သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သစ် ပြည်နယ်လွှတ်တော်အတည်ပြု


ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်တဲ့ ဗိုလ်ချုပ် မောင်မောင်အုန်း (Photo Credit to U Nyo Ohn Myint FB)
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်တဲ့ ဗိုလ်ချုပ် မောင်မောင်အုန်း (Photo Credit to U Nyo Ohn Myint FB)

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် သမ္မတအမည်တင်သွင်းထားတဲ့ ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ချုပ်မောင်မောင်အုန်းကို ဒီကနေ့မှာပဲ ပြည်နယ်လွှတ်တော်က ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါပြီ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်သူတွေ ရွေးကောက်တဲ့ ရခိုင်တိုင်းရင်းသား ဖြစ်စေချင်တဲ့အကြောင်း ရခိုင်ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်အရေအတွက် အများဆုံးရထားတဲ့ ရခိုင် အမျိုးသားပါတီ ANC က ကြေညာချက်တစ်စောင် ထုတ်ခဲ့သေးတာပါ။ ဗိုလ်ချုပ်မောင်မောင်အုန်းကို ဒီလ ၂၀ ရက်နေ့ကမှ ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ တပ်မတော်သားကိုယ်စားလှယ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်လိုက်တာ ဖြစ်ပြီး ၅ ရက်အကြာ ၂၅ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အဆိုပြုခဲ့တာပါ။

သူ့ကို ကန့်ကွက်လိုသူတွေကို ၂ ရက်တိတိ အချိန်ပေးခဲ့ပေမယ့် ရခိုင်ပြည်နယ်လွှတ်တော်က ကန့်ကွက်မဲ မရှိနဲ့ တညီတညွတ်တည်း ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အတည်ပြုလိုက်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ကျမ်းကျိန်မယ့်ရက်တော့ အတိအကျ မသိရသေးဘူးလို့ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးအောင်မြကျော်က အခုလို ပြောပါတယ်။

“ဗိုလ်ချုပ်မောင်မောင်အုန်းကို ဝန်ကြီးချုပ်အဖြစ် အတည်ပြုလိုက်တယ်ဆိုတဲ့ ကြေညာချက်ကို ကြေညာချက်သဘောမျိုးပါပဲ။ ၂၅ ရက်နေ့က ကျနော်တို့ လွှတ်တော်မှာ သမ္မတက အဆိုပြုလွှာတင်တယ်။ ၂၇ ရက်နေ့မှာ ဗိုလ်ချုပ်မောင်မောင်အုန်းကို ကန့်ကွက်လွှာ နောက်ဆုံးထားပြီး တင်လို့ရတယ်ဆိုပြီး ဥက္ကဋ္ဌကြီးက ပြောတယ်။ ၂၇ ရက်နေ့မှာ သူ့ကို ကန့်ကွက်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်သူမှ မရှိတဲ့အတွက် ဒီနေ့တော့ အတည်ပြုလိုက်တဲ့ သဘောမျိုး။ ဒီလွှတ်တော်မှာ အတည်ပြုတာပဲ ရှိပါတယ်။ ဒီအတည်ပြုချက်ကို သမ္မတဆီယူပြီး လွှတ်တော်ဥက္ကဋ္ဌက သမ္မတဆီပို့ရအုံးမယ်။ သမ္မတဆီက ခန့်အပ်လွှာ အမိန့်ထုတ်ပြန်တဲ့စာ ဒီကိုရောက်ပြီးမှ ဝန်ကြီးချုပ်က ကျန်းသစ္စာကျိန်ဆိုပြီးမှ ဝန်ကြီးချုပ်ဖြစ်မှာပါ။”

ဗိုလ်ချုပ်မောင်မောင်အုန်းဟာ နယ်စပ်ရေးရာ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီ အတွင်းအရေးမှူးနဲ့ ပြည်ထောင်စုအဆင့် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေးဌာန ECC ရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ကတော့ နိုင်ငံတကာမှာ မျက်နှာပန်းမလှ ဖြစ်နေရတဲ့ လက်ရှိ ရခိုင်ပြည်နယ်အတွင်းက လူမျိုးရေး ပဋိပက္ခတွေကို ကိုင်တွယ်လာရမှာဖြစ်တာမို့ စောင့်ကြည့်ကြရမယ့်အနေအထားလို့လည်း လွှတ်တော်အမတ်တွေက ပြောကြပါတယ်။

အခု ဗိုလ်ချုပ်မောင်မောင်အုန်းကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဟာ တပ်မတော်သား ကိုယ်စားလှယ်တွေထဲက ဒုတိယမြောက် ပြည်နယ်ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။ လက်ရှိကရင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးချုပ်ဇော်မင်းအောင်ဆိုရင်လည်း တပ်မတော်သား ကိုယ်စားလှယ်ကနေ ခန့်အပ်ထားသူ ဖြစ်ပါတယ်။

XS
SM
MD
LG