သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်းတွင်း တရားခံပြေးပြဿနာ တိုင်းလွှတ်တော်မှာ ဆွေးနွေး


မြန်မာ့လွှတ်တော် အစည်းအဝေးခန်းမ
မြန်မာ့လွှတ်တော် အစည်းအဝေးခန်းမ

ရန်ကုန်တိုင်းဒေသကြီးမှာ တရားခံပြေးအများဆုံးရှိနေတာဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီရဲ့ ဆောင်ရွက်ချက်တွေကို အစိုးရက ပူးပေါင်းဖို့အားနည်းနေတာကြောင့်လို့ ဥပဒေပညာရှင်တွေက ဝေဖန်လိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ တရားခံပြေးတွေ အခုလို အများဆုံးရှိနေတာနဲ့ ပတ်သက်ပြီး ဒီကနေ့ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မေခက သတင်းပေးပို့ထားပါတယ်။

တိုင်းဒေသကြီးလွှတ်တော်မှာ ရန်ကုန်တိုင်းဒေသကြီးဟာ တရားခံပြေး အများဆုံး တိုင်းဒေသကြီးတခုအနေနဲ့ ရှိနေတဲ့အခြေအနေအပေါ်မှာ ရန်ကုန်တိုင်း ဒေသကြီး ကမာရွှတ်မဲဆန္ဒနယ်ရဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးမြငွေက တိုင်းအစိုးရအနေနဲ့ တရားခံပြေးအများဆုံး တိုင်းဒေသကြီးဖြစ်နေတဲ့ အပေါ်မှာ ဂုဏ်မယူဖို့နဲ့ ဘယ်လိုဖမ်းဆီးနေသလဲဆိုတာကို ခုလိုမေးခွန်းထုတ်လိုက်ပါတယ်။

“ရန်ကုန်တိုင်းက တပြည်လုံးမှာ တရားခံပြေးအများဆုံးဆိုတာဟာ ဂုဏ်ယူရမယ့်အလုပ် မဟုတ်ပါဘူး။ ဒါ့ကြောင့် ကျနော့်မေးခွန်းကတော့ ရန်ကုန်တိုင်းမှာ အခုလို များပြားလှတဲ့ တရားခံပြေးတွေကို၊ ဖမ်းမမိသေးတဲ့ တရားခံပြေးတွေကို ဘယ်ပုံဘယ်နည်းနဲ့ ဖမ်းဆီးနေပါသလဲ၊ ဖမ်းဆီးမိနိုင်ရေးအတွက်၊ အချိန် တိုတိုအတွင်းမှာ မိနိုင်ရေးအတွက် ဘယ်လို အစီအမံတွေနဲ့ ဘယ်လို ထိထိရောက်ရောက် သက်ဆိုင်ရာက ကြိုးပမ်းဆောင်ရွက်ပေးနေသလဲဆိုတာကို ဥက္ကဋ္ဌကြီးက တဆင့် ပြန်လည်ဖြေကြားပေးပါရန် လေးစားစွာ မေးမြန်းအပ်ပါတယ်ခင်ဗျာ။”

တရားခံပြေးအများဆုံး ပြည်နယ်နဲ့ တိုင်းအနေနဲ့ ကြည့်မယ်ဆိုရင်ရန်ကုန်တိုင်းဒေသကြီးပြီးရင် ပဲခူး၊ မန္တလေးနဲ့ ရခိုင်ပြည်နယ်တို့ ပါဝင်ပါတယ်။ တရားခံပြေးဆိုတာမှာ အမှုကို ရင်ဆိုင်ဖြေရှင်းတာမရှိဘဲ ဖမ်းဆီးမခံဘဲ ထွက်ပြေးနေတာကို ဆိုလိုတယ်လို့ ဥပဒေပညာရှင်က ရှင်းပြပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းကတော့ ဒီထဲမှာ ရဲဘက်ပြေး၊ တပ်ပြေးတို့မပါဝင်ပါဘဲ တရားခံပြေးတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးနေမှု အပိုင်းကို ခုလို ရှင်းပြပါတယ်။

“တရားခံပြေးများ ဖော်ထုတ်ဖမ်းဆီးရာတွင် ပြည်သူလူထုရဲ့ အကူအညီ သတင်းပေးမှုရရှိရေးအတွက် မြန်မာ့ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင် သံကြားနဲ့ skynet ဥပဒေ channel တို့မှာ တရားခံပြေးနဲ့ပတ်သက်တဲ့ အချက်အလက်များကို စာတန်းထိုး စီစဉ်ကြေညာသွားရန် ဆောင်ရွက်လျှက် ရှိပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်အနေနဲ့လည်း ၃ လအတွင်း ၂၅ % ကျော်ကို ဖမ်းဆီးနိုင်ခြင်းမရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးများကို ခေါ်ယူသတိပေးသွားရန် အစီအစဉ်များ ချမှတ်၍ အလေးထား ဆောင်ရွက်လျှက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်။”

ရန်ကုန်မြို့တွင်း ၄၅ မြို့နယ်မှာ တရားခံပြေးတွေကို ဖမ်းဆီးတာမှာ ခရိုင်အလိုက်၊ မြို့နယ်အလိုက် ဖမ်းဆီးမှုတွေနဲ့အရေးယူတာဖြစ်ကြောင်း၊ အမှုအခင်း ဖြစ်ပွားရာ သက်ဆိုင်ရာမြို့နယ်တွင်း တရားခံပြေးများကို ရဲဥပဒေ ၂၉ (က) နဲ့အရေးယူပြီး အခြားမြို့နယ်တွင်းက တရားခံပြေးတွေ ကိုတော့ ရဲဥပဒေ ၂၉ (ဂ) အရ အရေးယူတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးတင်ဝင်းက ဆိုပါတယ်။

လက်ရှိမှာရန်ကုန်တိုင်း ခရိုင် ၄ ခရိုင်စလုံးမှာ ဖမ်းဆီးရန်စာရင်းရှိက ၂၉ (က) အရ အမှုပေါင်း ၁၅ဝ ကျော်မှာ ၁ မှုသာ ဖမ်းဆီးရမိထားပြီး ၂၉ (ဂ) အရ အမှုပေါင်း ၂,၄ဝဝ ကျော်မှာ အမှုပေါင်း ၂,၃ဝဝ ကျော် ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့လည်း ဗိုလ်မှူးကြီးတင်ဝင်းက ပြောပါတယ်။ တိုင်းဒေသကြီးအတွင်းမှာ တရားခံပြေး ဖမ်းဆီးရမိမှု အားနည်းနေသလို ရာဇဝတ်မှုတွေလည်းများနေတယ်လို့ မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်က ဦးကြီးမြင့်က ပြောပါတယ်။

“(၁) ကတော့ သမ္မတဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့်တွေ သုံး-လေးကြိမ်လောက် သူလွှတ်ပစ်လိုက်တာမှာ နိုင်ငံရေးအကျဉ်းသားက (၃) ထောင် လောက် ပါပြီးတော့ ရာဇဝတ်သားက (၆၀,၀၀၀) လောက် ပါတယ်ဗျာ။ အဲဒီတော့ အဲဒီရာဇဝတ်သားတွေက ထပ်ပြီးတော့ပြစ်မှုတွေ ကျူးလွန်တယ်။ အများဆုံးက ရန်ကုန်တိုင်းမှာ ပါတဲ့လူတွေပဲ၊ နော်၊ (၂) အချက်က ဘာလဲဆိုလို့ရှိရင် တရားဥပဒေ စိုးမိုးရေး- ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်တို့ ဖွဲ့ထားတယ်-နော်။ အဲဒီကော်မတီက တိုင်းအလိုက်၊ ခရိုင်အလိုက်တွေ သူတို့ ရုံးခန်းတွေ ဖွင့်တဲ့အခါမှာ နိုင်ငံတော်ဘက်က ပူးပေါင်းဆောင်ရွက်မှု လုံးဝ မရှိဘူး။ လုံးဝ နီးပါးမရှိဘူး။ ကော်မတီကလည်း ဘာမှ အလုပ်မဖြစ်ဘူးပေါ့ဗျာ။ မလုပ်နိုင်ဘူး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ စစ်တပ်ကလာတဲ့လူတွေရဲ့ စစ်ပုလိပ်တွေပဲဖြစ်တယ်။ ရဲတပ်ဖွဲ့ကလူတွေ မဟုတ်ဘူး။ တဆင့်တိုးရာထူးတွေနဲ့ ယူထား တာ။ အဲဒီအတွက် ရဲလုပ်ငန်း မကျွမ်းကျင်ဘူး။ ရဲလုပ်ငန်း မကျွမ်းကျင်တဲ့အခါကျတော့ တရားခံကို ဘယ်လို ဖမ်းရမယ်၊ ဘယ်လို ဖျက်မယ် ဆိုတာကို သူတို့နားမလည်ဘူး။ အဲဒီတော့ ရန်ကုန်တိုင်းအတွင်းမှာ တရားခံပြေးတွေ များနေရတဲ့အကြောင်းရင်းမှာ အဲဒါတွေ ပါပါတယ်။”

တိုင်းဒေသကြီးအစိုးရက နှစ်စဉ် တရားခံပြေးဖမ်းဆီးမှုကို စီမံချက်တွေနဲ့ ဖမ်းဆီးနိုင်အောင်ကြိုးစားနေပေမယ့် ခုချိန်ထိတော့ ရန်ကုန်တိုင်းဟာ တရားခံပြေး အများဆုံးတိုင်းတခုအဖြစ် ရှိနေဆဲပဲလို့ ဥပဒေပညာရှင်တွေက ကောက်ချက်ချပါတယ်ရှင်။

XS
SM
MD
LG