သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Pat Jasan မူးယစ်နှိမ်နင်းရေးအဖွဲ့ တိုက်ခိုက်ခံရ


Pat Jasan မူးယစ်နှိမ်နင်းရေးအဖွဲ့ တိုက်ခိုက်ခံရ- Photo credit to Jade Land Kachin- La N Lung Lung FB.
Pat Jasan မူးယစ်နှိမ်နင်းရေးအဖွဲ့ တိုက်ခိုက်ခံရ- Photo credit to Jade Land Kachin- La N Lung Lung FB.

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ဘိန်းခင်းဖျက်ဆီးဖို့ သွားရောက် တဲ့ လူထု အခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်တွေကို သေနတ်၊ ဗုံးတွေနဲ့ တိုက်ခိုက်ခံ ရတာကြောင့် လူအတော်များများ ထိခိုက်ဒဏ်ရာရပြီး လူ
အယောက် ၂၀ကျော် ကတော့ မြစ်ကြီးနားဆေးရုံ ကို ရောက် လာပြီဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ မနက် ၉နာရီလောက် မှ ၂ကြိမ် ၊ နေ့ခင်း ၁နာရီလောက်မှာ တကြိမ် ဖြစ်ပွားခဲ့တာပါ။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ကချင်ပြည်နယ် မူးယစ်ဆေး တိုက်ဖျက်ရေး အတွက် ဆွေးနွေးနေချိန်မှာပဲ ဘိန်းခင်းဖျက်ဆီးဖို့ သွားရောက်တဲ့ Pat Jasan ခေါ် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့ဝင်တွေကို သေနတ်၊ဗုံးတွေနဲ့ တိုက်ခိုက်ခံ ရတာဖြစ်ပါတယ်။ ဒီကနေ့ တိုက်ခိုက်ခံရတဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ဝင်တွေဟာ ဗုဒ္ဓဟူးနေ့က လုံခြုံရေးတွေနဲ့အတူ ဘိန်းခင်းတွေဆီကို ပထမဆုံး ထွက်ခွာသွားတဲ့ အဖွဲ့ ၂ဖွဲ့ ဖြစ်ပါတယ်။

မနက် ၉နာရီလောက်မှာ စတင် တိုက်ခိုက်ခံရတာကြောင့် သူတို့ကို ကူညီဖို့
ထပ်မံ သွားရောက်တဲ့ ကား ၅စီးဟာ နေ့ခင်း ၁နာရီလောက်မှာ ထပ်မံ တိုက်ခိုက်ခံ ရတယ်လို့ ဒဏ်ရာရသူတွေကို သယ်ဆောင်လာတဲ့ မူးယစ်တိုက်ဖျက်ရေးကော်မတီ ဝင် ဦးဒိုင်ဇောင်းက ပြောပါတယ်။

" တောင်ဘက်ခြမ်းက အဖွဲ့ အရင်စ ဖြစ်ပါတယ်ခင်ဗျ။ သူတို့ကို သေနတ်နဲ့ ပစ်၊ နောက်ပြီးတော့ လူတွေ ဝိုင်းရိုက်၊ အဲ့လို ရုန်းရင်းဆန်ခတ်ဖြစ် ပြီးတော့ နောက်တခါကျတော့ အထက်က အဖွဲ့နဲ့ပြန်ဖြစ်တယ်။ အထက်နဲ့ အဖွဲ့ ပြန်ဖြစ်တော့ သူတို့ကို လာဝိုင်းထားတယ်။ အခု ရဲတွေလည်း ထွက်ပြေး သွားတယ်။ ကျနော်တို့ အနောက်ကို ပြန်ဖုန်းဆက်တော့ အဲ့ဒီ့ဘိန်းဖျက်အဖွဲ့ ကားငါးစီး ပြန်တက်လာတယ် ခင်ဗျ။ ကန်ပိုက်တီးနဲ့ မြစ်ကြီးနား လမ်းမကြီးပါ အပေါ်မှာကို တိုက်ခိုက်ခံရတာပါခင်ဗျ။ သေနတ်နဲ့ပစ်တာ၊ မိုင်းနဲ့ပစ်တာ၊ ကိုးနာရီလောက်က စဖြစ်ပါတယ် ခင်ဗျ။ အခု ကျနော် တင်လာတဲ့ လူနာကတော့ တစ်နာရီ လောက်မှာ ပစ်ပါတယ်ခင်ဗျ။ "

လောလောဆယ် လူဘယ်လောက် ထိခိုက်တယ်ဆိုတာ မသိရသေးကြောင်းနဲ့ ကား၃စင်းနဲ့မြစ်ကြီးနားဆေးရုံကို ပို့ဆောင်နေကြောင်း ဒဏ်ရာရသူတွေကို သယ်ဆောင်လာတဲ့ မူးယစ်တိုက်ဖျက်ရေးကော်မတီဝင် ဦးဒိုင်ဇောင်းက ပြော ပါတယ်။

"ဘယ်နှစ်ယောက်လဲ တော့ သေချာ မသိသေးဘူးခင်ဗျ။ ဟိုဘက်မှာ အထက်မှာလည်း အများကြီး ဒဏ်ရာ ရပါတယ်ခင်ဗျ။ မိုင်းထောင်တာ များပါတယ်ခင်ဗျ။ သေနတ်နဲ့ပစ်တာ၊ မိုင်းနဲ့ပစ်တာ၊ အခု ကျနော် အခုသယ်လာတဲ့လူတွေကတော့ ဒဏ်ရာ ရတာ သုံးယောက်ပါ ခင်ဗျ။ မိုင်းတွေနဲ့ပစ်တာ သုံးလေးငါးချက် ထိတယ်ခင်ဗျ။ တယောက်ဆို အရမ်းဆိုးပါတယ်ခင်ဗျ။ သွေးအရမ်းသွန်တော့ ကျနော်တို့ ရှေ့မှာ ဒဏ်ရာရတဲ့သူ တင်တဲ့ကားကတော့ ကားနှစ်စီး သွားပါတယ်ခင်ဗျ။ လူနာတင်တဲ့ကားက ကျနော်နဲ့ဆို နှစ်စီး အခု နောက်မှာလည်း ကျန်သေးတယ်။"

အခြား မူးယစ်တိုက်ဖျက်ရေး ကော်မတီဝင်တဦးကတော့ မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်တွေ ရဲ့ စားနပ်ရိက္ခာတွေ၊ အိပ်ယာလိပ်တွေနဲ့ ရွက်ထည်တဲတွေကို မီးရှို့လိုက်ကြသလို ကား ၂စင်းလည်း ဖျက်ဆီးခံရကြောင်း ပြောပါတယ်။

" ကျနော်တို့ရဲ့ ပစ္စည်းတွေ စားကုန်သောက်ကုန်တွေ ကားတွေရော အိပ်ယာလိပ်တွေရော အားလုံး မီးရှို့ပစ်လိုက်တယ် သူတို့က။ လမ်းမကြီးပေါ်မှာ အဲ့ဒီ့အဖွဲ့တဖွဲ့က လာပြီးမှ သေနတ်တွေနဲ့ မိုင်းတွေနဲ့ လာပစ်လို့ ကျနော်တို့ အဲ့ဒီ့မှာ ကားနှစ်စင်း မီးရှို့ခံရတယ်။ အဲ့ဒီ့ ဝတ်မောရဲ့ တောင်ကုန်းပေါ်မှာဆိုရင် ဦးဇခုန်တိန်ယင်းတို့ရဲ့ စစ်တပ်ရှိတယ်လေ။ တောင်ကုန်းပေါ် ကနေ ကျော်ပြီး သေနတ်နဲ့ပစ်လို့ ကျနော်တို့ အဖွဲ့တွေ ဒဏ်ရာရပြီး အခု ဆေးရုံရောက်နေကြတယ်။"

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာကတော့
မြစ်ကြီးနားဆေးရုံ ကို ရောက်လာတဲ့လူနာ ၂၀ကျော်ရှိတယ်လို့ ပြောပါတယ်။

" အခုလောလောဆယ်တော့ ၁၈ယောက်လောက်တော့ ရောက်လာပြီဗျ။ ကိုးယောက်လောက် ကျန်တယ်ပြောတယ်။ အားလုံး ၂၀ကျော်လောက်တော့ ရှိမယ်ထင်တယ်။ ဒဏ်ရာတွေကတော့ သေနတ် ကျည်ဆန်တွေ၊ နောက်ပြီး မိုင်းစတွေ ထိပြီးမှ လာတာတွေ။"

အခုအခါ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အခင်းဖြစ်တဲ့နေရာကို
ရှင်းလင်းဖို့ ညွှန်ကြား ထားတယ်လို့ သိရကြောင်းလည်း ဦးလမိုင်ဂွမ်ဂျာက
ဆက်ပြောပါတယ်။

" တပ်ကလည်းပဲ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အကြောင်းကြားတယ်။ သူတို့လည်း ဗျူဟာမှူးကို တာဝန်ပေးပြီးမှ ဗျူဟာမှူးက အဲ့ဒီ့နေရာကို အခင်းဖြစ်ပွားတဲ့နေရာကို အမြန်ဆုံး သွားပြီးတော့ လုံခြုံရေး ယူပေးဖို့အတွက် ညွှန်ကြားထားပြီးပြီလို့ သိရတယ်ခင်ဗျ။"

ဝိုင်းမော်မြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ထံကို
ဒီအခင်းဖြစ်ပွားမှု နဲ့ ပတ်သက်ပြီး မေးမြန်းဖို့ အတွက် ဆက်သွယ်ခဲ့ပေမဲ့
အစည်းအဝေး ရောက်ရှိနေတာကြောင့် တစုံတရာဖြေကြားတာမရှိပါဘူး။
ကန်ပိုက်တီး နယ်မှာ ဘိန်းခင်းဧက ၅ထောင်လောက်ရှိမယ်လို့
ကချင်လူထု အခြေပြု ဘိန်းတိုက်ဖျက်ရေး အဖွဲ့က ခန့်မှန်းထားပြီး
ဒီဘိန်းခင်းတွေဟာ တဖက်နိုင်ငံက လုပ်ငန်းရှင်တွေလာရောက်
စိုက်ပျိုးတာဖြစ်ကြောင်း လည်း ပြောဆိုတာတွေ ရှိပါတယ်။

လက်ရှိ ကချင်လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေ သွားရောက်မယ့်
ကန်ပိုက်တီးဒေသဟာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးစခုန်တိန်းယိန် ခေါင်းဆောင်တဲ့ NDA-K ခေါ် အပစ်ရပ် ကချင် ဒီမိုကရေစီသစ် တပ်ဖွဲ့ ကနေ အသွင်ပြောင်းထားတဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပါတယ်။

XS
SM
MD
LG