ဝန်ကြီးဌာနသစ်၂ခုအတွက် ပြည်ထောင်စုဝန်ကြီး ၂ဦးနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ပါ အဖွဲ့ဝင်တို့ လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ လက်ရှိ အစိုးရ ယန္တယားလည်ပတ်မှုနဲ့ပတ်သတ်လို့ အစိုးရ လုပ်ငန်းစဉ်တွေ ပြန်လည် သုံးသပ် သင့်နေပြီလို့ ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။ ဒီသတင်းကိုဗွီအိုအေ မြန်မာပိုင်းကမေခပေးပို့ထားပါတယ်။
ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဝန်ကြီးဌာနသစ်၂ခုအတွက် ပြည်ထောင်စုဝန်ကြီး ၂ဦးနဲ့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ပါအဖွဲ့ဝင်တို့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ဒီလိုဝန်ကြီးဌာန အသစ်တွေနဲ့ ကော်မရှင်ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ကြာသပတေးနေ့က ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြုလိုက် တာပါ။
ရခိုင်အရေးကိစ္စနဲ့ နိုင်ငံတကာဖိအားတွေ ရင်ဆိုင်နေ ရချိန်မှာပဲ ဒီဖိအားတွေကို ဖြေရှင်းနိုင်ဖို့ နဲ့ အစိုးရ ယန္တယား ပိုမို လည်ပတ်နိုင်ဖို့ ဌာနသစ် ၂ ခုတိုးချဲ့တာ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက လွှတ်တော်မှာ ပြောဆိုသွားပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဆိုပြီး အသစ်ထပ်တိုးတာမှာ ၀ါရင့်သံတမန်ဟောင်းတွေဖြစ်ကြတဲ့ ဦးသောင်းထွန်းနဲ့ ဦးကျော်တင်က ပြည်ထောင်စုဝန်ကြီးအနေနဲ့ တာဝန်ယူမှာ ဖြစ်ပါတယ်။ အဂတိလိုက်စားမှု တိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကိုတော့ အရင် ပြန်ကြားရေး ဝန်ကြီးဟောင်း လည်းဖြစ် အငြိမ်းစားတပ်မတော်အရာရှိဟောင်းဖြစ်သူ ဦးအောင်ကြည်ကို ဥက္ကဌ အနေနဲ့ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
လွှတ်တော်မှာ ဒီကိစ္စနဲ့ပတ်သတ်လို့ ဆွေးနွေးတာမှာ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ အရင်ဝန်ကြီးဟောင်း ကယားပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိမ်းက လက်ရှိ အစိုးရ အနေနဲ့ လုပ်ငန်းတာဝန်များနေတဲ့ အခြား ဝန်ကြီးဌာနတွေရဲ့ အခြေအနေ ကို အမြန်ဆုံး သုံးသပ်ဖို့အပါအဝင် NLD အစိုးရရဲ့ လုပ်ဆောင်မှုတွေပြန်သုံးသပ်ဖို့ ကို ထောက်ပြပြောဆိုသွားပါတယ်။
" အချိန်အခါ အခြေအနေအရ ပြောင်းလဲ ပြင်လွယ်နိုင်မှု flexibility ရှိရမယ်ဆိုတာကိုလည်း အထူးလိုအပ်ပါတယ်။ သို့သော်လည်း အမှန်တကယ်လိုအပ်တဲ့ တိုးချဲ့မှုဖြစ်ဖို့ လည်း လိုအပ်ပါတယ်။ ဝန်ကြီးဌာန နှစ်ခုတိုးချဲ့ခြင်းအပေါ် သဘောတူတယ်လို့ ကျနော်တို့ဘက်က စဉ်းစားပေးမယ်ဆိုရင် ကျန်တဲ့ Work Load များနေတဲ့ ဝန်ကြီးဌာနေတွေလည်း ပြန်လည် သုံးသပ်ပြီး အမြန်တိုးချဲ့ပေးမယ်ဆိုရင် ယနေ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရရဲ့ လုပ်ကိုင်အကောင်အထည်ဖော် ဆောင်ရွက်မှုတွေ ပိုမိုတိုးတက်အားကောင်းလာမယ်လို့ လေးလေးနက်နက် အကြံပြုအပ်ပါတယ် ဝန်ကြီးဌာန အသီးသီးမှာ ဒုတိယဝန်ကြီးတွေ ပြည့်ပြည့်စုံစုံ ခန့်ထားပေးမယ်ဆိုရင် လွှတ်တော်များမှာ မေးခွန်းတွေ ဖြေကြားရခြင်း ပြည်တွင်းလှည့်လည် စစ်ဆေးမှုတွေ ပြုလုပ်ရခြင်း ဝန်ထမ်းများကို ဖိဖိစီးစီး ပြုပြင်ပေးနိုင်ခြင်း ပြည်သူနဲ့ထိတွေ့နိုင်ခြင်းများ ပိုမိုသက်ဝင်လာမှာဖြစ်ကြောင်း ထပ်မံအကြံပြုအပ်ပါတယ်။ အနာဂတ်NLD ခေါင်းဆောင်များကိုလည်း နိုင်ငံ့အုပ်ချုပ်ရေး အတွေ့အကြုံတွေပေးမယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲမှာနိုင်မယ်ဆိုရင် အဆင်သင့်ဖြစ်နိုင်ကြောင်းလည်း ထပ်မံအကြံပြုအပ်ပါတယ်။ "
လွှတ်တော်မှာ နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောဆိုခဲ့တာတော့ တိုးချဲ့မယ့် ဝန်ကြီးဌာန ၂ခု လုပ်ဆောင် မယ့် လုပ်ငန်းစဉ်တွေက ပြည်သူတွေအတွက်ပိုမိုထိရောက်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ဖွဲ့လိုက်တဲ့ အတွက် အားသာချက်အပေါ် ဦးထွန်းထွန်းဦးက အခုလို တင်ပြခဲ့ပါတယ်။
"ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ယခုလို ဖွဲ့စည်းပြီးတော့ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီး ခန့်အပ်တာဝန်ပေးမယ်ဆိုလို့ရှိရင် အချုပ်တင်ပြရရင်တော့ ပြည်ထောင်စု ဝန်ကြီးဌာနနဲ့ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေကြားမှာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စတွေ အစိုးရအဖွဲ့ရုံးဝန်ကြီးအနေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနိုင်မှာလည်းဖြစ်ပါတယ်။ အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို ပြည်သူကို ရှင်းလင်းတင်ပြအသိပေးရမယ့် ကိစ္စတွေကိုလည်း ဒါဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ် နိုင်ငံတော်ရဲ့ နိုင်ငံရေး လုံခြုံရေး စီးပွားရေးဆိုင်ရာ အခြေအနေတွေကို ပြည်သူလူထုကို အချိန်နဲ့တပြေးညီ အသိပေး ရှင်းလင်းနိုင်မှာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် အမျိုးသားလွှတ်တော် ပြည်သူ့လွှတ်တော်က ဖိတ်ကြားတဲ့အခါမှာလည်း ဝန်ကြီးအနေနဲ့ လာရောက် ရှင်းလင်း တင်ပြနိုင်မှာဖြစ်တဲ့အတွက် အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေဟာ ပိုမိုထိရောက်မြန်ဆန်လာမယ် ဆိုတဲ့အကြောင်း တင်ပြလိုပါတယ်။ "
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဖွဲ့ရတာဟာ နိုင်ငံတကာ ဆက်ဆံရေး ပိုမိုကောင်းဖို့ရည်ရွယ် သလို လက်ရှိရခိုင် ပြဿနာတွေမှာ နိုင်ငံတကာဘက် ကို ထိရောက်တဲ့ သတင်းမှန်ထုတ်နိုင်ဖို့အတွက်လည်း ရည်ရွယ် ကြောင်းပြည်ထောင်စု ရှေ့နေချုပ်က တင်ပြခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကလည်း အမှန်တကယ် လုပ်နိုင်သူတွေနဲ့ အစိုးရယန္တယားကို အကောင်းဆုံးမောင်းနှင်နိုင်ဖို့ လက်ရှိအစိုးရအနေနဲ့ လိုအပ်နေတယ်လို့ သုံးသပ် လိုက်ပါတယ်။
"ဝန်ကြီးဌာန နှစ်ခုတိုးတယ်ဆိုတော့ ဘာပဲပြောပြော ဒါကတော့ ပိုပြီးတော့ ကောင်းလာမယ်လို့ ထင်ပါတယ်။ ရှေ့လျောက်ပြီးတော့ ဒါထက်တောင်မှ တိုးချဲ့ပြီးတော့ လုပ်ဖို့ လိုတယ်လို့ထင်တယ် အဲ့လိုမျိုး ဝန်ကြီးများများ ဒုဝန်ကြီးတွေ များများနဲ့ အလုပ်လုပ်မှ ဝန်ကြီးဌာနတွေကို ကောင်းကောင်း သူတို့ကိုင်တွယ်နိုင်လိမ့်မယ်လို့ ထင်တယ်။"
ဒီကနေ့ ကျမ်းသစ္စာကျိန်ဆိုပြီး ဖြစ်တာကြောင့် လက်ရှိ NLD အစိုးရလက်ထက်မှာအစိုးရ ဝန်ကြီးဌာန ၂၄ ခု ရှိလာပြီဖြစ်ပါတယ်။