နိုင်ငံနဲ့ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာ မြင့်မားဖို့ အတွက် ရွေးကောက်ပွဲ ရလဒ်နဲ့အညီ နောက် သက်တမ်း လွှတ်တော်ခေါ်ယူဖို့ ညှိနှိုင်း အစည်းအဝေး ကျင်းပတာဖြစ် တယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း က ပြောလိုက်ပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း အပါအဝင် အခြား လွှတ်တော်ခေါင်းဆောင်တွေနဲ့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံပြီး ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့တာပါ။ ဒီအကြောင်း ကိုအောင်အောင်ကတင်ပြထားပါတယ်။
ပထမအကြိမ်လွှတ်တော်သက်တမ်းဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလကုန်မှာ ကုန်ဆုံးမှာဖြစ် တာကြောင့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးကို အခုလိုကျင်းပတာပါ။ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာ၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာမြင့်မားရေးအတွက် တာဝန်ရှိသူတွေ အနေနဲ့ မြင့်မြတ်သည့် စိတ်ထားဖြင့် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွေမန်းက အစည်းအဝေးမှာ အခုလို ပြောပါတယ်။
“ကျနော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာရော၊ ကျနော်တို့ ပြည်သူများရဲ့ ဂုဏ်သိက္ခာရော ဒီလိုဆောင်ရွက်နိုင်ဖို့ ဆိုရင် ကောင်းမွန်လာမှာဖြစ်တဲ့အတွက် ဒီအစည်းအဝေးမှာ ထုတ်ပြန်ကြေညာချက်နဲ့ပဲ ဒီအတိုင်း စတင်ဆွေးနွေးသွားမှာပါ။"
နိုဝင်ဘာ ၁၉ ရက်နေ့က သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ထုတ်ပြန်ကြေညာထားတဲ့ သဘောတူညီချက် အစိတ်အပိုင်း တရပ်ကို အခုလို အကောင်အထည်ဖေါ်တာဖြစ်ပြီး နိုင်ငံရေး အနှစ်သာရ ပါဝင်ကြောင်းကိုလည်း သူရဦးရွှေမန်းက ပြောပါတယ်။
ပြည်သူ့လွှတ်တော်သက်တမ်းတရပ်ရဲ့ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို အထွေထွေ ရွေးကောက်ပွဲကျင်းပတဲ့ နေ့ရက်ကစလို့ ရက်ပေါင်း ၉၀ အတွင်း ခေါ်ယူရမှာ ဖြစ်တယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်း ထားတာပါ။ ဒီကနေ့ အစည်းအဝေး မှာ နောင်လွှတ်တော်အတွက် ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေး တည်းခိုနေထိုင်ရေး စတဲ့ကိစ္စတွေကို လည်း ဆွေးနွေးခဲ့ကြတယ်လို့ ပြည်သူ့လွှတ်တော်ရုံး တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။
“ လွှတ်တော် ပုံမှန် လွှတ်တော်မစတင်ခင် အစည်းအဝေးခေါ်တဲ့အတိုင်းကို ပို့ဆောင်ရေးအဖွဲ့ ပါပါတယ်။ နောက်ပြီးတော့ ကျနော်တို့ တည်းခိုနေထိုင်ရေး အတွက်ကို နေပြည်တော်စည်ပင်သာယာရေးကော်မတီက ပါပါတယ်။ လုံခြုံရေးအတွက် ပြည်ထဲရေးကလည်းပါတာပေ့ါနော်။”
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် ဒုတိယအကြိမ်လွှတ်တော် လုပ်ငန်းတွေ စတင်ဖို့ အတွက် အခုလို အစည်းအဝေးကျင်းပတာပါ။ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဗဟို အလုပ်မှုဆောင်တွေဖြစ်တဲ့ ဦးဝင်းမြင့်၊ ဒေါက်တာ ဇော်မြင့်မောင်တို့ ဒီညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။