သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်း ပြိုင်ဘက်နှစ်ဖွဲ့ ပူးပေါင်း အစိုးရဖွဲ့မည်


ပါလက်စတိုင်း ပြိုင်ဘက်နှစ်ဖွဲ့ ပူးပေါင်း အစိုးရဖွဲ့မည်
ပါလက်စတိုင်း ပြိုင်ဘက်နှစ်ဖွဲ့ ပူးပေါင်း အစိုးရဖွဲ့မည်

ပါလက်စတိုင်း သမ္မတ မာမွတ်အာဘက်စ် (Mahmoud Abbas) ဦးဆောင်တဲ့ ညီညွတ်တဲ့ ကြားဖြတ် အစိုးရတစ်ရပ်ကို ဖွဲ့စည်းဖို့ ပါလက်စတိုင်း ပြိုင်ဘက်အဖွဲ့နှစ်ခု ဖြစ်တဲ့ ဖာတာ နဲ့ ဟားမက်စ်အဖွဲ့တွေက ခေါင်းဆောင်တွေက ကြေညာလိုက်ပါတယ်။ လက်ရှိ သမ္မတ မစ္စတာ အာဘက်စ် နဲ့ ဟားမက်စ် အစ္စလာမ် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ခါလက်မီရှာလ် (Khaled Meshaal) တို့က သီးခြား လွတ်လပ်တဲ့ ပညာရှင်တွေ ပါဝင်တဲ့ အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ တနင်္လာနေ့က ကြေညာပါတယ်။ အချိန်ဇယား အသေအချာ မဆွဲရသေးပေမဲ့ ဒါဟာ ဒီနှစ်နှောင်းပိုင်း သမ္မတနဲ့ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့အတွက် လမ်းကြောင်း ဖော်ဆောင်တာလို့ ပြောပါတယ်။

ပါလက်စတိုင်း ပြိုင်ဘက်အဖွဲ့ နှစ်ဖွဲ့ကြား ဆွေးနွေးပြောဆိုမှုတွေ လုပ်နိုင်ဖို့ ကာတာက ဘာသာရေးခေါင်းဆောင် ရှိက်ဟာမတ် ဘင်ခါလီဖာ အယ်လ်သာနီ (Sheikh Hamad bin Khalifa al-Thani) က ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပြီး နှစ်ဘက်ခေါင်းဆောင်တွေဟာ ဒိုဟာ ဆွေးနွေးပွဲမှာ အခုလို သဘောတူညီမှု ရခဲ့ကြောင်း ကြေညာခဲ့ကြတာပါ။ ဖာတာ နဲ့ ဟားမက်စ် အဖွဲ့နှစ်ဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ပြန်လည် ပေါင်းစည်းရေးအတွက် သဘောတူညီမှုတွေ ရခဲ့ပေမဲ့ ဝန်ကြီးချုပ်ကို ဘယ်သူ့ကို ခန့်မယ်ဆိုတာအတွက် အခြေအတင် ဖြစ်ခဲ့ကြတာပါ။ အနောက်နိုင်ငံတွေက ကျောထောက်နောက်ခံ ပေးထားတဲ့ လက်ရှိ ဝန်ကြီးချုပ် ဆလမ် ဖေးယဒ် (Salam Fayyad) ကတော့ ကြားဖြတ်အစိုးရ ဖွဲ့တဲ့အခါ နုတ်ထွက်ပေးရမှာ ဖြစ်ပါတယ်။

အခုလို သဘောတူညီမှု ရခဲ့တာအတွက် ဝမ်းသာကြောင်း မစ္စတာ ဖေးယဒ် က ပြောကြားခဲ့ပြီး ဂါဇာဒေသအတွက် ဝန်ကြီးချုပ်သစ်အဖြစ် ဟားမက်စ်က အစ္စမေးလ်ဟာနီယာ (Ismail Haniyeh) ကို ခန့်အပ်ဖို့အတွက် သဘောတူခဲ့ပါတယ်။ ဒီ သဘောတူညီချက်သစ်ကို အကောင်အထည် ဖော်ဖို့ နှစ်ဘက်စလုံးက စိတ်အားထက်သန်နေကြပြီး ဒီလို ပေါင်းစည်းတာဟာ ဘုံရန်သူဖြစ်တဲ့ အစ္စရေးလက်က လွတ်အောင်လုပ်ဖို့လို့ မစ္စတာ မီရှာလ်က ပြောပါတယ်။

ဟားမက်စ်တွေက အစ္စရေးကို ချေမုန်းဖို့အတွက် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုထားကြပေမဲ့ အပစ်အခတ် ရပ်စဲရေးအတွက်တော့ လမ်းဖွင့်ထားတယ်လို့ ဆိုပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နာတန်ယာဟူး (Benjamin Netanyahu) ကတော့ ပါလက်စတိုင်းရဲ့ အခု သဘောတူညီချက်ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ ဟားမက်စ်ကို ရွေးမလား၊ ငြိမ်းချမ်းရေးကို ရွေးမလားလို့လည်း မစ္စတာ အာဘက်စ် ကို မေးခွန်းထုတ်ခဲ့ပါတယ်။

XS
SM
MD
LG