သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပအိုဝ်းလူမျိုးချင်းပဋိပက္ခမဖြစ်ဖို့ PNFC တိုက်တွန်း


ဆီဆိုင်မြို့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူများ
ဆီဆိုင်မြို့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူများ

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့သိမ်းတိုက်ပွဲပြင်းထန်နေချိန် ပအိုဝ်းအမျိုးသား ဖယ်ဒရယ်ကောင်စီ (PNFC) က လူမျိုးချင်းပဋိပက္ခမဖြစ်ဖို့ ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။ စနေနေ့က ထုတ်ပြန်တဲ့ ဒီကြေညာချက်ထဲမှာပဲ NCA အပစ်ရပ်လက်မှတ်ထိုးခဲ့တဲ့ PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေး ဘဝတူညီနောင်မဟာမိတ်တွေနဲ့ ပူးပေါင်းဆင်နွှဲမယ့် ကြေညာချက်ကိုလည်း ထောက်ခံလိုက်ပါတယ်။ ပအိုဝ်းဒေသမှာ လူမျိုးချင်း ပဋိပက္ခမဖြစ်ဖို့ ဘာကြောင့် တောင်းဆိုရပြီး PNLO နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်ပါလဲ။ ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

စနေနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ထုတ် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ကြေညာချက်ထဲ အဓိကအရေးအကြီးဆုံးအချက်ကို ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက အခုလို ရှင်းပြပါတယ်။

“အခုနေ အချိန်အခါမျိုးမှာ ကျနော်တို့ ပအိုဝ်းအမျိုးသားအချင်းချင်းကြားမှာ နားလည်မှုတွေလွဲပြီးတော့မှ ပဋိပက္ခဖြစ်မှာကို ကျနော်တို့ အင်မတန်စိုးရိမ်ပါတယ်။ ထိုနည်းတူပဲ ပအိုဝ်းတွေနဲ့ အခြားသော ညီနောင် တိုင်းရင်းသားတွေကြားမှာ လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခတွေမဖြစ်ဖို့အတွက်ကို ဒါကို ကျနော်တို့ ဝိုင်းဝန်းပြီးတော့ တားဆီးကာကွယ်ပေးဖို့အတွက်ကိုလည်း ပအိုဝ်းဆရာတော်၊ သံဃာတော်များအပါအဝင် ပအိုဝ်း မိဘပြည်သူတွေကို ဝိုင်းဝန်းကာကွယ် တားဆီးပေးကြဖို့ ကျနော်တို့ ပန်ကြားတာဖြစ်ပါတယ်။ အထူးအားဖြင့်တော့ ကျနော်တို့ ပအိုဝ်းအချင်းချင်းကြားမှာ ပဋိပက္ခမဖြစ်စေရေးအတွက် အတိတ်ကာလတုန်းက ပအိုဝ်းမှာ အရပ်အခေါ် အဖြူအနီ- တနည်းအားဖြင့် လူတန်းစားရေးနဲ့အမျိုးသားရေး အယူဝါဒကွဲပြားမှုအပေါ် အခြေခံပြီးတော့မှ ၁၁ နှစ်ကြာ သွေးချောင်းစီးတဲ့တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အဲဒါလို မဖြစ်စေရေးအတွက်ကို PNO/PNA ဘက်ကလည်း ပူးပေါင်းပေးဖို့ ပန်ကြားတာဖြစ်ပါတယ်။”

အခုလို လူမျိုးရေးပဋိပက္ခဖြစ်မှာ စိုးရိမ်လာတာက ပြီးခဲ့တဲ့တနင်္ဂနွေ ဇန်နဝါရီလ ၂၁ ရက်တုန်းက ဆီဆိုင်နားက ဟိုပုံးမြို့ စံဖူးရွာမှာ PNLO - ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က လက်နက်တင်လာတဲ့ကားတွေကို PNA ပအိုဝ်းအမျိုးသားတပ်၊ ပြည်သူ့စစ်အဖွဲ့နဲ့ စစ်ကောင်စီတပ်က စစ်ဆေးရာမှာ ညှိမရဘဲ တိုက်ပွဲဖြစ်လာခဲ့ပြီး နောက်မှာ ဖြစ်လာတာပါ။ အဲဒီကတဆင့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဆီဆိုင် မြို့သိမ်းတိုက်ပွဲဖြစ်လာချိန်မှာ PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ရဲ့ သောကြာနေ့ ဇန်နဝါရီ ၂၆ ရက်နေ့က ကြေညာချက်ကို ထောက်ခံတယ်-လို့ PNFC ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ ခွန်ဝေထူးက အခုလို ပြောပါတယ်။

“ဆီဆိုင်မြို့က ရဲစခန်းအပါအဝင် စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်းတွေကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်-ပေါ့နော်၊ ဆိုတော့ ယနေ့ PNLA ရဲ့ တော်လှန်ရေးမှာ ပါဝင်လာမှုကို ကျနော်တို့ PNFC အနေနဲ့၊ ပအိုဝ်းလူထုအနေနဲ့ ကြိုဆိုထောက်ခံကြောင်းကိုတော့ ပဏာမပြောချင်တယ်။”

ဒီနေရမှာ PNLA ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ကြေညာချက်ထဲ တနိုင်ငံလုံးအပစ်ရပ်စဲရေး စာချုပ်အပေါ် သဘောထားကိုလည်း NCA လက်မှတ်ထိုးရာမှာ PNLO အဖွဲ့ဥက္ကဋ္ဌအဖြစ် ကိုယ်တိုင် လက်မှတ်ထိုးခဲ့တဲ့ ဦးခွန်မြင့်ထွန်းက အခုလို ရှင်းပြပါတယ်။

“ဒီမှာတော့ NCA နဲ့ပတ်သက်ပြီး သူတို့ PNLO/PNLA က အခုလက်ရှိဖော်ပြထားတာကတော့ NCA ကို သူတို့ သူတို့ ချိုးဖောက်တာမဟုတ်ဘူး။ NCA ကနေ သူတို့ ထွက်သွားတာလည်း မဟုတ်ဘူး၊ NCA ကို ပျက်တယ် မပျက်ဘူးလည်း သူတို့မပြောဘူး။ အဓိကအချက်ကတော့ စစ်တပ်သြဇာလွှမ်းမိုးနေတဲ့ ပတ်ဝန်းကျင်အခြေအနေအောက်မှာ NCA ကို အကောင်အထည်ဖော်လို့ မရခဲ့ဘူး၊ ဆွေးနွေးလို့မရခဲ့ဘူး-ဆိုတာ သူတို့ အဓိကပြောတာဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့

ရဲ့ ဥက္ကဋ္ဌအနေနဲ့ NCA မှာ ကျနော်တို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ NCA ကို PNLO က တန်ဖိုးထားပါတယ်။”

ဒါ့အပြင် PNLO ရဲ့ ဒီကြေညာချက်ကို PNFC ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီက ထောက်ခံပြီး ပူးပေါင်းဆောင်ရွက်မယ့် ကဏ္ဍတွေအပေါ်လည်း PNFC အတွင်းရေးမှူး (၂) လည်းဖြစ်တဲ့ ခွန်ဝေထူးက အခုလို ဆက်ရှင်းပြပါတယ်။

“PNLA နဲ့ ကျနော်တို့ PNFC ကြားမှာ စစ်ရေးကဏ္ဍ၊ နိုင်ငံရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး- စစ်ဘေးရှောင် ပြည်သူတွေအတွက်ပေါ့နော်။ ပူးပေါင်းဆောင်ရွက်သွားမယ်။”

တကယ်တော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တရုတ်ဖိအားအောက် ညီနောင်သုံးဖွဲ့စစ်ဆင်ရေး ရပ်ဆိုင်းထားရချိန် အခု တိုက်ပွဲစဖြစ်လာတဲ့ ရှမ်းတောင်ဟာ မြို့သိမ်းတိုက်ပွဲတွေ ဆက်ပြင်းထန်နေတဲ့ဒေသအခေါ် ကရင်နီခေါ် ကယားပြည်နယ်နဲ့ တဆက်တည်းရှိနေတာပါခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG