သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ အဖွဲ့ဝင်တွေကို ကန်ခြိမ်းခြောက်နေသလား


ကုလသမဂ္ဂမှာ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley ဂါဇာအရေးဆွေးနွေးနေစဉ်။ ( မေ ၁၅-၂၀၁၈)
ကုလသမဂ္ဂမှာ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley ဂါဇာအရေးဆွေးနွေးနေစဉ်။ ( မေ ၁၅-၂၀၁၈)

ကုလသမဂ္ဂအဖွဲ့ဝင်တွေအနေနဲ့ အမေရိကန်အစိုးရအပေါ် ထောက်ခံအောင် ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က ခြိမ်းခြောက်နေတယ်လို့ ပါလက်စတိုင်း ထိပ်တန်းတာဝန်ရှိသူ Hanan Ashrawi ကစွပ်စွဲလိုက်ပါတယ်။ ကုလသမဂ္ဂ မဲခွဲဆုံးဖြတ်မှုတွေမှာ အမေရိကန်ရဲ့ ဆန္ဒကိုဆန့်ကျင်မဲပေးတဲ့ နိုင်ငံတွေကို စောင့်ကြည့် စာရင်းမှတ်မယ်လို့ Haley ကပြီးခဲ့တဲ့နှစ်က ပြောကြားခဲ့တာဖြစ်ပါတယ်။ လတ်တလောဂါဇာဒေသမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ပါတ်သက်တဲ့သတင်းစာရှင်းပွဲမှာ Hanan Ashrawi က အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေကို လွယ်လွယ်နဲ့ မဖြုံတဲ့နိုင်ငံတွေရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ VOA သတင်းထောက် Zlatica Hoke ရဲ့သတင်းကို မစုမြတ်မွန်က တင်ပြထားပါတယ်။

ဂါဇာဒေသ အစ္စရေးနဲ့ ပါလက်စတိုင်းနယ်စပ်မှာ အခုတနင်္လာနေ့က အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်နှိမ်နှင်းမှုကြောင့် ပါလက်စတိုင်းဆန္ဒပြသူ ၆၀ ကျော် သေဆုံးပြီး ၂ ထောင့် ၇ ရာကျော် ထိခိုက်ဒဏ်ရာရခဲ့တဲ့အပေါ် ကမ္ဘာ့ခေါင်းဆောင်တော်တော်များများနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက အစ္စရေးအပေါ် အပြစ်တင်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ အစ္စရေးနိုင်ငံတည်ထောင်ချိန်ကတည်းက အစ္စရေးတို့သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေကို ပြန်ပေးဖို့ ပါလက်စတိုင်းတို့က ဂါဇာနယ်စပ်မှာ သီတင်းပါတ်နဲ့ချီ ဆန္ဒပြနေကြ တာဖြစ်ပါတယ်။ ပါလက်စတိုင်းတို့ရဲ့ ဆန္ဒပြမှုက အစ္စရေးကို အန္တရာယ်မပြုဘူးလို့ ပါလက်စတိုင်းလွတ်မြောက်ရေး PLO အဖွဲ့ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် Hanan Ashrawi က N.Y မြို့မှာလုပ်တဲ့သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

"ဂါဇာမှာ ပါလက်စတိုင်းတွေ အကြမ်းမဖက်ဆန္ဒပြနေကြတာပါ။ မြင်တွေ့နေတဲ့ မီးရှို့တာတွေ။ မီးခိုးတွေကလည်း လက်ဖြောင့်သေနတ်သမားတွေ သူတို့ကို လှမ်းပစ်လို့ မရအောင် မီးခိုးလုံးတွေနဲ့ အကာအကွယ်ရအောင်လုပ်ကြတာပါ။ ကိုယ့်မြေပေါ်မှာပဲ ကိုယ်လုပ်ကြတာပါ။ အကြမ်းဖက်မှုတွေလုပ်မှ အစ္စရေးတို့ရဲ့ သတ်ဖြတ်တာခံရတာမဟုတ်ပါဘူး။"

အစ္စရေးနဲ့ အမေရိကန်ပြည်ထောင်စုတို့ကတော့ ပါလက်စတိုင်းဆန္ဒပြသူတွေဟာ နယ်စပ်ခြံစည်းရိုးကိုကျော်ပြီး အစ္စရေးပိုင်နက်ထဲဝင်ဖို့ ကြိုးစားကြတဲ့အတွက် တားဆီးတာလို့ပြောပါတယ်။ အမေရိကန်သံရုံးကို Tel Aviv မြို့ကနေ Jerusalem မြို့ကိုပြောင်းရွှေ့ဖွင့်လှစ်တဲ့နေ့မှာ အကြမ်းဖက်မှုတွေဖြစ်အောင် ဂါဇာ ကမ်းမြောင်ဒေသကို ထိန်းချုပ်ထားတဲ့ Hamas ခေါင်းဆောင်တွေက လှုံ့ဆော်ခဲ့တာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကပြောကြားခဲ့ပါတယ်။

"အမေရိကန်သံရုံး ပြောင်းဖွင့်လို့ ဂါဇာမှာ အကြမ်းဖက်မှုတွေဖြစ်တယ်လို့ ပြောကြတာ လုံးဝမှားပါတယ်။ ဘယ်မှာပဲဖြစ်ဖြစ် အစ္စရေးတို့တည်ရှိမှုကို လက်မခံသူတွေက အကြမ်းဖက်မှုတွေကို လုပ်နေကြတာပါ။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတခုအပေါ် ရည်ရွယ်ချက်နဲ့ ဖျက်လိုဖျက်ဆီးလုပ်နေတာ လုံးဝတရားမဝင်ပါဘူး။ လုံခြုံရေးကောင်စီမှာ ဒီအပေါ် ရှုတ်ချတာကလွဲလို့ အချိန်ကုန်ခံပြီး ဆွေးနွေးနေစရာ မလိုပါဘူး။"

ခုလိုသံအမတ်ကြီး Haley ပြောခဲ့တာဟာ အဖြစ်မှန်နဲ့ လွဲနေပြီး သိပ်အန္တရာယ် များတယ်လို့ ပါလက်စတိုင်းထိပ်တန်းတာဝန်ရှိသူ Ashrawi က တုံ့ပြန်ခဲ့ပါတယ်။

"အဓိပြဿနာက အစ္စရေးတို့လုပ်ရပ်အပေါ် အရေးယူမှု တာဝန်ခံမှုကနေ ကင်းလွတ်နေတာပါ။ သံအမတ်ကြီး Haley နဲ့ပါတ်သက်လို့ ဘယ်ကစပြောရမှန်းတောင် မသိပါဘူး။ အမေရိကန်ပြည်ထောင်စု ကိုယ်စားပြုသူတယောက်ပြောတဲ့ စကားတွေက လက်တွေ့နဲ့ ဘယ်လိုမှကို မကိုက်ပါဘူး။"

အမေရိကန်အစိုးရရဲ့ သဘောထားကို ဆန့်ကျင်တဲ့နိုင်ငံတွေရဲ့ နာမည်ကို မှတ်ထားမယ်လို့ ပြီးခဲ့တဲ့နှစ်က သံအမတ်ကြီး Nikki Haley ကတိပြုထားခဲ့တာကိုလည်း ပါလက်စတိုင်းတာဝန်ရှိသူက ဝေဖန်ခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အသံအမတ်ကြီးကို တင်းကြပ်တဲ့ ကမ္ဘာ့ကျောင်းဆရာမတာဝန်ပေးထားတာမဟုတ်ဘူးလို့ သူကဆိုပါတယ်။

"အမေရိကန်ရဲ့ ခြိမ်းခြောက်မှုကို လွယ်လွယ်နဲ့ မကြောက်တဲ့နိုင်ငံတွေ။ နာမည်မှတ်မယ်ဆိုတဲ့ အမေရိကန်ကိုယ်စားလှယ်ရဲ့ ခြိမ်းခြောက်မှုကို မကြောက်တဲ့နိုင်ငံတွေ အများကြီးရှိပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မှန်တဲ့ဖက်က ရပ်တည်မယ်လို့ ကျွန်မအနေနဲ့ ယုံကြည်ပါတယ်။"

ဂါဇာပဋိပက္ခနဲ့ပါတ်သက်တဲ့ အင်္ဂါနေ့က လုံခြုံရေးကောင်စီအရေးပေါ် အစည်းအဝေးမှာ အကြမ်းဖက်မှုအပေါ် စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုတဲ့ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စုက ပိတ်ပင်တားဆီးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG