သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းနိုင်ငံ ဖြစ်လာတော့မလား


ပါလက်စတိုင်းနိုင်ငံ ဖြစ်လာတော့မလား
ပါလက်စတိုင်းနိုင်ငံ ဖြစ်လာတော့မလား

အမေရိကန်နဲ့ အစ္စရေးကဆန့်ကျင်နေပေမဲ့ ပါလက်စတိုင်း နိုင်ငံတော်ကို အသိအမှတ်ပြုဖို့ ပါလက်စတိုင်း ခေါင်းဆောင် မာမွတ် အဘာ့စ် (Mahmoud Abbas) က ကုလသမဂ္ဂမှာ တောင်းဆိုလိုက်ပါတယ်။

တက်ရောက်လာကြသူတွေက မတ်တတ်ရပ် ဂုဏ်ပြု လက်ခုပ်သြဘာ ပေးကြပြီးတဲ့နောက် ပါလက်စတိုင်း ခေါင်းဆောင်က အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောကြားရာမှာ အစ္စရေးကို နယ်မြေသိမ်းပိုက်ထားတဲ့ အင်အားအဖြစ် သုံးနှုန်းပြောဆိုသွားပြီး ပါလက်စတိုင်း နယ်မြေကို ထိန်းချုပ်ထားတာဟာ ကိုလိုနီနယ်မြေ အဖြစ် အခြေချနေထိုင် သိမ်းပိုက်မှုဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

အစ္စရေးက ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ဆန့်ကျင်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး မတိုးတက်နိုင်ဘူးလို့ သူက ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နာတန်ယာဟူး (Benjamin Netanyahu) က နောက်ပိုင်း စကားပြောရာမှာ နှစ်ဘက်လုံးက သဘောတူညီချက် ရရှိဖို့ အလေးအနက် ရှိတယ်ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ကုလသမဂ္ဂမှာ ချက်ချင်းစနိုင်တယ်လို့ ပြောသွားပါတယ်။ ကုလသမဂ္ဂ ဆုံးဖြတ်ချက်အားဖြင့် ငြိမ်းချမ်းရေး မဖြစ်ပေါ်နိုင်ဘူး ဆိုတဲ့ အစ္စရေးရဲ့ ရပ်တည်ချက်ကို သူက ထပ်မံ အတည်ပြု ပြောသွားပါတယ်။

တိုက်ရိုက်ဆွေးနွေးဝိုင်းကို ပြန်စဖို့ ငြင်းဆိုနေတဲ့အတွက် ပါလက်စတိုင်းတွေကို မစ္စတာ နာတန်ယာဟူးက အပြစ်တင်လိုက်ပါတယ်။ အဓိက ပြဿနာက အစ္စရေးရဲ့ အခြေချနေထိုင်မှု တိုးချဲ့လာတာမဟုတ်ဘဲ ဂျူးနိုင်ငံတော်ကို ပါလက်စတိုင်းက လက်ခံဖို့ ငြင်းဆိုနေတာပဲ ဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂမှာ နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ သမ္မတ မာမွတ် အဘာ့စ်က အဆိုတင်သွင်းလိုက်တဲ့ သတင်းကို ကြားလိုက်ကြတာနဲ့ ပါလက်စတိုင်း ပြည်သူတွေဟာ သောကြာနေ့က အားရဝမ်းသာ ဟစ်ကြွေးခဲ့ကြပါတယ်။

သမ္မတ မာမွတ် အဘာ့စ် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြား တောင်းဆိုလိုက်တာကို ဧရာမ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်မှာ ကြည့်ရှုကြဖို့အတွက် ထောင်ချီတဲ့ လူတွေဟာ အနောက်ဘက်ကမ်းမှာရှိတဲ့ မြို့ ရဲ့ ဗဟို အချက်အချာ နေရာတွေမှာ လာရောက် စုဝေးခဲ့ကြတာပါ။

ကားတွေမှာ ပါလက်စတိုင်း အလံတွေကို လွှင့်ထူထားကြပြီး လူတွေက မစ္စတာ အဘာ့စ်နဲ့ ကွယ်လွန်သူ ခေါင်းဆောင် ယာဆာ အာရာဖတ် တို့ရဲ့ ပုံတွေကို အနောက်ဘက်ကမ်း မြို့တော် ရာမာလာ မြို့ ရဲ့ လမ်းတွေပေါ်မှာ ကိုင်စွဲ လမ်းလျှောက်ခဲ့ကြတာပါ။

မစ္စတာ အဘာ့စ်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နာတန်ယာဟူးတို့ အဖွဲ့ဝင် နိုင်ငံ ၁၉၃ နိုင်ငံပါတဲ့ နယူးယောက်မြို့တော်မှာ စကားမပြောမီမှာ လက်နက်တွေ တပ်ဆင်ထားကြတဲ့ အစ္စရေး ပါလက်စတိုင်း စစ်ဆေးရေး ဂိတ်တွေမှာ တင်းမာနေခဲ့ပါတယ်။

ပါလက်စတိုင်းတွေ နဲ့ ဂျူး အခြေချနေထိုင်သူတွေကြား ထိပ်တိုက် တွေ့ကြပြီးတဲ့နောက် အနောက်ဘက်ကမ်းက Nablus အနီးမှာ အစ္စရေးတပ်က ပစ်ခတ်ခဲ့တာကြောင့် ပါလက်စတိုင်း အမျိုးသားတစ်ယောက် သေဆုံးခဲ့ရပါတယ်။

ဒီအချိန်မှာပဲ အရှေ့ဂျေရူစလမ် နဲ့ ရာမာလာအနီး နယ်စပ်မှာ ပါလက်စတိုင်း ဆန္ဒပြသူတွေက အစ္စရေးတပ်တွေကို ကျောက်ခဲတွေနဲ့ ပစ်ခဲ့ကြတာကြောင့် အချင်းများတာတွေ ဖြစ်ခဲ့ကြပါတယ်။

XS
SM
MD
LG