ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ဂျာမန်ခရီးသွားတယောက် ဓားဒဏ်ရာနဲ့ သေဆုံးပြီး နောက်ထပ်လူ ၂ ယောက် ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုအတွက် မသင်္ကာသူ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောလိုက်ပါတယ်။ စနေနေ့ညက တိုက်ခိုက်မှုအတွက် အသက် ၂၅ နှစ်အရွယ် ပြင်သစ်နိုင်ငံသား အမျိုးသားတဦးကို ရဲကဖမ်းဆီးခဲ့ပြီး၊ ဖမ်းဆီးခံရသူဟာ အကြမ်းဖက်တိုက်ခိုက်ဖို့အတွက် ထောင်ထဲမှာ ၄ နှစ်လောက် စီစဉ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီးနောက် မသင်္ကာသူ အမျိုးသားဟာ အာဖဂနစ္စတန်နဲ့ ပါလက်စတိုင်းဒေသတွေမှာ မွတ်ဆလင်တွေရဲ့ အသက်တွေ ဆုံးရှုံးနေရတဲ့အပေါ် မကျေနပ်ကြောင်းနဲ့ ပြင်သစ်နိုင်ငံရဲ့ လက်ချက်မကင်းဘူးလို့ ပြောဆိုခဲ့တယ်လို့လည်း ပြည်ထဲရေးဝန်ကြီး Gerald Darmanin ကပြောပါတယ်။ ပြင်သစ်နိုင်ငံ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးရုံးကလည်း စုံစမ်းစစ်ဆေးမှုတွေ စတင်လိုက်ကြောင်း အတည်ပြုခဲ့တာပါ။ စနေနေ့က ဂျာမန်ခရီးသွား စုံတွဲကို ဓားနဲ့စတင်တိုက်ခိုက်ခဲ့ရာက အမျိုးသားဖြစ်သူ သေဆုံးခဲ့ပြီး နောက် ၂ ယောက်ကတော့ တူနဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။
တိုက်ခိုက်မှုအတွက် ဖမ်းဆီးခံရသူရဲ့ အမည်ကို အာဏာပိုင်တွေက ထုတ်ဖော်မပြောပေမဲ့ သူဟာ ထောင်ထဲမှာ ၄ နှစ် နေထိုင်ခဲ့ရပြီး ၂၀၂၀ မှာ ပြန်လွတ်လာပြီးနောက်ပိုင်း စောင့်ကြည့်ခံရသူဖြစ်သလို စိတ်ပိုင်းဆိုင်ရာ ရောဂါအတွက် ကုသမှုခံယူနေသူ ဖြစ်တယ်လို့ ပြောပါတယ်။