သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Paris Club မြီရှင်အဖွဲ့ မြန်မာကြွေးမြီ တဝက်လျှော်ပေးမည်


Paris Club Logo
Paris Club Logo
Paris Club မြီရှင်နိုင်ငံများက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံက တင်ရှိနေတဲ့ အကြွေးစုစုပေါင်းရဲ့ ၅၀% လျှော်ပစ်လိုက်ပါပြီ။ ဂျပန်နိုင်ငံက ဒေါ်လာသန်းပေါင်း သုံးထောင်ကျော်နဲ့ နော်ဝေနိုင်ငံက ဒေါ်လာ ၅၃၄သန်းကို ဦးဆောင်ပြီး အကြွေးတွေကို လျှော်ပစ်ပေးလိုက်တာပါ။ ကျန်မြီရှင်နိုင်ငံတွေကလည်း လာမယ့် ၆လ အတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အခြေအနေတွေကို အနီးကပ်စောင့်ကြည့်ပြီး တိုးတက်မှုရှိရင် ရှိသလို အကြွေးတွေလျှော်ပစ်ဖို့အလားအလာရှိကြောင်း၊ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေး ဘဏ်က ပေးမယ့် ချေးငွေအသစ်တွေအပေါ်မှာလည်း IMF နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ အနီးကပ်ကွပ်ကဲမယ့်အစီအစဉ်တွေနဲ့သာ အကောင်အထည်ဖေါ်ရမှာဖြစ်လို့ ပွင့်လင်းမြင်သာမှု ပိုရှိလာမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်တဲ့မြန်မာ ကိုယ်စားလှယ်အဖွဲ့ဝင် ဒေါက်တာဇော်ဦးက ပြောပါတယ်။ အသေးစိတ်ကို ရန်ကုန်ရုံး ကနေ ဒေါ်ခင်စိုးဝင်းက သတင်းပေးပို့ထားပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ Paris Club ခေါ် မြီရှင်နိုင်ငံများ အဖွဲ့တို့ဟာ ဇန်နဝါရီလ ၂၅ရက်နေ့တုန်းက ၁၈နာရီကြာ အကြိတ်အနယ် ဆွေးနွေး အပြီးမှာ မကြုံစဖူး မြန်မာနိုင်ငံရဲ့ ကြွေးမြီ ဒေါ်လာ သန်းပေါင်း ခြောက်ထောင်ကျော် လျှော်ပစ်တဲ့အထိ ညှိနှိုင်းနိုင်ခဲ့တယ်လို့ ဒေါက်တာဇော်ဦးက ဗွီအိုအေကို ပြောပြပါတယ်။

“ Paris Club က ၅၀% နဲ့ အထက် လျှော်မယ်လို့ ပြောလိုက်တော့ သူက ချက်ခြင်းကို ၅၀% ကျနော်တို့ကို လျှော်ပေးလိုက်တယ်။ ဂျပန်က အပိုအဆောင်းအနေနဲ့ ကျနော်တို့ ၁၅% လောက် ထပ်ပြီးတော့ လျှော်တယ်။ နော်ဝေကတော့ နောက်ထပ် ၅၀%၊ ၁၀၀% အပြည့် လျှော်ပေး လိုက်တာပေါ့နော်။ ကျနော်တို့ နောက်ထပ် ၁၀နိုင်ငံ ကျန်သေးတယ်။ အဲ့တော့ အဲ့ဒီ့ ၁၀နိုင်ငံကလည်း အလားအလာကောင်းတယ်လို့ ပြောလို့ရတယ်။ အကြွေးတော်တော်များများ ဟာ နောင်နှစ်အတွင်းမှာ တော်တော်များများကို ထပ်ပြီးတော့ လျှော်ပစ်လိုက်နိုင်မယ်လို့ ထင်ပါတယ်။ ဒါကတော့ ကျနော်တို့ အခု နောင် ၆လ၊ ၈လအတွင်းမှာ လုပ်မယ့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ ဘယ်လိုရလာဒ်ကောင်းတွေ ရမလဲဆိုတဲ့ အနေအထား၊ သူတို့ရဲ့ တိုးတက်မှု အနေအထားတွေပေါ်မှာ လည်း မူတည်ပါတယ်။ ဒါပေမဲ့လည်း အခုလက်ရှိ သဘောတူညီချက်အရကိုက အင်မတန်မှ အလားအလာကောင်းတွေရှိနေတယ်လို့ ပြောလို့ရပါတယ်။”

ကမ္ဘာ့ဘဏ်နဲ့ ADB လို့ခေါ်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း မြန်မာနိုင်ငံက တင်ရှိနေတဲ့ ကြွေးတွေကို ဂျပန်ကနေကြားကနေ ပြန်ဆပ်ပေးတဲ့ အတွက်ကြောင့်မို့လို့ ကြွေးအသစ်ပေးမယ် လို့ ကြေညာ လိုက်ပါတယ်။ အဲ့ဒီ့တော့ ADB က ပေးမယ့် ဒေါ်လာ ၅၁၂ သန်းရယ်၊ ကမ္ဘာ့ဘဏ်က ပေး မယ့် ဒေါ်လာ သန်းပေါင်း ၄၄၀ အဲ့ဒီ့ငွေတွေကရော Paris Club ကြွေးမြီလျှော်ပစ်တာနဲ့ရော ဆက်စပ်နေပါသလားရှင့်။

“ ဆက်စပ်ပါတယ်။ အကြွေးအားလုံးကို ကိုင်ထားတာက Paris Club ပါ။ ဘာအကြွေးပဲဖြစ်ဖြစ်၊ အစိုးရနဲ့ပဲ အကြွေးတင်တာဖြစ်ဖြစ်၊ ပုဂ္ဂလိက နိုင်ငံတကာ နိုင်ငံခြားဘဏ်တွေနဲ့ အကြွေးတင်တာပဲဖြစ်ဖြစ်၊ အခုနကပြောတဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်တဲ့ ADB တို့ World Bank တို့နဲ့ အကြွေးတင်တာပဲဖြစ်ဖြစ်၊ ရှိသမျ အကြွေးအားလုံးဟာ တိုင်းပြည် တစ်ခုဟာ ပြန်မဆပ်နိုင်ဘဲနဲ့ အကြွေးထူလာပြီဆိုရင် ဒီကိစ္စကို ဝိုင်းဖြေရှင်းပေးရတာက Paris Club ပါ။ ကျနော်တို့က Paris Club နဲ့ အရင်ဆုံး ညှိပြီး သဘောတူညီချက်ရပြီဆိုတော့မှ ကျန်တဲ့ မြီရှင်နိုင်ငံတွေ၊ အဖွဲ့အစည်းတွေနဲ့ ဘဏ်တွေကနေပြီးတော့ ကျနော်တို့ကို ဘယ်လိုကြွေးကို လျှော်ပစ်လို့ရမလဲဆိုတာကို စဉ်းစားတာပါ။ အခုနက ကျနော်ပြောလိုက်တဲ့ သန်းပေါင်း ခြောက်ထောင်နီးပါး လျှော်ပစ်လိုက်နိုင်တယ်ဆိုတာက ဒီမြီရှင်နိုင်ငံ နှစ်ခုရယ် နောက်ပြီးတော့ ၁၂ခုကနေပြီးတော့ ပေါင်းပြီးတော့ ကျနော်တို့ကို ပထမအရစ်အနေနဲ့ ၅၀% စပြီးတော့ လျှော်ပေးလိုက်တာပါ။ သို့သော်လည်းပဲ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာ့ဘဏ်တို့ ADB တို့ကတော့ သူတို့ရဲ့ အဖွဲ့ဝင်တွေအပေါ်မှာ ကတိကဝတ် ရှိမှုကြောင့်မို့လို့ ဘယ်အကြွေးမဆို သူတို့က လျှော်ပစ်လို့မရဘူး။ အကြွေးမှန်သမျ သူတို့က ရကို ရရမယ်ဆိုတော့ ကျနော်တို့ကလည်း အဲ့တာကို ပြန်ဆပ်သင့်ပါတယ်။ ဒါကိုလည်း ကျနော်တို့ ဂျပန်အစိုးရကနေ တဆင့် ကျနော်တို့ကို ကူညီတဲ့အနေနဲ့ ဆပ်ပေးလိုက်တဲ့အတွက်ကြောင့် ကျနော်တို့က အကြွေးအသစ်နဲ့ သူတို့ကို စပြီးတော့ ပူးပေါင်းဆောင်ရွက်လို့ရသွားပြီ ဆိုတဲ့ အခြေအနေ လမ်းကြောင်းတစ်ခုပွင့်သွားတာပါ။”

ချေးငွေတွေကို အသုံးချတဲ့နေရာမှာလည်း IMF ခေါ် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ အနီး ကပ်စောင့်ကြည့်တဲ့ စနစ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့တာနဲ့ ပတ်သက် လို့လည်း ဒေါက်တာဇော်ဦးက အခုလိုရှင်းပြပါတယ်။

“IMF က ကျနော်တို့ကို စောင့်ကြည့်မယ့် အစီအစဉ်တွေ၊ နောက်ပြီးတော့ ခုနပြောတဲ့ World Bank တို့၊ ADB တို့ကလည်း သူတို့ စီမံကိန်းတွေ လုပ်မယ်ဆိုရင် အရမ်း၊ အရမ်း လုပ်လို့မရပါဘူး။ အခုခေတ်မှာ ပြည်သူဗဟိုပြု အဖွဲ့အစည်းတွေ၊ Civil Society ကလည်း အင်မတန် အားကောင်းလာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ရဲ့ ပါဝင်မှုနဲ့ သူတို့ရဲ့ အကြံပြုချက်တွေကလည်း အင်မတန်မှ အရေးကြီးပါလိမ့်မယ်။ အဲ့တော့ ကျနော်တို့ဖွံ့ဖြိုးရေးစီမံကိန်းတော်တော်များများဟာ ခုနပြောတဲ့ မူဘောင်တွေထဲမှာ လုပ်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပွင့်လင်းမြင်သာမှု၊ ယခင်ကထက်စာရင် ပိုပြီးတော့ အများကြီး အားကောင်းလာလိမ့်မယ်လို့ ထင်ပါတယ်။”

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာက ရရှိတဲ့ ချေးငွေတွေကို ဖွံ့ဖြိုးရေးစီမံကိန်းတွေ၊ ဆင်းရဲမွဲတေမှုလျော့ပါးရေး အစီအစဉ်တွေအတွက်၊ အသုံးချပြီးတော့ စီးပွားရေးနဲ့ လူမှုရေးပြုပြင်ပြောင်းလဲမှု အတွက် အားသွန်ခွန်စိုက် အကောင်အထည်ဖော်သွားမယ့် အကြောင်း မြန်မာနိုင်ငံ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ Paris Club ခေါ် မြီရှင်နိုင်ငံများအဖွဲ့တို့ ပူးတွဲထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG