သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အကျော်အမော်တွေရဲ့ အခွန်ရှောင်မှု မှတ်တမ်း


 ပြင်သစ် သမ္မတ Francois Hollande
ပြင်သစ် သမ္မတ Francois Hollande

နိုင်ငံရပ်ခြားက ဘဏ်ငွေစာရင်းတွေမှာငွေထဲ့ထားပြီးပြင်သစ်နိုင်ငံကအခွန်အခတွေ မပေးပဲ၊ရှောင်ရှားခဲ့မှုတွေအပေါ် စုံစမ်းစစ်ဆေးသွားမယ်လို့ ပြင်သစ် သမ္မတ Francois Hollande ကထုတ်ပြောလိုက်ပါတယ်။

ပနားမားနိုင်ငံ ဥပဒေအကျိုးဆောင်အဖွဲ့တစ်ခုကနေ လျို.ဝှက်ပေါက်ကြားခဲ့တဲ့အထောက်အထားတွေအရ ကမ္ဘာမှာ ထင်ရှားပြီး ချမ်းသာကြွယ်ဝသူတွေ၊ နိုင်ငံရေးအဆက်အသွယ်ကောင်းသူတွေနဲ့ တချိ့နိုင်ငံခေါင်းဆောင်တွေဟာ ပင်လယ်ရပ်ခြားမှာ ခုလိုငွေကြေးမသမာမှုတွေလုပ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းစာနယ်ဇင်းသမားအဖွဲ့တစ်ခုက သတင်းထုတ်ပြန်လိုက်အပြီးမှာ ခုလို စစ်ဆေးဖို့ဖြစ်လာတာပါတယ်။ ဒီမှတ်တမ်းတွေကို ပနားမား မှတ်တမ်းလို့ လူသိများလာနေပါတယ်။

သမ္မတ Holland ကပဲ စုံစမ်းစစ်ဆေးမှုတွေနဲ့ အမှုဖွင့်တာတွေ၊ ခုံရုံးတင်စစ်ဆေးတာတွေ ဆက်လုပ်သွားဖို့ရှိတယ်လို့ ဆက်ပြောခဲ့ပါတယ်။

ပနားမားနိုင်ငံရှိ Mossack Fonseca လို့ခေါ်တဲ့ ဥပဒေအကျိုးဆောင်အဖွဲ့က လျို.ဝှက်မှတ်တမ်းပေါင်း ၁၂ သန်းနီးပါးကို အမည်မဖော်ပြလိုသူတစ်ဦးက ICIJ လို့အတိုကောက်ခေါ်တဲ့ ဝါရှင်တန်အခြေစိုက် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုဆိုင်ရာ သတင်းထောက်အဖွဲ့ကို လျို.ဝှက်ထုတ်ပေးခဲ့ပါတယ်။

ဗြိတိန်အစိုးရကလဲ စုံစမ်းစစ်ဆေးမှုတွေလုပ်နိုင်ဖို့အတွက် ဒီ ပနားမားမှတ်တမ်း မိတ္ထူတစ်စုံကို သူတို့ဆီပို့ပေးဖို့ တောင်ဆိုခဲ့တယ်လို့ ရိုက်တာသတင်း ဌာနမှာ ဖော်ပြထားပါတယ်။

အဲဒီမှတ်တမ်းတွေအရ လက်ရှိနဲ့ အနားယူသွားတဲ့ ကမ္ဘာ့ခေါင်းဆောင် ၁၂ ဦးအပါအဝင် နိုင်ငံရေးသမားနဲ့ အစိုးရအရာရှိပေါင်း ၁၄၀ တို့ရဲ့ အခွန်ရှောင်ထားတဲ့ ဘဏ်စာရင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သူတို့ထဲမှာ လက်ရှိ Iceland ကျွန်းနိုင်ငံဝန်ကြီးချုပ် David Gunnlaugsson၊ ယူကရိန်းသမ္မတ Petro Poroshenko နဲ့ အာဂျင်တီးနားသမ္မတ Mauricio Macri တို့ရဲ့ နာမည်တွေပါဝင်ပါတယ်၊

ဒါ့အပြင် Russia သမ္မတ Vladimir Putin နဲ့နီးစပ်သူတွေဟာလဲ ပြီးခဲ့တဲ့ နှစ်ပေါင်း ၄၀ နီးပါးအတွင်း အမေရိကန်ဒေါ်လာ သန်း ၂ ထောင်နီးပါးကို အခွန်ကင်းလွတ်နိုင်ငံတွေ ကျွန်းတွေမှာ ဖွင့်ထားတဲ့ ဘဏ်တွေကနေတဆင့် အရွှေ့အပြောင်းတွေလုပ်ခဲ့တယ်လို့ ကောက်ချက်ဆွဲနိုင်တဲ့ အချက်အလက်တွေ ဒီမှတ်တမ်းတွေမှာ ပါဝင်နေတယ်လို့ ICIJ အဖွဲ့က ပြောပါတယ်၊

ဒီအထောက်အထားတွေထဲမှာ Mexico က မူးယစ်ရာဇာတွေ၊ Hezbollah လို အကြမ်းဖက်အဖွဲ့တွေ၊ မြောက်ကိုရီးယားနဲ့ အီရန်လို ဆိုးဝါးတဲ့ နိုင်ငံတွေနဲ့ ပါတ်သက်နေတဲ့အတွက် အမေရိကန်အစိုးရက Blacklist စာရင်းသွင်းထားတဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီပေါင်း ၃၃ ခုရဲ့ နာမည်တွေလဲ ပါဝင်ပါတယ်။

ဒီပနားမား ဥပဒေအကျိုးတောင်အဖွဲ့ ထူထောင်သူတစီဦးဖြစ်တဲ့ Ramon Fonseca ကတော့ ခုလို သတင်းအချက်အလက်တွေကို သတင်းစာနယ်ဇင်းသမားတွေဆီ ဖောက်ချလိုက်တာဟာ ကြီးမားတဲ့ ပစ်မှုဖြစ်တယ်လို့ ပြင်သစ်သတင်းအေဂျင်စီကို ပြောပြခဲ့ပါတယ်။

ခုလိုစုံစမ်းခဲ့တဲ့ သတင်းထောက်အဖွဲ့ကတော့ ကမ္ဘာတဝန်းက ဘဏ္ဍာရေးဆိုင်ရာ ဥပဒေတွေနဲ့အညီဆောင်ရွက်ခဲ့တာဖြစ်ပြီး သူတို့လုပ်ငန်းလုပ်ကိုင်နေတဲ့ အနှစ် ၄၀ သက်တမ်းမှာ ဘယ်တုန်းကမှ ရာဇဝတ်မှုနဲ့ တရားစွဲတာ မခံခဲ့ရဖူးဘူးလို့လဲ Washington Post သတင်းစာကြီးကို ပြောကြားခဲ့ပါတယ်၊

ဒါပေမဲ့ ရုရှားအစိုးရအနေနဲ့တော့ ဒီသတင်းထောက်တွေရဲ့ ဒီငွေကြေးလွဲပြောင်းမှုဆိုင်ရာ မေးခွန်းတွေကို ပြန်တုံ့ပြန်ဖြေဆိုခြင်း မရှိသေးပဲ၊ ခုလိုသတင်းထောက်တွေလုပ်လာတာက ရုရှားခေါင်းဆောင်နဲ့ ပြည်သူတွေကို သတင်းအချက်အလက်ဆိုင်ရာ တိုက်ခိုက်မှုတွေ လုပ်လာတာသာဖြစ်တယ်လို့ လူသိရှင်ကြားပြန်စွတ်စွဲခဲ့ပါတယ်။

လူ့အခြေခံအခွင့်အရေးဖြစ်တဲ့ ကိုယ်ရေးကိုယ်တာအတွင်းရေးကိစ္စတွေကို ဒီနေ့ခေတ်သစ်ကမ္ဘာကြီးမှာ ပိုပိုပြီး အချိုးအဖောက်ခံလာရတယ်၊ ဘုရင်ပဲဖြြစ်ဖစ်၊ သူတောင်စားပဲဖြစ်ဖြစ် လူတိုင်းမှာ ဒီကိုယ်ရေးကိုယ်တာအခွင့်အရေး ရှိရမယ်လို့ ဒီရှေ့နေအဖွဲ့ထူထောင်သူ Fonseca က ဆက်ပြောပါတယ်။

ခုလို ပင်လယ်ရပ်ခြားမှာ ဘဏ်စာရင်းအင်းဖွင့် ငွေစုဆောင်တာဟာ တရားမဝင်ဘူးလို့တော့ တရားသေပြောလို့မရပဲ၊ တရားဝင်အခွန်လျော့ချနိုင်ဖို့၊ ဒါမှမဟုတ် နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေ လုပ်ရကိုင်ရ လွယ်ကူဖို့အတွက် လုပ်နိုင်ပါတယ်။

ဒါပေမဲ့ ပေါက်ကြားခဲ့တဲ့ ဒီအထောက်အထားအရတော့ ဘဏ်တွေ၊ ရှေ့နေအဖွဲ့တွေနဲ့ အခြားနိုင်ငံ ရပ်ခြားလုပ်ကိုင်သူတွေအနေနဲ့ တရားဝင်လိုအပ်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်တာတွေရှိလာခဲ့ပါတယ်။ သူတို့အနေနဲ့ သူတို့ရဲ့လုပ်ငန်းရှင်တွေဟာ ရာဇဝတ်လုပ်ငန်းတွေ၊ အခွန်ရှောင်မှုတွေနဲ့ နိုင်ငံရေးအလွဲသုံးစားလုပ်တာတွေ မရှိဘူးလို့ ပြောနိုင်ဖို့ အခုလို ပျက်ကွက်ကြတာဖြစ်ပါတယ်။

XS
SM
MD
LG