သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်စာချုပ်မှာ အားလုံးတန်းတူပါဝင်ဖို့ ပန်ဆန်းညီလာခံတိုက်တွန်း


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို ဒီကနေ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ဆန်းမှာ စတင် (ဓာတ်ပုံ - T.N.L.A)
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို ဒီကနေ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ဆန်းမှာ စတင် (ဓာတ်ပုံ - T.N.L.A)

ပန်ဆန်းဆွေးနွေးပွဲမှာ အစိုးရတပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေပါ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ တန်းတူရည်တူ ပါဝင်ဖို့ တိုင်းရင်းသားတွေက တောင်းဆိုလိုက်ပါတယ်။

ဒီဘုံသဘောတူညီချက် ၁၂ ချက်ကို တက်ရောက်လာတဲ့ တိုင်းရင်းသား ၁၂ ဖွဲ့က သဘောတူခဲ့တယ်လို့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မမေခ က သတင်းပေးပို့ထားပါတယ်။

၅ ရက်ကြာ ကျင်းပခဲ့တဲ့ ပန်ဆန်းညီလာခံဟာ ဒီကနေ့မှာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ပြီးဆုံးသွားတဲ့အချိန် ဆွေးနွေးမှုတွေအပေါ်မှာ တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားတွေက အခုလို တောင်းဆိုလိုက်တာပါ။ ဒီလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတိုင်း တန်းတူ အခွင့်အရေးရဖို့ တောင်းဆိုခဲ့သလို အခုဖြစ်ပွားနေတဲ့ ထိုးစစ်ဆင် တိုက်ပွဲတွေကို အမြန်ဆုံးချက်ချင်း ရပ်တန့်ဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။ ထုတ်ပြန်လိုက်တဲ့ ဘုံသဘော တူညီချက်နဲ့ပတ်သတ်ပြီး ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ NCCT အဖွဲ့ ဒုဥက္ကဌ ဖဒိုစောကွယ်ထူးဝင်းက အခုလို ရှင်းပြတာပါ။

“အချက်ကတော့ ကျနော်တို့ ဒီဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက်တော့ မဟုတ်ဘူးပေါ့နော် အများကနေပြီးတော့ သဘောတူတဲ့အချက်တွေကို ထုတ်ပြန်ခြင်းဖြစ်ပါတယ်။ တစ်တချက်ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ရှင်းရမှာတို့၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးနဲ့ သွားရမှာတို့၊ အခုလက်ရှိ ကိုးကန့်နဲ့ အဲဒီမှာ တိုက်ပွဲဖြစ်တဲ့ကိစ္စတွေကိုလည်း အမြန်ဆုံး ရပ်ဆိုင်းဖို့အတွက် ကျနော် တောင်းဆိုတာတို့၊ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်မှုရှိဖို့အတွက် ဒါတွေပါပဲ။ အဓိကကတော့ ကျနော်တို့ တိုင်းရင်းသားအကုန်လုံးကတော့ ဒီ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လုပ်လို့ရှိရင် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နိုင်ခြင်းမရှိသေးတဲ့ အဖွဲ့တွေလည်း ပါဝင်ရမယ်ဆိုတဲ့ အချက်ပါတယ်။ နောက်ပြီးတော့ ဒီ အကုန်လုံး ပါဝင်နိုင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကို လုပ်ဆောင်သွားမယ်ဆိုတာကိုလည်း ကျနော်တို့ အကုန်လုံးကလည်း သဘောတူလက်ခံကြတယ်။”

အခုကျင်းပခဲ့တဲ့ ပန်ဆန်းဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ရလဒ်ကောင်းတွေ ထွက်လာဖို့ မရှိဘူးလို့ သုံးသပ်မှုတွေရှိပေမဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ ဆက်လက်လုပ်ဆောင်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဝနဲ့ မိုင်းလား ပါဝင်လာတဲ့အတွက် ကောင်းသောအကျိုးသက်ရောက်မှုတွေ ရှိခဲ့တယ်လို့ အခုလို ပြောပါတယ်။

“စောစောက ဝနဲ့ မိုင်းလား မပါဘဲနဲ့ တိုင်းရင်းသားတွေချည်းပဲ လုပ်နေရတာ အားမရှိဘူးလေ။ အခု ဝနဲ့ မိုင်းလား ပူးပေါင်းဆောင်ရွက်တယ်ဆိုတော့ ပိုအားရှိလာပြီးတော့ ဒီအပစ်အခတ်ရပ်စဲရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးဆွေးနွေးပွဲပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ဖို့က ဒါ ဆုံးဖြတ်ပြီးသားဖြစ်သွားတာပေါ့။ ပြီးတော့ အခုလက်ရှိ ပဋိပက္ခဖြစ်နေတာက ကိုးကန့်တို့၊ AA တို့၊ ပလောင်တို့ ဖြစ်နေတယ်လေ။ ဒီပဋိပက္ခဖြစ်နေတဲ့ အဖွဲ့တွေကိုလည်းပဲ ဒီအစည်းအဝေးထဲမှာ ပါဝင်တက်ရောက်စေပြီးတော့ သူတို့ပြဿနာကို ဘယ်လိုရှင်းကြမလဲဆိုတဲ့ဟာက အားလုံးဝိုင်းဝန်း အဖြေရှာတဲ့အခါကျတော့ ကိုးကန့်ပြဿနာ ငြိမ်သွားဖို့ လမ်းစတော့ ရမယ်လို့တော့ ယူဆတာပေါ့။ သူတို့တိုက်ပွဲတွေကိုတော့ အသေးစိတ် agenda ထည့်ပြီး ဆွေးနွေးတာတော့ မရှိပါဘူး။ သို့သော်လည်းပဲ တိုက်ပွဲတွေမှာက အင်အားသုံးပြီးတော့ ဖြေရှင်းတဲ့ကိစ္စကိုတော့ ကန့်ကွက်ထားတယ်။ ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းဖို့ မေတ္တာရပ်ခံထားတော့ တောင်းဆိုတဲ့အဖွဲ့ထဲမှာ ၀ တို့လို့ အင်အားကြီးတဲ့အဖွဲ့တွေကလည်း ပါလာတာကိုး။ တပ်မတော်ဘက်ကလည်း သဘောထားကြီးကြီးနဲ့ နည်းနည်းလေး ဖြေလျှော့ပေးဖို့တော့ လိုတာပေါ့။”

ဆွေးနွေးပွဲကို အောင်မြင်စွာ ပြီးဆုံးခဲ့တယ်ဆိုပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက တနိုင်ငံလုံး အပစ်ရပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (NCCT) ကနေ နှုတ်ထွက်မယ်လို့ တင်ပြခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့နဲ့ NCCT ကြားမှာ နားလည်မှုလွဲချော်စေတဲ့အချက်တွေ ပေါ်ပေါက်ခဲ့တယ်လို့လည်း တိုင်းရင်းသားအချို့က ပြောပါတယ်။ ဒီလိုပေါ်ပေါက်ခဲ့တာနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဟုတ်မှန်ကြောင်း၊ အဖွဲ့တခုချင်းဆီမှာ ကိုယ်ပိုင်အမြင်ရှိကြောင်း ထွက်ရှိခြင်းကြောင့် ငြိမ်းချမ်းရေးကို မထိခိုက်နိုင်အောင် လုပ်ဆောင်မှာဖြစ်တယ်လို့ ပြောပါတယ်။

ကျင်းပခဲ့တဲ့ဆွေးနွေပွဲမှာ လက်ရှိတပ်မတော်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တဲ့ AA ရက္ခိုင့်တပ်မတော်၊ TNLA တအောင်း (ခေါ်) ပလောင်တပ်ဖွဲ့တွေနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့နဲ့ ပတ်သတ်ပြီး အသေးစိတ် ဆွေးနွေးဖို့ ဆွေးနွေးပွဲမတိုင်ခင်က တိုင်းရင်းသားအချို့က ပြောဆိုထားခဲ့ပေမဲ့ လက်တွေ့မှာ တိုက်ပွဲဖြစ်ပွားမှုကို ရပ်တန့်ဖို့အတွက် တိကျစွာ အဖြေမထွက်ပေါ်နိုင်ခဲ့ဘူးလို့ ညီလာခံတက်ရောက်ခဲ့တဲ့ တိုင်းရင်းသားတွေက ပြောပါတယ်။

အခုထုတ်ပြန်ခဲ့တဲ့ သဘောတူညီချက်တွေမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ကာ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး၊ ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းအရသာ ဖြေရှင်းရေး၊ စစ်ပွဲဖြစ်ပွားရာ ဒေသများတွင် မြန်မာ့တပ်မတော်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်ကာ ပြည်သူအပေါ် ညှဉ်းပန်းမှုများကို ပြင်းထန်စွာရှုတ်ချပြီး နောက်မဖြစ်ရန် ထိန်းသိမ်းပေးရေး၊ ကုလသမဂ္ဂနှင့် တရုတ်နိုင်ငံတို့မှ တိုက်ပွဲများ ရပ်စဲရေးနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ ကြီးကြပ်ဆောင်ရွက်ပေးရေး၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် အစိုးရ အပါအဝင် ပြည်သူလူထုပါ ပါဝင်ရေး၊ တိုင်းရင်းသားပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတွင်းမှ မခွဲထွက်ဘဲ တူယှဉ်စွာ နေထိုင်ရေး၊ တိုင်းရင်းသားအဖွဲ့အစည်း ပေါင်းစုံပါဝင်တဲ့ အဖွဲ့အစည်းတခုကိုဖွဲ့ကာ အစိုးရနဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ဆောင်ရေး စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။ ဒီအပြင် ဝအမျိုးသားပြည်နယ်အဆင့် တောင်းဆိုမှုကို တက်ရောက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအများစုက နားလည်ထောက်ခံခဲ့ကြောင်း ဖော်ပြပါရှိခဲ့ပေမဲ့ ဘယ်တိုင်းရင်းသားအဖွဲ့အစည်းက နားလည်ထောက်ခံသလဲဆိုတာကိုတော့ တိကျစွာ ဖော်ပြထားခြင်း မရှိပါဘူးရှင်။

XS
SM
MD
LG