သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ် အားကစားပွဲ နောက်ဆုံးနေ့ ပွဲစဉ်တွေ ယှဉ်ပြိုင်


အမျိုးသမီးမာရသွန် ပြေးပွဲမှာ နယ်သာလန်နိုင်ငံက Sifan Hassan ရွှေတံဆိပ်ရ
အမျိုးသမီးမာရသွန် ပြေးပွဲမှာ နယ်သာလန်နိုင်ငံက Sifan Hassan ရွှေတံဆိပ်ရ

ပဲရစ် အိုလံပစ်ပြိုင်ပွဲနောက်ဆုံးနေ့ပွဲစဉ်တွေကို ပြင်သစ်နိုင်ငံမှာ ဒီနေ့ဆက်လက်ယှဉ်ပြိုင်ကြတာမှာ အမျိုးသမီးဘော်လီဘောပွဲမှာတော့ အီတလီအမျိုးသမီးအသင်း ဗိုလ်စွဲပြီး အိုလံပစ် ချန်ပီယံဖြစ်သွားပါတယ်။ နောက်ဆုံးဖိုင်နယ်မှာ အီတလီအသင်းက အမေရိကန်ကို ၂၅ - ၁၈၊ ၂၅ - ၂၀၊ ၂၅ - ၁၇ ၊ နဲ့ ၃ ပွဲပြတ်အနိုင်ရပြီး ရွှေတံဆိပ်ရသွားခဲ့ပါတယ်။ ဒါဟာ အီတလီအမျိုးသမီး ဘော်လီဘောအသင်းအတွက်တော့ အိုလံပစ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ဖူးတာပါ။ မနေ့က ကစားတဲ့ တတိယနေရာလုပွဲမှာတော့ ဘရာဇီးက တူရကီကို ၃ ပွဲ ၁ ပွဲနဲ့ နိုင်ပြီး တတိယရပါတယ်။

ပြေးခုန်ပစ်ပြိုင်ပွဲတွေဘက်က အမျိုးသမီးမာရသွန် ပြေးပွဲမှာတော့ နယ်သာလန်နိုင်ငံက Sifan Hassan က အနိုင်ရပြီး ရွှေတံဆိပ်ရသွားပါတယ်။ ဒီပွဲမှာ အီသီယိုပီးယားက Tigst Assefa က ဒုတိယနဲ့ ကင်ညာက Hellen Obiri က တတိယရပါတယ်။

အမျိုးသမီး ၈၁ ကီလိုတန်း အလေးမပြိုင်ပွဲမှာတော့ တရုတ်နိုင်ငံက Wenwen Li က ပထမ ရွှေတံဆိပ်ရသွားခဲ့ပြီး တောင်ကိုရီးယားက Park Hyejeong က ဒုတိယ နဲ့ ဗြိတိန်က Emily Campbell က တတိယရပါတယ်။

ဒီနေ့မှာတော့ အမျိုးသမီး ဘတ်စကတ်ဘောနဲ့ အမျိုးသား ဝါတာပိုလို နောက်ဆုံးဖိုင်နယ်ပွဲတွေကိုလည်း ကစားသွားဖို့ ရှိနေပါတယ်။ အမျိုးသမီး ဘတ်စကတ်ဘောမှာတော့ အိမ်ရှင်ပြင်သစ်နဲ့ အမေရိကန်တို့ ဗိုလ်လုရမှာြဖစ်ပြီး၊ စနေနေ့က ကစားတဲ့ အမျိုးသား ဘတ်စကတ်ဘော ဖိုင်နယ်မှာတော့ အမေရိကန်အသင်း အိမ်ရှင်ပြင်သစ်ကို ၉၈ မှတ် - ၈၇ မှတ် နဲ့ အနိုင်ရပြီး ရွှေတံဆိပ် ရသွားခဲ့ပါတယ်။

အခုနောက်ဆုံး ဆုတံဆိပ် ရရှိမှုအနေအထားမှာတော့ တရုတ်နိုင်ငံက ရွှေ ၄၀ နဲ့ ပထမနေရာမှရှိနေပြီး၊ အမေရိကန်က ၃၈ ခု နဲ့ ဒုတိယ နဲ့ ဂျပန်နိုင်ငံက ၂၀ နဲ့ တတိယနေရာကို တက်လာခဲ့ပါတယ်။

ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲကတော့ ဒီနေ့မှာ ပြီးဆုံးမှာြဖစ်ပြီး ပိတ်ပွဲအခမ်းအနားကိုတော့ ပြင်သစ်ဒေသစံတော်ချိန် ည ၉ နာရီမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG