သုံးရလွယ်ကူစေသည့် Link များ

ပြင်သစ်မှာ အစွန်းရောက်လူငယ်တဦး လက်ချက်ကြောင့် ရဲအရာရှိနဲ့ အမျိုးသမီးသေဆုံး


ပြင်သစ်နိုင်ငံ Paris မြို့နားမှာ ရဲအရာရှိတယောက်နဲ့ သူ့ရဲ့အမျိုးသမီးကို ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ မသင်္ကာသူဟာ သူတို့ဘာသာကို မယုံကြည်သူအားလုံးနဲ့ မိသားစုဝင်တွေကို ဘယ်မှာပဲဖြစ်ဖြစ် သတ်ပစ်ဖို့ IS စစ်သွေးကြွတွေက တိုက်တွန်းထားတဲ့အတိုင်း လိုက်နာခဲ့တာဖြစ်တယ်လို့ ပြင်သစ် တာဝန်ရှိသူတွေက ပြောပါတယ်။

Paris မြို့အနောက်ပိုင်းက နေအိမ်မှာ ရဲမှူးကြီးနဲ့ သူ့ရဲ့အမျိုးသမီးကို တနင်္လာနေ့ညပိုင်းက ဓားနဲ့ထိုးသတ်ခဲ့သူဟာ Larossi Abballa ဆိုသူဖြစ်တယ်လို့ Paris မြို့အစိုးရရှေ့နေ Francois Molins က ပြောကြားပါတယ်။

အသက် ၂၅ နှစ်အရွယ် Abballa နဲ့ ရဲတွေနဲ့ ၄ နာရီလောက် ကြာအောင် အခြေအတင် ဖြစ်ခဲ့ပြီးနောက် အထူးရဲတပ်ဖွဲ့တွေက အိမ်ထဲကို အတင်းဝင်ပြီး သူ့ကို သုတ်သင်ခဲ့ရပါတယ်။ IS စစ်သွေးကြွတွေက ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာလို့ ဆိုခဲ့ပါတယ်။

Abballa ဆီမှာ နောက်ထပ် တိုက်ခိုက်မယ့်သူတွေရဲ့ စာရင်းကိုလည်း တွေ့ခဲ့ရတယ်လို့ အစိုးရရှေ့နေ Francois Molins က ပြောပါတယ်။ အဲဒီစာရင်းထဲမှာ ဖျော်ဖြေသူတွေ၊ သတင်းထောက်တွေ၊ ရဲအရာရှိတွေ အစိုးရတာဝန်ရှိသူတွေ ပါဝင်ပါတယ်။

Abballa ဟာ အကြမ်းဖက် လုပ်ရပ်တွေလုပ်ဖို့ ရည်ရွယ်ချက်ရှိတဲ့ အဖွဲ့အတွက် လူတွေစုဆောင်းပေးမှုနဲ့ ၂၀၁၃ ခုနှစ်တုန်းက အရေးယူခံရဖူးသူ ၈ ယောက်ထဲက ၁ ယောက် ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက သူ့ကို ဖမ်းမိစဉ်မှာ သူဟာ ပါကစ္စတန်မှာ အကြမ်းဖက်သင်တန်း သွားတက်ဖို့ စီစဉ်နေတာဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်မှာ သူ့ကို ၆ လ ဆိုင်းငံ့ပြစ်ဒဏ် အပါအဝင် ထောင်ဒဏ် ၃ နှစ် ချခဲ့ပါတယ်။

၂၀၁၅ ဒီဇင်ဘာလအထိ ရဲစောင့်ကြည့်စာရင်းထဲမှာ Abballa ပါခဲ့တယ်လို့ အစိုးရရှေ့နေ Francois Molins က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ တနင်္လာနေ့ညတုန်းက Abballa ဟာ ရဲမှူးကြီးကို ဓားနဲ့ထိုးသတ်ပြီးတဲ့နောက် သူ့ရဲ့အမျိုးသမီး ရဲမေနဲ့ ၃ နှစ်အရွယ် ကလေးငယ်ကို ဓားစာခံအဖြစ် ဖမ်းထားခဲ့ပါသေးတယ်။

သူတိုက်ခိုက်တဲ့ အဖြစ်အပျက်တွေကိုလည်း Facebook လူမှုကွန်ယက်ပေါ်မှာ ၁၂ မိနစ်လောက်ကြာအောင် တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပါတယ်။ အထူးတပ်ဖွဲ့တွေ အိမ်ထဲဝင်နိုင်ချိန်မှာ လည်လှီးအသတ်ခံထားရတဲ့ အမျိုးသမီးနဲ့ အင်မတန် ထိတ်လန့်နေတဲ့ ကလေးငယ်ကို တွေ့ခဲ့ရတယ်လို့ ရဲက ပြောပါတယ်။

XS
SM
MD
LG