သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလောင် တအာင်းတပ်နဲ့ အစိုးရတပ် တိုက်ပွဲ ဆက်ဖြစ်


ရှမ်းပြည်နယ် မြေပုံ။
ရှမ်းပြည်နယ် မြေပုံ။
ဒီဇင်ဘာလ ၁၃ရက်နေ့ သောကြာနေ့ မနက်ပိုင်းမှာ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရဲ့မြို့တော် နမ့်ဆန်မြို့နားမှာ မြန်မာတပ်နဲ့ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦးတို့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီဇင်ဘာလထဲ ငြိမ်းချမ်းရေး ဆွေးနွေးဖို့စီစဉ်နေတဲ့ အချိန်မှာပဲ မြန်မာ စစ်တပ်ဘက်က စစ်အင်အား အလုံးအရင်းနဲ့ ချလာတဲ့အတွက် ဒီလအတော အတွင်းမှာကို နှစ်ဖက် ရင်ဆိုင်တိုက်ပွဲတွေ ပြင်းထန်လာနေတာဖြစ်ပါတယ်။ စစ်ရေး တင်းမာနေတဲ့ ရှမ်းပြည်နယ်တွင်းက တိုက်ပွဲနောက်ဆုံးရသတင်း အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

သောကြာနေ့မနက် ကိုးနာရီလောက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ နမ့်ဆန်မြို့အနီးမှာ ဂျုံနန်း(ဇယန်းကြီး) နဲ့ အိုမ်ဝေါင်း(နမ့်ခေး)ရွာနားမှာ ပလောင်လွတ်မြောက်ရေးတပ်ဦး- တအာင်း တပ်မတော် တပ်ရင်း ၁၀၁နဲ့ အစိုးရတပ် ခမရ ၅၀၂ ကြား ရင်ဆိုင် တိုက်ပွဲဖြစ်ပွားတာဖြစ်ပါတယ်။ တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ၄ဦးကျဆုံးပြီး ၈ဦးလောက်ထိခိုက်ဒဏ်ရာရသွားတယ်လို့ တအာင်း တပ်မတော်ရဲ့ ပြန်ကြားရေး တာဝန်ခံ မိုင်အိုက်ကျော်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“တိုက်ပွဲအခြေအနေကတော့ မနက်ကိုးနာရီလောက်ကစပြီး ကျနော်တို့ လှုပ်ရှားတပ်ပေါ့နော်။ လှုပ်ရှားတပ် ၁၀၁ ရှိတယ်။ အစိုးရတပ်ဘက်ကတော့ ၅၀၂ပေါ့။ လှုပ်ရှားနယ်မြေဖြစ်တဲ့ မန်စီဘက်ကနေ နမ့်ဆန်ဘက်အဝင်ပေါ့။ တပ်တွေထိပ်တိုက်တွေ့တယ်ပေါ့။ ကျနော်တို့ဘက်က အကျအဆုံး ထိခိုက်ဒဏ်ရာ ရရှိမှုမရှိပါဘူး။ ၅၀၂ တပ်ဘက်ကတော့ ၄ဦးလောက်၊ ကျဆုံးပြီး ၈ဦးလောက် ဒဏ်ရာရတယ်လို့ ကြားသိရတယ်။”

ပလောင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး
ကော်မတီကြား ဒီဇင်ဘာလအတွင်းမှာကို တွေ့ဆုံဖို့စီစဉ်နေကြချိန်မှာဘဲ ဒီလိုတိုက်ပွဲတွေဖြစ်နေတဲ့ အတွက် အစိုးရအနေနဲ့ ပလောင်အဖွဲ့ကြား မူဆယ်မှာ တွေ့ဆုံစဉ်က မူလ အဆိုပြုထားတဲ့မူတွေကို အလေးထား သင့်တယ်လို့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦးက ပြောဆိုလိုက်ပါတယ်။

“ငြိမ်းချမ်းရေးဆွေးနွေးဖို့က ကျနော်တို့ဘက်က ကြိုဆိုပါတယ်။ မူလက မူဆယ်မှာ တစ်ကြိမ်တွေ့တယ်ပေါ့နော်။ ကျနော်တို့ သြဂုတ်လမှာ၊ မူဆယ်ဆွေးနွေးပွဲပြီးတော့ အစိုးရတပ်တွေက ထိုးစစ်တွေ တအားများလာတယ်။ တအားများလာတော့ တိုက်ပွဲတွေ ရင်ဆိုင်တိုက်မှုတွေ မကြာခဏဖြစ် လာတာပေါ့။ အဲ့လိုပဲ နိုဝင်ဘာထဲမှာ ကျနော်တို့ မြန်မာPeace Center နဲ့ အလွတ် သဘောတွေ့ဖို့ ကျနော်တို့ ချိန်းထားသေးတယ်။ ကျနော်တို့ က နိုဝင်ဘာလထဲ အလုပ်များတော့ ဒီဇင်ဘာလဆန်း ပထမ အပတ်လောက် တွေ့ဖို့ ကျနော်တို့က တွေ့ဖို့ စကားပြန်ထားတယ်။ ကျနော်တို့ဆီ အခုထက်ထိတော့ ဘာမှ အကြောင်းပြန်ကြားတာမရှိသေးပါဘူး။”

ဒီရက်ပိုင်းအတွင်း အစိုးရတပ်တွေက ကေအိုင်အေနဲ့ ပလောင်တပ်ဖွဲ့တွေ ပူးတွဲ စခန်းချထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင်းမှာ မြန်မာတပ်တွေဘက်က စစ်အင်အားတွေ အလုံးအရင်းနဲ့ တိုးချလာလို့ ဒီလိုရင်ဆိုင်တိုက်ခိုက် မှုတွေ ဖြစ်ပေါ်နေတာဖြစ်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေဘက် ကပြောပါတယ်။

“ငြိမ်းချမ်းရေးကမ်းလှမ်းတာ တွေ့ဆုံဖို့လုပ်တာက တပိုင်းပေါ့နော်။ တဖက်ကလည်း ဆွေးနွေးလိုတယ်ပေါ့။ တဖက်ကလည်း အစိုးရတပ်တွေက ကျနော်တို့ ပလောင်ဒေသကို ထိုးစစ်ဆင်နေတာ။ တပ်တွေ တအားများလာတယ်ပေါ့နော်။ အခုဆိုရင် နမ့်ဆန်ဘက်မှာ တပ်ရင်းက ၄ရင်း၊ ၅ရင်းလောက်ရှိတယ်။ ကွတ်ခိုင်၊ နမ့်ခမ်းဘက်မှာလည်း ၄၊ ၅ရင်းလောက် တက်လာတယ်။ အဲ့တာကြောင့်မို့ ကျနော်တို့ တပ်တွေ အများကြီး တက်လာတဲ့အချိန်နဲ့ ကျနော်တို့အဖွဲ့နဲ့ လှုပ်ရှားမှုနယ်မြေက တအားကျဉ်းလာတဲ့အချိန်ကျတော့ ကျနော်တို့တပ်တွေ လှုပ်ရှားလာတဲ့အချိန်ကျတော့ ရင်ဆိုင်တပ်ပွဲတွေ မကြာခဏဖြစ်တာပေါ့။”

တနိုင်ငံလုံးအတိုင်းအတာနဲ့အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ ကြိုးပမ်းနေချိန် တအာင်းဒေသတွင်းမှာ အခုရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို မြန်မာအစိုးရတပ်နဲ့ ပလောင် လွတ်မြောက်ရေး တအာင်းတပ်မတော်ကြား တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်တာပါ။

အမျိုးသမီးနဲ့ကလေးငယ်ထက်ဝက်ကျော်ပါဝင်တဲ့ တအာင်းစစ်ပြေး ဒုက္ခသည် ထောင်ချီရှိနေပြီး လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အပြစ်မဲ့ပြည်သူတွေ အသက်ဆုံးရှုံးနေရလို့ တအာင်းဒေသခံပြည်သူတွေအတွက် အသက်အန္တရာယ် လုံခြုံရေးကို စိုးရိမ် ထိတ်လန့်နေရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှုူး ဒီဒီပို;စေင်( ဒီဒီပို့ကျိင်း) က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ အခုဖြစ်နေတာက နမ့်ဆန်မြို့နဲ့ အရမ်းကို နီးနေပါတယ်။ တခါမှ မဖြစ်ဘူးတဲ့နေရာပေါ့နော်။ အရင်တုန်းကဖြစ်ခဲ့တယ် သို့ပေမဲ့လည်း မြို့နဲ့ဝေးတဲ့နေရာတွေမှာ ဖြစ်လေ့ရှိတာပေါ့နော်။ အခုကျတော့ မြို့နဲ့ အရမ်းကို နီးနေတဲ့အတွက်ကြောင့်မို့လို့ အဲ့ဒီ့မြို့ပတ်ပတ်လည်မှာရှိတဲ့ ကျေးရွာတွေရော၊ ပြီးလို့ရှိရင် မြို့မှာရှိနေတဲ့ လူကြီးပိုင်းတွေရော အကုန်လုံးကတော့ စိုးရိမ်နေကြတာပေါ့နော်။ မြို့နဲ့နီးလာတယ်ဆိုတော့ ပိုပိုပြီးတော့ နီးလာတယ်ဆိုတဲ့ သဘောလည်းရှိတယ်။ တခါမှ မဖြစ်ဘူးတဲ့နေရာတွေ လည်းဖြစ်နေတယ်ဆိုတော့ အရမ်းလည်း စိုးရိမ်စရာတွေလည်း ဖြစ်လာတယ်။ ပြီးလို့ရှိရင် လူထုက အထူးသဖြင့် ကျေးရွာပိုင်းမှာရှိနေတဲ့သူတွေက စိုးရိမ်မကင်းဖြစ်နေတာပေါ့နော်။”

ဒီဇင်ဘာလအတွင်း တိုင်းရင်းသားဒေသတချို့မှာ တိုက်ပွဲတွေပြန်ပြင်းထန် လာနေချိန်မှာပဲ အစိုးရနဲ့လက်နက်ကိုင်တပ်တွေကြား တတိုင်းပြည်လုံး အတိုင်းအတာ နဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင် ရေး ဆွေးနွေးကြမယ့် ဒီဇင်ဘာ KNU ဌာနချုပ်မှာ ကျင်းပမယ့် တိုင်းရင်းသားညီလာခံကိုလည်း ဇန်နဝါရီ လလယ်ပိုင်းကို ရွှေ့ဆိုင်းလိုက်ပါတယ်။ ပထမအကြိမ် တိုင်းရင်းသားလက်နက်ကိုင်စုံညီ ညီလာခံကိုတော့ KIO ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့မှာ နိုဝင်ဘာလဆန်းက ကျင်းပခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG