သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုဆိုင်ရာ Paris စာချုပ် နိုဝင်ဘာမှာ စတင် အသက်ဝင်


ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ပြီးခဲ့တဲ့နှစ်ထဲ စေ့စပ်ညှိနှိုင်းခဲ့ရတဲ့ ရာသီဥတုဆိုင်ရာ သဘောတူညီချက်ကို လက်တွေ့ကျင့်သုံးနိုင်အောင် အတည်ပြုခဲ့တဲ့ နိုင်ငံ အရေအတွက် အလုံအလောက် ရရှိသွားပြီဖြစ်တာမို့ - ကာဗွန်ထုတ်လွှတ်မှုတွေ လျှော့ချပြီး ကမ္ဘာကြီး ပူနွေးမှုကို ဟန့်တားနိုင်တော့မယ့် ခြေလှမ်းတရပ် စတင်လိုက်ပြီ ဖြစ်တဲ့အကြောင်း သမ္မတ ဘရက်ခ် အိုဘားမား က ပြောဆိုလိုက်ပါတယ်။

အနာဂတ်မျိုးဆက်တွေအတွက် ကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ကြိုးပမ်းမယ့် သမိုင်းဝင်နေ့တနေ့ ဖြစ်တယ်လို့လည်း သမ္မတ အိုဘားမား က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တာပါ။ ကမ္ဘာကြီးအနေနဲ့ ပါရီသဘောတူညီချက်ကို လက်တွေ့ကျင့်သုံးနိုင်မယ့် အဆင့်တဆင့်ကို ရောက်ရှိလာပြီလို့လည်း ပြောဆိုသွားပါတယ်။

တကမ္ဘာလုံးမှာ ရာသီဥတုဖောက်ပြန်မှုတွေ ဖြစ်ပေါ်စေတဲ့ အပူချိန်မြင့်တက်မှုတွေ ဖြစ်စေတယ်လို့ ဆိုနေကြတဲ့ ကာဗွန်ဓာတ်ငွေ့ ထုတ်လုပ်မှုတွေကို လျှော့ချရေး - သမ္မတ အိုဘားမားရဲ့ လှုံ့ဆော်လှုပ်ရှားမှုတွေမှာ ပါရီသဘောတူညီချက်ဟာလည်း အဓိက ဦးစားပေးကိစ္စတခု ဖြစ်ခဲ့ပါတယ်။ သဘောတူညီချက်အရ ကမ္ဘာ့အပူချိန်ကို စက်မှုထွန်းကားတဲ့ ခေတ်မတိုင်မီ အချိန်တုန်းက ရှိခဲ့တဲ့အတိုင်း ၂ ဒီဂရီ ဆဲလ်စီရပ်စ်အောက်မှာသာ ထိန်းထားဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး၊ ကမ္ဘာပေါ်မှာ ကာဗွန်ဓာတ်ငွေ့တွေရဲ့ ၅၅ ရာခိုင်နှုန်းကို ထုတ်လုပ်နေတဲ့ နိုင်ငံပေါင်း ၅၅ နိုင်ငံက အတည်ပြုလက်ခံ လိုက်တဲ့အတွက် တရားဝင် စတင်ကျင့်သုံးနိုင်တော့မှာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ကာဗွန်ထုတ်လုပ်မှု ၁၂ ရာခိုင်နှုန်းရှိပြီး၊ နိုင်ငံပေါင်း ၂၈ နိုင်ငံ ပါဝင်တဲ့ ဥရောပသမဂ္ဂ EU ကတော့ - ဒီသီတင်းပတ်ထဲမှာပဲ သဘောတူညီ ချက်ကို အတည်ပြုခဲ့တာပါ။ သတ်မှတ်ထားတဲ့ နိုင်ငံအရေအတွက် ပြည့်မီပြီး ရက်ပေါင်း ၃၀ အကြာမှာ သဘောတူညီချက် စတင် အသက်ဝင်မှာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG