ တချို့ကို ကျယ်ပြန့်အောင်လုပ်လာနိုင်ပြီး နိုင်ငံတကာ သဘောတူစာချုပ်တချို့မှာ ပါဝင်လက်မှတ်ထိုးနိုင်တာမျိုး လုပ်နိုင်မှာပါ။

သံအမတ်ကြီး မန်ဆူအာ ကတော့ ရွေးချယ်ရမယ့်နည်းလမ်း အားလုံးကိုတော့ စဉ်းစားနေပြီး ပါလက်စတိုင်း ဦးဆောင်မှုနဲ့အတူ အာရပ်နဲ့ တခြားမိတ်ဆွေနိုင်ငံတွေနဲ့ ပေါင်းပြီး ဘယ်လမ်းကြောင်းကို ရွေးချယ်ရမယ် ဆိုတာကို လာမယ့်သီတင်းပတ်တွေအတွင်းမှာ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG