သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံခုံရုံးကို လွှတ်တော်က အရေးယူဖို့စဉ်းစား


လွှတ်တော် ကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ဘူးလို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့တဲ့အပေါ် အရေးယူသင့်မသင့် စုံစမ်းစစ်ဆေးဖို့အတွက် ပြည်သူ့ လွှတ်တော်က ဒီကနေ့မှာ စုံစမ်းရေး ကော်မတီ ဖွဲ့စည်းလိုက်ပါတယ်။ ဒီအပေါ်မှာ ဖွဲ့စည်းပုံခုံရုံးကရော ဘယ်လို တုံ့ပြန်ပါသလဲ၊ အသေးစိတ်ကို စုံစမ်းထားတဲ့ ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

အစိုးရကဏ္ဍတွေဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြဌာန်းရေးလွှတ်တော်နဲ့ တရားခုံရုံးတွေအကြား ပထမ ဆုံး ပြင်းထန်လာတဲ့တင်းမာမှုလို့ သုံးသပ်သူတွေ ပြောနေကြတဲ့ ဒီအငြင်းပွားမှုမှာ ပြည်သူ့လွှတ်တော် ဘက်ကတော့ ဖွဲ့စည်းပုံခုံရုံးကို အရေးယူနိုင်ဖို့အတွက် စုံစမ်းရေးကော်မရှင်ကို အောက်လွှတ်တော်ရဲ့ ဒုဥက္ကဋ္ဌ ကိုယ်တိုင် ဦးဆောင်ပြီး ဖွဲ့စည်းလိုက်ပါပြီ။ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အခြား နိုင် ငံရေးပါတီဝင်များစွာက ပြည်သူ့လွှတ်တော် အမတ်တွေပါတဲ့ ၁၅ ဦး စုံစမ်းရေး ကော်မရှင်အနေနဲ့ လွှတ်တော်အပြီး ညနေပိုင်းမှာပဲ အစည်းအဝေးထိုင်ခဲ့တယ်လို့ ကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့ NLD အမတ် ဦးဝင်းထိန်က ဆိုပါတယ်။

“စောင့်ထိန်းရမယ့် ဝတ္တရားလေးတွေ ဦးနန္ဒကျော်စွာက ရှင်းပြတာပါ။ နာရီဝက်မကြာပါဘူး။”

ဦးဝင်းထိန်ကပဲ အခုလို ပြည်သူ့လွှတ်တော်ဘက်က စုံစမ်းရေးကော်မတီဖွဲ့ရတာက အင်္ဂါနေ့တုန်းက အထက်လွှတ်တော်ဖြစ်တဲ့ အမျိုးသားလွှတ်တော်ဘက်က အမတ် ၁၆၀ ကျော်ရဲ့ထောက်ခံမှုနဲ့ ဖွဲ့စည်းပုံ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းတယ်လို့ ပြစ်တင် ရှုတ်ချအပြီးမှာ ဖြစ်တယ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းထံ လိုအပ်တာ ဆက်လုပ်နိုင်ဖို့ သဝဏ်လွှာပို့ အကြောင်းကြားအပြီးမှာ ဦးရွှေမန်းက အခုလို ဖွဲ့စည်းပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်တော့ သမ္မတနဲ့ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦးက အဆိုပြုပြီး ပါလီမန်ဘက်က အတည်ပြု ဖွဲ့စည်းပေးခဲ့တဲ့ အဖွဲ့ဝင်ကိုးဦးပါ ဒီ ဖွဲ့စည်းပုံဆိုင်ရာကော်မတီက မတ်လမှာ ဆုံးဖြတ်ချက်ချခဲ့တဲ့အပေါ် ပါလီမန်လွှတ်တော်ဘက်က မကျေနပ်ပြဿနာတက်လာခဲ့ပုံကို ဦးဝင်းထိန်က အခုလို ဆက်ရှင်းပြပါတယ်။

“ဒီကိစ္စ ပြဿနာဖြစ်နေတာ ကြာလှပြီဗျ။ ကျနော်တို့ လွှတ်တော်မတက်ခင်ကတည်းက၊ ဖွဲ့စည်းပုံ ဆိုင်ရာ ခုံရုံးကနေပြီးတော့မှ လွှတ်တော်ကော်မတီဟာ ပြည်ထောင်စုအဆင့် မဟုတ်ပါဘူးဆိုပြီးတော့ ဆုံးဖြတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားတာ။ သို့သော်လည်းပဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မှာရော၊ တခြားနည်းဥပဒေတွေ မှာရောက ပြည်ထောင်စုအဆင့်ပါလို့ ပါရဲ့သားနဲ့ ခုံရုံးဥက္ကဋ္ဌက ဝန်မခံဘဲနဲ့ မှားယွင်းစွာ ဆုံးဖြတ်တယ်ပေါ့။ အဲဒီကိစ္စပါ။ အငြင်းပွားပုံမှာ- ခုံရုံးဥက္ကဋ္ဌနဲ့တကွ ခုံရုံး အဖွဲ့ဝင်တွေက လွှတ်တော်ကိုယ်စားလှယ်တွေကို ဆက်ဆံပုံ၊ ဆက်ဆံနည်းက မယဉ်ကျေးဘူးပေါ့။”

ဒီအစိုးရမဏ္ဍိုင်တွေကြား အာဏာခွဲဝေမှုဆိုင်ရာ အငြင်းပွားမှုကြီးကို ဘယ်လို အကောင်းဆုံး ဖြေ ရှင်းနိုင်ပါလဲလို့ မေးရာမှာတော့ ဦးဝင်းထိန်ကပဲ-

“ဒီအချက်တွေက မမေးရသေးဘူးလေ။ မမေးရသေးတော့ ကျနော်လည်း မပြောနိုင်သေးဘူး။ သို့သော်လည်း ဒီကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဟို တနေ့က ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပါ တယ်။ ဘယ်လိုဆွေးနွေးသလဲ ဆိုလို့ရှိရင် လွှတ်တော်တွေ စပြီးပေါ်ကာစမှာ ပြဿနာဖြစ်တာတွေက မဆန်းပါဘူးတဲ့။ ဖြစ်လေ့ဖြစ်ထ ရှိပါ တယ်၊ ပေါ်လာတဲ့ပြဿနာကို နှစ်ဦးနှစ်ဘက် ညှိနှိုင်းဖြေရှင်းပြီးတော့ ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ ဆိုတဲ့သဘောမျိုးနဲ့ အဖြေရဖို့အတွက် ကြိုးစားသင့်ပါတယ်၊ နောက် တခုက ဒီမိုကရေစီကျင့်စဉ်အရ ဆွေးနွေးညှိနှိုင်းပြီးတော့မှ လုပ်တဲ့ Process of ---- အဲဒါမျိုးတွေနဲ့ လုပ်သင့်ပါတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောထားတော့ ကျနော်တို့က ဒီမူအတိုင်း လက်ခံကျင့်သုံးရမှာပါပဲ။”

အခုလို ပြဿနာ အငြင်းပွားမှုမှာ အုပ်ချုပ်ရေးမဏ္ဍိုင်ခေါင်းဆောင်ဖြစ်တဲ့ သမ္မတဦးသိန်းစိန်ဘက်က ဘယ်လို အမြင်ရှိနေပါလဲလို့ ဆက်ပြီးမေးရာမှာတော့ ဦးဝင်းထိန်က-

“သမ္မတဘက်ကတော့ ကျနော် ဘာမှ မကြားဘူး။ သို့သော်လည်းပဲ ခုံရုံးအဖွဲ့တွေကို ပြစ်တင်ရှုတ်ချရေး ထုတ်မဲ့အစား တော်တော်သက်သာတဲ့နည်းနဲ့ သမ္မတအမိန့်အာဏာနဲ့ hornorable discharge ပေါ့။ ဂုဏ်သရေရှိစွာနဲ့ အငြိမ်းစားပေးတာမျိုးလုပ်ဖို့ဆိုပြီး လွှတ်တော်ဥက္ကဋ္ဌကနေပြီး သမ္မတကို တင်ပြတယ်။ အဲဒါကို သမ္မတက လက်မခံဘူးလို့ သိရပါတယ်။”

ဒီမိုကရေစီမဏ္ဍိုင်တွေကြား ဆွေးနွေးညှိနှိုင်းဖြေရှင်းဖို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရ ဦးအုန်းကြိုင်ကလည်း သဘောတူပါတယ်။ ဒါပေမဲ့ လိုအပ်ရင် ဖွဲ့စည်းပုံ ဖြည့်စွက်ပြောင်းလဲဖို့ကိုပါ သမ္မတဘက်က သဘောတူတဲ့သဘောမျိုး ပြောလာခဲ့တယ်လို့ ဦးအုန်းကြိုင်က ဆက်ပြောပါတယ်။
“သမ္မတကပြောတဲ့ နိဂုံးချုပ်မှာ ဒါက သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ --- ဖြစ်တဲ့ အတွက်ကြောင့် မိမိလုပ်ပိုင်ခွင့်ဘောင်ထဲကပဲ ဆောင်ရွက်ကြပါ-လို့ သူ ပြောတယ်။ အဲဒီလိုဆိုရင်တော့ ဟိုဘက်ကလည်းမမှားဘူး၊ ဒီဘက်ကလည်း မမှား ဘူးပေါ့ဗျာ။ အဓိပ္ပာယ်က ဖွဲ့စည်းပုံမှာ မပါဘူး ဆိုတော့ ဖွဲ့စည်းပုံမှာပါအောင် လုပ်ကြပေါ့- ဒီအဓိပ္ပာယ်ပြောနေတာ”

အဲဒီတော့ ဒီနေရာမှာ လွှတ်တော်ထဲမှာ ၂၅% ယူထားတဲ့ တပ်မတော်သား အမတ်တွေ ဘက်က အမြင်ကို မေးရာမှာတော့ ဦးဝင်းထိန်က-

“တပ်မတော်သား ဗိုလ်မှူးကြီးသုံးယောက် ဆွေးနွေးပါတယ်။ နှစ်ယောက်ကတော့ ဥပဒေခုံရုံးကို စွပ်စွဲတာတွေ၊ ဘာတွေ သိပ်ပြီးလက်မခံချင်ဘူး။ သို့သော်လည်းပဲ နောက်ဆုံး တတိယဆွေးနွေးတဲ့ ပုဂ္ဂိုလ်ကတော့ သမာသမတ်ကျပါတယ်။ အဖြစ်မှန်ကိုစုံစမ်း၊ စုံစမ်းပြီးတော့ ကူညီနိုင်တာကို ဆောင် ရွက်ပေးမယ့် သဘောမျိုး ပြောသွားတာ။ သူတို့မှာလည်း အဲလို ပါးပါးလေးတွေ ကွဲပြားမှုရှိပါတယ်။”

အခုလို ပါလီမန်ဘက်ကနေ ဖွဲ့စည်းပုံအခြေခံဆိုင်ရာ ခုံရုံးကို အရေးယူဖို့ ကြိုးစားပြင်ဆင်လာတဲ့ အပေါ်မှာ ဖွဲ့စည်းပုံခုံရုံးဘက်ကလည်း စိုးရိမ်မှုတွေဖြစ်လာပြီး ပြည်ထောင်စုတရား လွှတ်တော်ချုပ် ထံကို သဝဏ်လွှာပို့ကာ ပါလီမန်ဘက်က သူတို့ရဲ့ ကော်မတီ၊ ကော်မရှင်တွေ ပြည်ထောင်စုအဆင့် ရှိတယ်လို့ သတ်မှတ်တာ ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ သသိပေးလိုက်ပါတယ်ခင်ဗျာ။
XS
SM
MD
LG