သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရာဂွေးသမ္မတကို တရားစွဲဆိုမည်


တောင်အမေရိက တိုက်ထဲက ပါရာဂွေး (Paraguay) နိုင်ငံမှာ လယ်သမားတွေ နေထိုင်နေတဲ့ ကျူးကျော်ရပ်ကွက်တွေကို အတင်းဖယ်ရှားရာမှာ တော်တော်များများ သေဆုံးခဲ့မှုနဲ့ သမ္မတ ဖာနန်းဒိုလူဂို (Fernando Lugo) အပေါ် အယုံအကြည်ရှိ မရှိ လွှတ်တော်အမတ်တွေက မဲခွဲပြီး သမ္မတကို ဖယ်ရှားလိုက်ပါတယ်။ သောကြာနေ့က မဲခွဲဆုံးဖြတ်ပြီးပြီးချင်းမှာ သမ္မတ လူဂိုက လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အတိုင်း သူ လက်ခံမှာဖြစ်တယ်၊ ဒါပေမဲ့ ပါရာဂွေးနိုင်ငံ ဒီမိုကရေစီမှာ တော်တော်လေး အပြစ်အနာအဆာ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

သမ္မတအပေါ် မယုံအကြည်ရှိ မရှိအဆိုကို အောက်လွှတ်တော်က ကြာသပတေးနေ့မှာ မဲခွဲဆုံးဖြတ်ပြီး အထက်လွှတ်တော်မှာ သောကြာနေ့က ဆုံးဖြတ်ချက်က သမ္မတကို ရာထူးကနေ ဖယ်ရှားလိုက်တာဖြစ်ပါတယ်။ ပါရာဂွေး နိုင်ငံရဲ့ လွှတ်တော် ၂ ရပ်လုံးမှာ မစ္စတာလူဂို ရဲ့ နိုင်ငံရေး အတိုက်အခံတွေက လွှမ်းမိုးထားတာ ဖြစ်ပါတယ်။

ဆုံးဖြတ်ချက်ကို ကြေညာတဲ့အချိန်မှာ လွှတ်တော်အပြင်ဘက်မှာ စောင့်နေကြတဲ့ မစ္စတာ လူဂို ကိုထောက်ခံသူ ထောင်ပေါင်းများစွာက ရဲအတားအဆီးတွေကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ကြတဲ့အတွက် ရဲတွေက မျက်ရည်ယိုဗုံးတွေ ပစ်ဖောက်ပြီး လူစုခွဲခဲ့ကြပါတယ်။

ပါရာဂွေး နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ဒုတိယသမ္မတ ဖာဒဲရီကိုဖရန်ကို (Federico Franco) က သမ္မတဖြစ်လာမှာ ဖြစ်ပါတယ်။ သူဟာ မစ္စတာလူဂို ကို ပြင်းပြင်းထန်ထန် ဝေဖန်သူတယောက်ဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင် မြေနေရာတွေပေါ်မှာ ကျူးကျော်နေထိုင်နေကြတဲ့ လယ်သမားတွေကို ဖယ်ရှားဖို့ ဖာနန်းဒိုလူဂို က ရဲတပ်ဖွဲ့ကို ပြီးခဲ့တဲ့ တပတ်က အမိန့်ပေးခဲ့တာဖြစ်ပါတယ်။ အတင်းအကျပ် ဖယ်ရှားမှုကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပြီး လယ်သမား ၁၁ ယောက်နဲ့ ရဲအရာရှိ ၆ ယောက် သေဆုံးခဲ့ပါတယ်။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ရာထူးကနေ ဆင်းပေးလိုက်ရတဲ့ သမ္မတ ဖာနန်းဒိုလူဂို ဟာ ရိုမန်ကက်သလစ် ဘုန်းတော်ကြီး တပါးဖြစ်ပြီး ဆင်းရဲသားတွေကို ကူညီမယ်၊ မြေယာတွေကို မျှမျှတတ ခွဲဝေပေးပါမယ်ဆိုတဲ့ ကတိနဲ့ ၂၀၀၈ ခုနှစ်က သမ္မတ အရွေးခံခဲ့ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG