သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀င်ငွေခွန်ရှောင်မှု ပြဿနာကြောင့် Iceland ဝန်ကြီးချုပ်နှုတ်ထွက်


ဝင်ငွေခွန် ပေးဆောင်မှု ရှောင်ရှားနိုင်ဖို့ ပြည်ပမှာ ပိုင်ဆိုင်မှုတွေကို လျှို့ဝှက်ထားပြီး ဘဏ်စာရင်းတွေ ဖွင့်လှစ်ထားကြတဲ့ ချမ်းသာကြွယ်ဝသူတွေ၊ အာဏာရှိကြသူတွေနဲ့ ကမ္ဘာ့နာမည်ကြီး ပုဂ္ဂိုလ်တွေအကြောင်း ဖွင့်ချပြလိုက်တဲ့ Panama Papers လို့ခေါ်တဲ့ အစီရင်ခံစာ ထွက်လာပြီးနောက်ပိုင်း ပထမဆုံး ရာထူးက နှုတ်ထွက်ပေးလိုက်ရတဲ့ ပုဂ္ဂိုလ်ကတော့ Iceland နိုင်ငံက ဝန်ကြီးချုပ် ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Sigmundur David Gunnlaugsson ရဲ့ ဇနီး Anna Sigurlaug Palsdottir ဟာ ဗြိတိသျှပိုင် Virgin ကျွန်းမှာ တည်ထောင်ထားတဲ့ ကုမ္ပဏီတခုကို ပိုင်ဆိုင်သူဖြစ်ပြီး အဲဒီကုမ္ပဏီက Iceland ရှိ ဒေဝါလီခံလိုက်ရတဲ့ ဘဏ်တွေထံကနေ လျှော်ကြေးငွေ အမေရိကန်ဒေါ်လာ ၄ သန်း ရရှိလိုက်တဲ့ ကုမ္ပဏီဖြစ်တယ်လို့ Panama Papers အစီရင်ခံစာမှာ ဖော်ပြထားတာကြောင့် ဝန်ကြီးချုပ် ရာထူးကနေ နှုတ်ထွက်ပေးလိုက်ရတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Gunnlaugsson ကတော့ ပြည်ပရှိ သူ့ဇနီးရဲ့ ပိုင်ဆိုင်မှုတွေဟာ Iceland မှာ ဝင်ငွေခွန် ဆောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အတိုက်အခံတွေကတော့ ဒေဝါလီခံတဲ့ ဘဏ်တွေကို လျှော်ကြေးပေးရာမှာ အစိုးရက ပါဝင် ပတ်သက်နေတဲ့အတွက်ကြောင့် အဲဒီ ကုမ္ပဏီကို သူ့ဇနီး ပိုင်ဆိုင်ကြောင်း ဝန်ကြီးချုပ်အနေနဲ့ ထုတ်ဖော် ပြောကြားသင့်တယ်လို့ ပြောပါတယ်။

လွှတ်တော်မှာ စီစဉ်ထားတဲ့ အယုံအကြည်မရှိ မဲခွဲဆုံးဖြတ်မှု မတိုင်ခင် သူက အခုလို ကြိုတင် နှုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။ အာဏာရ Progressive ပါတီက ဒုတိယခေါင်းဆောင် Sigurdur Ingi Johannsson ကို နိုင်ငံ့ရဲ့ ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်ဖို့ အမည် တင်သွင်းထားပါတယ်။

Gunnlaugsson နဲ့ သူ့ဇနီးတို့ဟာ ပနားမား အခြေစိုက် Mossack Fonseca ဥပဒေအကျိုးဆောင် ကုမ္ပဏီရဲ့ အကူအညီနဲ့ သူတို့ကုမ္ပဏီကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ Mossack Fonseca ဟာ စာရွက်စာတမ်းပေါင်း ၁၁ သန်းခွဲကို ပေါက်ကြားစေခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

XS
SM
MD
LG