သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေနဲ့ မြန်မာအစိုးရ မကြာခဏ တွေ့ဆုံဆွေးနွေးဖို့ သဘောတူ


၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်မြောက် ကျင်းပရာသို့ တက်ရောက်လာသည့် ပရိသတ်အားတွေ့ရစဉ်။
၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်မြောက် ကျင်းပရာသို့ တက်ရောက်လာသည့် ပရိသတ်အားတွေ့ရစဉ်။

နေပြည်တော်က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်လာကြတဲ့ တရုတ် မြန်မာနယ်စပ်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ (၇) ဖွဲ့နဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကော် မရှင် တာဝန်ရှိသူတွေ ဒီကနေ့ တွေ့ဆုံ ခဲ့ကြပြီး စေ့စပ်ညှိနှိုင်းမှုတွေအတွက် မကြာခဏ ဆက်လက်တွေ့ဆုံသွားဖို့ သဘောတူခဲ့ကြပါတယ်။ မြန်မာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲ ရေး (NCA) ကို လက်မှတ်ရေးထိုးမထားတဲ့ မြောက်ပိုင်းအဖွဲ့တွေကတော့ နေပြည်တော်မှာ ကျင်းပနေတဲ့ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးမှာ တင်ပြမယ့် ငြိမ်းချမ်းရေး အတွက် ရပ်တည်ချက်တွေကို အသီးသီးထုတ်ပြန်ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ နေပြည်တော်မှာ ကိုယ်တိုင် သွားရောက် သတင်းယူနေတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို ရောက်ရှိနေတဲ့ မြောက် ပိုင်းအဖွဲ့ ၇ ဖွဲ့ဟာ ညီလာခံမှာ ပါဝင်တက်ရောက်တာမရှိပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို ဒီကနေ့နေ့ခင်း ၁ နာရီ မှာတော့ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲအပြီးမှာ နှစ်ဖက်အကြား ဆက်လက်ဆောင်ရွက်ကြမယ့် လုပ်ငန်းတွေအပေါ် ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်က အခုလို ပြောကြားပါတယ်။

“မကြာမကြာတွေ့မှပဲ ငြိမ်းချမ်းရေးဆိုတာ ဖော်ဆောင်လို့ ရမှာ၊ ဟုတ်တယ်မို့လား။ အဲတော့ မကြာမကြာ တွေ့ဖို့ လည်း အစီအစဉ်လုပ်ပြီးသားပါ။ နောက် လာခဲ့တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံနဲ့ တွေ့ပြီးတော့ နိုင်ငံတော် အစိုးရရဲ့ သဘောထားတွေလည်း သူတို့ အားလုံးသိသွားပြီ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့လည်း တွေ့ဆုံပြီးတော့လည်း တပ်မတော်ရဲ့ သဘောထားတွေလည်း သူတို့သိသွားပြီဆိုတော့ ဒီဖက်က သဘောထားတွေ သိပြီးသွား လို့ သူတို့ဘက်က သဘောထားကလည်း ဒီဖက်က သဘောထားနဲ့ ညှိနှိုင်းလို့ ရသွားပြီ ဆိုရင်တော့ အခြေအနေ ကောင်းတွေ ထွက်ပေါ်လာမှာပါ။ ”

ဒီလိုတွေ့ဆုံရာမှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် နှစ်ဖက်သဘောတူ စာချုပ် ချုပ်ဆိုထားတာမရှိသလို တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တဲ့ TNLA ပလောင်၊ MNDAA ကိုးကန့်နဲ့ AA ရခိုင်တပ်မတော်တို့နဲ့လည်း ညှိနှိုင်းမှာဖြစ်ကြောင်း ဆက်လက်ပြောဆိုပါတယ်။

“ယခင်ကလည်း တွေ့ဆုံပါတယ်။ နောင်လည်း တွေ့ဆုံမှာပါ။ တဖွဲ့ချင်းလည်း တွေ့ပါတယ်။ ပေါင်းစပ်ပြီးတော့မှ လည်း တွေ့ပါတယ်။ ဘာမှ အခက်အခဲမရှိပါဘူး။ အခက်အခဲမရှိပါဘူး ကျနော်တို့၊ ဒါပေမဲ့ တချို့ နိုင်ငံတော်ရဲ့ လုံခြုံရေးတွေနဲ့ ကိစ္စတွေနဲ့ ပတ်သက်တဲ့ အခါကျ တော့ ထုတ်ပြန်လို့ ရတာထုတ်ပြန်တာပေါ့။ ထုတ်ပြန်လု့ိမရတာ မထုတ်ပြန်သေးဘူးပေါ့။”

လောလောဆယ်မှာ နေပြည်တော်ကို ရောက်ရှိနေတဲ့ UWSA ဝတပ်ဖွဲ့က ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်းနဲ့ အခြား ကိုယ်စားလှယ်အဖွဲ့ဝင် ဦးပေါက်ယိုရိတို့ နှစ်ယောက်ဟာ ကျန်းမာရေးမကောင်းတာကြောင့် ဆေးရုံတက် ကုသခံယူနေရပါတယ်။ သူတို့နှစ်ယောက် ရဲ့ ကျန်းမာရေးအခြေအနေကိုလည်း ဦးသိန်းဇော်က အခုလို ပြောပါတယ်။

“ကောင်းပါတယ်။ ကျန်းမာရေးကောင်းပါတယ်။ နှစ်ယောက်စလုံးကောင်းပါတယ်။”

ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာတော့ မြောက်ပိုင်းအဖွဲ့ ၇ ဖွဲ့ကို တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အစိုးရအနေနဲ့ ပုံစံနှစ်မျိုးနဲ့ ချဉ်းကပ်တွေ့ဆုံ သွားမှာ ဖြစ်ကြောင်းကို ဖော်ပြထားပါတယ်။

မြောက်ပိုင်းအဖွဲ့ ၇ ဖွဲ့ဟာ FPNCC ခေါ် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီအဖြစ်နဲ့ ဖွဲ့စည်း ထားပြီး သူတို့ရဲ့ သဘောထားကို သတင်းစာရှင်းလင်းပွဲကျင်းပဖို့ ရှိကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေက သတင်း ထွက်ပေါ်ခဲ့ပါတယ်။

ဒီကနေ့မှာတော့ ပင်လုံအစည်းအဝေးမှာ တင်ပြမယ့် စာတမ်းတွေကို ဝေငှခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲ မကျင်းပတော့ကြောင်း ၀ တပ်ဖွဲ့ကအဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကျနော်တို့က ပြောချင်တဲ့ဟာတွေ လုပ်ချင်တဲ့ဟာတွေကို ဒီမှာ ပြည့်ပြည့်စုံစုံရှိပြီးသား ခင်ဗျားတို့ ဖတ်ပြီးမှ အမှန်အကန်ဖက်နဲ့ ပြောပေးပါ။ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ မရှိတော့ ဘူး။ ဒါနဲ့ ရှင်းလင်းသွားမယ်။”

သူတို့ ဖြန့်ဝေတဲ့ ညီလာခံမှာ တင်ပြမယ့် စာတမ်းမှာ FPNCC တာဟာ မြန်မာပြည် ငြိမ်းချမ်းရေးအတွက်ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးမှုအပိုင်းမှာ မြန်မာနိုင်ငံမြောက်ပိုင်းရဲ့ ပကတိ အခြေအနေနဲ့ ပိုမိုကိုက်ညီတဲ့ လမ်းကြောင်းတခု ရှာဖွေနိုင်မယ်မျှော်လင့်ကြောင်း၊ အဖွဲ့ဝင် အသီးသီးက ပြည်ထောင်စုအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးနောက် နိုင်ငံရေးဆွေးနွေးမှုအပိုင်းမှာ FPNCC နဲ့ အစိုးရ တိုက်ရိုက်နိုင်ငံရေးဆွေးနွေး သွားမှာ ဖြစ်ကြောင်း AA အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌအမည်နဲ့ ထုတ်ပြန်ပါတယ်။

UWSA ဝအဖွဲ့ရဲ့ ဒုတိယဥက္ကဌ ဦးကျောက်ကော်အန်းအမည်နဲ့တင်ပြတဲ့ စာတမ်းမှာတော့ NCA အပေါ် ၀ တပ်ဖွဲ့ရဲ့ သဘောထားရပ်တည်ချက်ကို ဖော်ပြသလို ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြတဲ့ သက်ဆိုင်သူတွေ အားလုံးဟာ လက်တွေ့ကျတဲ့ လိုက်လျောမှုတွေ ကိုယ်စီ ဆောင်ရွက်ဖု့ိ၊ ကိုယ်ဖက်က မလိုက်လျောဘဲ အားနည်းသူကို တဖက်သတ်တောင်းဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ရှေ့တိုးနိုင်မှာ မဟုတ်ကြောင်း ဖော်ပြခဲ့ သလို ပလောင်၊ ကိုးကန့် ၊ AA အဖွဲ့တွေကိုလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်စေဖို့ တိုက်တွန်းထားပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းအဖွဲ့တွေရဲ့ ဒီကနေ့တွေ့ဆုံပွဲဟာ နာရီဝက်လောက် သာ ကြာမြင့်ပြီး အချင်းချင်း အပြန်အလှန်မိတ်ဆက်တာနဲ့ မြောက်ပိုင်းအဖွဲ့က ဒီစာတမ်း တွေကို ပေးအပ်တာလောက်သာ ဆောင်ရွက်ခဲ့ကြောင်း၊ သီးခြားအကြောင်းအချက်တွေ မဆွေးနွေးဖြစ်ခဲ့ကြောင်း ပါဝင်တက်ရောက်သူတဦးက ပြောပါတယ်။ ဒီအပေါ်မှာတော့ မြောက်ပိုင်းအဖွဲ့၇ဖွဲ့ရဲ့ ခေါင်းဆောင် ဦးကျောက်ကော်အန်း ဆေးရုံတက်ရောက် နေရ တာကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်တာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG