သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရဝန်ထမ်းတွေ လစာထပ်တိုးရေး လွှတ်တော် ဆုံးဖြတ်မည်


မြန်မာအစိုးရက အခြေခံဝန်ထမ်းလစာတွေ တလကို ၂ သောင်းစီတိုးမြှင့်ပေးမယ့် အဆိုပြုချက်ကို အစိုးရက လွှတ်တော်ကို တင်သွင်းထားပြီ ဖြစ်ပြီး မနက်ဖြန်မှာ ဆုံးဖြတ်ချက်ကျနိုင်မယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ အခုလို ဝန်ထမ်းလစာတွေ တိုးမြင့်ပေးမယ့် တချိန်တည်းမှာပဲ တခြား ဝန်ထမ်းမဟုတ်တဲ့ အပြင်အလုပ်သမားတွေရဲ့ အခြေခံလစာ တိုးမြှင့်ပေးနိုင်ဖို့အတွက်လည်း အစိုးရက ကော်မီတီဖွဲ့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

နိုင်ငံတော် အစိုးရက ၂၀၁၄ - ၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အခြေခံ ဝန်ထမ်းလစာတွေ တိုးမြှင့်ပေးဖို့ အစိုးရ ဘတ်ဂျက်ကော်မီတီက ရေးဆွဲထားတဲ့ အဆိုပြုချက်ကို လွှတ်တော်ကို တင်သွင်းထားတာဖြစ်ပါတယ်။ ဒီအဆိုပြုချက်အပေါ် လွှတ်တော်အမတ်အများစုက ကန့်ကွက်ဖို့ အလားအလာ မရှိတဲ့ အပြင် လွှတ်တော်မှာ လက်ရှိအာဏာရပါတီက အမတ်နေရာအများစု အနိုင်ရထားတာဖြစ်တဲ့အတွက် မနက်ဖြန် မတ်လ ၂၅ ရက်နေ့ လွှတ်တော် စည်းဝေးပွဲအတွင်း ဒီအဆိုပြုချက် အတည်ဖြစ်နိုင်ခြေများတယ်လို့ အမျိုးသားလွှတ်တော်အမတ်လည်းဖြစ်၊ ပူးပေါင်းငွေစာရင်း ကော်မီတီဝင် တစ်ဦးလည်းဖြစ်တဲ့ ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

“ဒီဥပဒေအရဆိုလို့ရှိရင်တော့ ၂၀၁၄၊ First April ကနေပြီးတော့ တရားဝင်ဖြစ်မှာကိုး။ ဒီဟာကို မနက်ဖြန်ကျနော်တို့ အတည်ပြုပြီးလို့ရှိရင် ၂၀၁၄၊ ဧပြီလကစပြီးတော့ သူတို့ဆွဲထားတဲ့ Figure အတိုင်း သူတို့ပေးတော့မှာ။ သူတို့ဆွဲထားတဲ့အတိုင်းပါတဲ့ Detail စာရင်းပေါ့နော်၊ ဘယ်သူ ဘယ်လောက် ဘယ်လောက်ဆိုတဲ့စာရင်းအတိုင်း သူတို့ထုတ်ပေးလိုက်တော့မှာပါ။”

မေး။ ။ ဆိုတော့- တိုးပေးလိုက်တယ်ဆိုတော့ သူတို့မှာ အကြောင်းပြချက်ရော ရှိသလားဗျ။ ကျနော်ဆိုလိုချင်တာက နှစ်စဉ် ငွေကြေးဖောင်းပွမှုနှုန်းက ဒါလောက်ရှိတယ်။ ဒါကြောင့်မို့လို့ သူတို့ရဲ့လစာကို ဒီလို လိုက်ညှိပေးရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ တိုးပေးတာလား။

ဖြေ။ ။ အဲလိုသဘောပေါ့။ ဒါကတော့ ထုတ်တော့မပြောဘူးပေါ့။ ဘာလို့လဲဆိုတော့ နိုင်ငံက ငွေကြေးဖောင်းပွမှုနှုန်းက ရှိနေတာကိုး။ အခြေခံစားကုန်တွေက တနှစ်ထက်တနှစ် တက်နေတာကိုး။ နောက်တစ်ခု ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင်တော့ဗျာ- နောက်နှစ်ကျတော့ ရွေးကောက်ပွဲကာလဗျာ။ ဒီအစိုးရအနေနဲ့ကျတော့လည်း စည်းရုံးရေးသဘောမျိုးလည်း ရှိတာပေါ့ဗျာ။ ပါတီက အစိုးရဖွဲ့တဲ့အချိန်မှာ ဒါတွေ ဒါတွေ ရှိတယ်ဆိုတဲ့ Image ကိုလည်း လိုချင်တာကိုး။

ယေဘုယျအားဖြင့်တော့ ဝန်ထမ်းလစာတွေတိုးမြင့်ပေးလိုက်ရင် ငွေကြေးဖောင်းပွမှုနှုန်း ကြီးထွားလာလေ့ရှိတာကြောင့် လစာတိုးပေးတဲ့အပေါ် ဝမ်းသာ ဝမ်းနည်း ဖြစ်ကြရတာပါ။ ဒါပေမယ့် အခုနောက်ပိုင်း အစိုးရက နိုင်ငံပိုင် စီးပွားလုပ်ငန်းကြီးတွေရဲ့ ကုန်ကျစရိတ်သက်သာအောင် ဆောင်ရွက်ချက်တွေ ရှိလာတဲ့အတွက် ဒီတခါမှာတော့ အရင်လစာတိုးတာတွေထက် ပိုပြီး ထူးခြားမှုရှိနိုင်တယ်လို့ ဦးဖုန်းမြင့်အောင်က သုံးသပ်ပါတယ်။

“ဒီနေ့ Figure မှာတော့ capital တော်တော်များများ လျှော့လိုက်တယ်ဗျ။ နောက်တစ်ခါကျတော့ ဘာဖြစ်သလဲဆိုလို့ရှိရင် အခု ကျနော်တို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်းက ဘာပုံစံကို အစပျိုးထားလဲဆိုလို့ရှိရင် အခု နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းတွေ အတော်များများကို အရှိန်လျှော့ပစ်လိုက်ပြီ။ အရှိန်လျှော့ပစ်လိုက်တဲ့အတွက် အခု သူတို့ တော်တော်များများကို ပုဂ္ဂလိကတွေ၊ ဖက်စပ်တွေ တော်တော်များများ ပေးတယ်ပေါ့ဗျာ။ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းကြီးတွေမှာ ငွေကို ထင်သလိုသုံးတယ်။ အဲဒီဟာက တိုင်းပြည်ကို ပိုပြီး ဒုက္ခရောက်တာပါ။ အခု နေပြည်တော်မှာတို့ ဘာတို့ရှိတဲ့လူတွေဆိုရင် ကျနော်တို့ အရင်ခေတ်ကနဲ့မတူဘူးပေါ့နော်။ ဦးသန်းရွှေလက်ထက်မှာဆိုလို့ရှိရင် capital တွေ တအားများပြီး နေပြည်တော်ကြီးက စည်ကားပြီးတော့ ကန်ထရိုက်တွေရဲ့ ပွဲတော်ကြီး၊ မြို့တော်ကြီးဖြစ်နေတာပေါ့။ အခုကျတော့လည်း အားလုံး ဒါတွေ ရှင်းသွားပါပြီ။ နောက်ပြီး ပညာရေးနဲ့ပတ်သက်တဲ့ ဘတ်ဂျက်တွေဆိုလို့ရှိရင် တိုင်းနဲ့ပြည်နယ်တွေ ကျနော်တို့က ဖြန့်ပေးလိုက်တာပေါ့နော်။ အဲဒါတွေကတော့ တနှစ်နှစ်နှစ်အတွင်းမှာ သိသာလိမ့်မယ်။ SOE Capital တွေ လျော့တဲ့အတွက် inflation rate ကတော့ သက်သာလိမ့်မယ်။ ဝန်ထမ်းလစာတိုးပေးတာကတော့ စည်းရုံးရေးအရ တိုးပေးတာပဲ။ သို့သော်ငြားလည်း တဘက်က ပြန်ကြည့်လို့ရှိရင်တော့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကို ဘရိတ်အုပ်တာတော့ ကြိုဆိုရမယ့်အချက်ပါဗျ။”

အစိုးရဝန်ထမ်းလစာတွေအပြင် တခြား အစိုးရဝန်ထမ်းမဟုတ်တဲ့ ပြင်ပ အလုပ်သမားတွေရဲ့ အခြေခံလာစာ တိုးမြှင့်ပေးရေးအတွက်လည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ အစိုးရက ကော်မီတီဖွဲ့ပြီး အချက်အလက်တွေကို စုဆောင်းနေတယ်လို့ - အနည်းဆုံး အခကြေးငွေဆိုင်ရာ အမျိုးသားကော်မီတီအဖွဲ့ဝင် - အလုပ်သမားကိုယ်စားလှယ် ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောပါတယ်။

“ဟုတ်ကဲ့။ ၂ ပိုင်း ပြောရမှာပေါ့နော်။ တပိုင်းက အစိုးရဝန်ထမ်းပိုင်းပေါ့။ အစိုးရဝန်ထမ်းပိုင်းကတော့ ၂ သောင်းတိုးပေးမယ်ဆိုပြီးတော့ အစိုးရပိုင်းကနေ ကြော်ငြာထားတာကိုး။ နောက်တပိုင်း Survey ကောက်နေတဲ့ဟာကျတော့ ပုဂ္ဂလိကပိုင်းက အလုပ်သမား၊ ဝန်ထမ်းတွေပေါ့။ သူတို့တွေကို တရက်လုပ်ခ လစာ၊ အခကြေးငွေဘယ်လောက် သတ်မှတ်ရင်ဖြစ်မလဲဆိုတဲ့အနေအထားကို ပြန်လိုက်ကောက်တာ။ ကောက်ပြီးလို့ရလာတော့မှ အမျိုးသားကော်မီတီ တင်ပါလိမ့်မယ်။ အဲဒီ အမျိုးသားကော်မီတီကျမှ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ နောက် ပညာရှင်အားလုံး ဆွေးနွေးပြီးတော့မှ ဘယ်လောက် သတ်မှတ်သင့်သလဲဆိုတာ ပြန်သတ်မှတ်ရမှာ။ သတ်မှတ်လိုက်တာကလည်း အတည်ရယ်လို့ မဟုတ်ပါဘူး။ ထွက်လာတဲ့အချိန်မှာ အလုပ်သမားတွေကနေပြီး ပြန်ကန့်ကွက်ခွင့်ရှိတယ်။ အဲဒီဟာကို။”

ဒီကော်မီတီကိုတော့ အလုပ်သမားဝန်ကြီး ဦးအေးမြင့်က ဦးဆောင်နေတာဖြစ်ပြီး လာမယ့် ဇူလိုင်နဲ့ သြဂုတ်လတွေလောက်မှာ စစ်တမ်းကောက်ယူမှုတွေ ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်း အခြေခံ ဝန်ထမ်းလစာတွေကို ဒေသတွင်း အာဆီယံနိုင်ငံတွေနဲ့ တပြေးညီဖြစ်အောင် လုပ်ဆောင်ပေးသွားမယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ၁၉၈၈ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်တွေအကြား ဝန်ထမ်းလစာ ၅ ကြိမ် တိုးမြှင့်ပေးခဲ့တာမှာ နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၀ ခုနှစ် ဇန်နဝါရီလက တိုးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG