သုံးရလွယ်ကူစေသည့် Link များ

ပြုပြင်ပြောင်းလဲမှု ကာလနောက်ပိုင်း မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်တချို့ ရှိလာပြီဆိုပေမဲ့ စာနယ်ဇင်း သတင်းသမားတွေအပေါ် ခြိမ်းခြောက်မှုတွေ၊ အရေးယူမှုတွေကတော့ ဆက်ရှိနေတုန်းပဲလို့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာအဖွဲ့တချို့က ဝေဖန်ထောက်ပြကြပါတယ်။ မေလ ၃ ရက်နေ့ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိန်းအမှတ်အဖြစ် မြန်မာအစိုးရအနေနဲ့ ဖမ်းဆီး အရေးယူခံထားရတဲ့ စာနယ်ဇင်းသမားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ မြန်မာစာရေးဆရာများအသင်းတခုဖြစ်တဲ့ Pen Myanmar က တောင်းဆိုလိုက်ပါတယ်။ မခင်ဖြူထွေး က တင်ပြပါတယ်။

အရင်စစ်အစိုးရလက်ထက်နဲ့ နှိုင်းယှဉ်ရင် ပြုပြင်ပြောင်းလဲမှုတွေ ရှိလာပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်တွေ ပိုမို ရရှိလာတယ်ဆိုပေမယ့် အကန့်အသတ်တွေကတော့ အများကြီး ရှိနေတုန်းပဲလို့ သတင်းစာနယ်ဇင်းသမားတွေ၊ စာရေးဆရာတွေက ထောက်ပြ ဝေဖန်နေကြတာပါ။ အရင်တုန်းကလို ဆင်ဆာ နဲ့ ထိန်းချုပ်တာမျိုး မရှိဘူး ဆိုပေမဲ့ နောက်ထပ် ထိန်းချုပ်ပုံစံတမျိုးနဲ့ ကန့်သတ်မှုတွေကတော့ ရှိနေတုန်းပဲလို့ မြန်မာစာရေးဆရာများအသင်းတခုဖြစ်တဲ့ Pen Myanmar အဖွဲ့ အတွင်းရေးမှူး ကိုနေဘုန်းလတ်က ပြောပါတယ်။

“အဓိက-ကတော့ဗျာ၊ ပုံစံပြောင်းသွားတာပေါ့၊ အရင်တုန်းက ….နဲ့ မထွက်ပါဘူး-ဆိုတဲ့ပုံစံမျိုးကနေပြီးမှ အခုဟာက ကျနော်တို့အမြင်တော့ ထိန်းချုပ်တဲ့ပုံစံတွေ ပြောင်းသွားတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်၊ player တွေပြောင်းပြီးတော့ ထိန်းချုပ်တဲ့၊ ကန့်သတ်တဲ့ပုံစံတွေကလည်း ပုံစံပြောင်းသွားတဲ့သဘောမျိုးလို့ပဲ တချို့နေရာတွေမှာ ကျနော်တို့ မြင်နေတယ်ဗျ။ နောက်ပြီးတော့ တချို့ကိစ္စတွေမှာ မီဒီယာတွေကို ဝင်ပြီးတော့ ပုံဖျက်တာတွေပေါ့နော်၊ အဲလိုကိစ္စမျိုးတွေလည်း တွေ့နေရတယ်။ အဲဒီတော့ တကယ်တန်းပြောမယ်ဆိုရင် အရင်တုန်းက သတင်းလွတ်လပ်ခွင့်ဆိုတာကို လုံးဝ တားဆီးပိတ်ဆို့ထားတာကလည်း မကောင်းသလို သတင်းမီဒီယာတွေကို မီဒီယာကို မီဒီယာနဲ့တိုက်- ဆိုတဲ့ စကားမျိုးကိုသုံးပြီးတော့ မီဒီယာထဲကိုပဲဝင်ပြီးတော့ ပုံဖျက်တာတွေ၊ မီဒီယာရဲ့ ownership တွေအပေါ်မှာဝင်ပြီးတော့ လွှမ်းမိုးမှု လုပ်တာမျိုးတွေ၊ နောက်ပြီးတော့ မီဒီယာသမားတွေကို လွတ်လပ်ခွင့်တွေကို ကန့်သတ်ထားတာမျိုးတွေပေါ့နော်၊ ကြိုက်တာယူ၊ ဒါတွေ၊ ဒါတွေတော့ လာမထိနဲ့ဆိုတဲ့ ကန့်သတ်မှုမျိုးတွေ ကျန်နေတာမျိုးတွေ၊ နောက်ပြီးတော့ ကိုပါကြီး- လိုကိစ္စမျိုးတွေကို အခုချိန်အထိ ဘာမှ အရေးယူ ဆောင်ရွက်ခြင်းမရှိတာမျိုးတွေ- ဒါတွေဟာ ခြိမ်းခြောက်မှုတွေပဲလေ။ အဲလိုဟာမျိုးတွေ ဆက်ရှိနေသရွေ့တော့ သေချာတယ်၊ နောက်ပြန်မဆုတ်ဘူးဆိုတာတောင်မှ တန့်နေတဲ့သဘောလို့ပဲ ကျနော်တို့က ပြောရမှာပဲ။”

ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတယ်လို့ဆိုတဲ့ လက်ရှိ မြန်မာအစိုးရ လက်ထက်မှာ ယူနတီဂျာနယ်က သတင်းထောက်တွေ၊ Bi မွန်း တည့်နေဂျာနယ် နဲ့ Myanmar Post Global ဂျာနယ်တွေက သတင်းနဲ့စာနယ်ဇင်းသမားတွေ ဖမ်းဆီး အရေးယူ ခံခဲ့ရတာတွေ ရှိနေပြီး ဒီလို မြန်မာစာနယ်ဇင်း သမားတွေအပေါ် ဥပဒေတခုခုကို သုံးပြီး ဖမ်းဆီးထောင်ချတာ၊ တရားစွဲဆိုတာနဲ့ ဥပဒေမဲ့ သတ်ဖြတ်မှု တွေဟာ ဆက် မရှိသင့်တော့ဘူးလို့ ကိုနေဘုန်းလတ်က ထောက်ပြပါတယ်။

“ကျနော်တို့က သတင်းလွတ်လပ်ခွင့်ရနေပြီလို့ ပြောနေပေမယ့်လည်း နည်းမျိုးစုံနဲ့ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာတွေ၊ နောက်ပြီတော့ ကိုပါကြီးလို ကိစ္စမျိုး ဖြစ်တာတွေပေါ့နော်၊ အဲလိုဟာမျိုးတွေ ဖြစ်နေတာဟာ ခြိမ်းခြောက်မှုတွေ ရှိနေဆဲပဲလို့ ကျနော်တို့က သုံးသပ်တယ်လေ။ တကယ်တန်းကျတော့ သတင်းလွတ်လပ်ခွင့် တကယ်ပေးပြီဆိုရင်တော့ ဒီလိုမျိုး ကိစ္စမျိုးတွေ၊ ဒီလို ခြိမ်းခြောက်မှုမျိုးတွေ၊ ဒီလို ကန့်သတ်မှုမျိုးတွေကိုတော့ ကျနော်တို့က အဲဒါမျိုးတွေ မရှိသင့်ဘူးလို့ ထင်တယ်ဗျ။ အဲဒါကြောင့်မို့လို့ ရှေ့ဆက်ပြီးတော တကယ်တန်း ဒီမိုကရေစီနိုင်ငံတခုကို တကယ်သွားမယ်ဆိုရင်တော့ ဒီလိုကိစ္စမျိုးတွေကိုပါ နည်းနည်းလေး အရေးယူဆောင်ရွက်တာမျိုး၊ မြန်မြန်လေး တကယ်စစ်မှန်ပြည့်ဝတဲ့ သတင်းလွတ်လပ်ခွင့်မျိုးကို အမြန်ဆုံး အကောင်အထည်ဖော်တာမျိုး ကျနော်တို့က လုပ်စေချင်တာပေါ့နော်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ကြေညာချက် ထုတ်တာပါ။”

မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ဖြစ်တာကြောင့်မိုလို့ ဒီ အထိန်းအမှတ်အဖြစ် လက်ရှိ မြန်မာနိုင်ငံမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ သတင်းသမားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပြုဖို့ နဲ့ သတင်းထောက်ကိုပါကြီး သေဆုံးမှု ဖြစ်စဉ်အမှုမှန် ပေါ်ပေါက်ရေး အတွက် အမြန်ဆုံး ဆောင်ရွက်ပေးဖို့ကိုလည်း Pen Myanmar အဖွဲ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက အမေရိကန်ပြည်ထောင်စု အခြေစိုက် Freedom House အဖွဲ့က ထုတ်ပြန်တဲ့ “Freedom of the Press 2015” ဆိုတဲ့ အစီရင်ခံစာထဲမှာလည်း မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေဟာ ပြီးခဲ့တဲ့ ၂၀၁၄ အတွင်း ကျဆင်းသွားတယ်လို့ ဖော်ပြ ထားပါ တယ်။ ကမ္ဘာ့နိုင်ငံနဲ့ ဒေသပေါင်း ၁၉၉ ခုရဲ့ သတင်း လွတ်လပ်ခွင့် ကို လေ့လာပြီး အဆိုးဆုံးနိုင်ငံကို အမှတ် ၁၀၀ ထိ သတ်မှတ်တာမှာ မြန်မာနိုင်ငံဟာ ၂၀၁၃ ခုနှစ်တုန်းက အမှတ် ၇၀ ရခဲ့ရာက ၂၀၁၄ ခုနှစ်မှာတော့ ၇၃ မှတ်ကို ရောက်သွားတာကြောင့် သတင်းလွတ်လပ်ခွင့် အခြေအနေ ကျဆင်းသွားတာကို ထောက်ပြနေပါတယ်။ ဒါဟာ သုံးနှစ်ဆက်တိုက်ရခဲ့တဲ့ တိုးတက်မှု နောက်ပြန်ဆုတ်သွားတာဖြစ်တယ် ဖြစ်တယ်လို့ Freedom House အဖွဲ့ရဲ့ အရှေ့အာရှဒေသဆိုင်ရာ အကြီးတန်းသုတေသီ Sarah Cook က ပြောပါတယ်။ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံမှာ သတင်းသမားတွေ ဖမ်းဆီး ထိန်းသိမ်းခံရတာတင်မက ထောင်ချခံရတာတွေရှိခဲ့တာ၊ ပြည်ပသတင်းထောက်တချို့ ပြည်ဝင်ခွင့် ဗီဇာလျှောက်ရာမှာ ပြင်းထန်တဲ့ ကန့်သတ်ချက်တွေ ကြုံခဲ့ရ တာတွေရှိခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG