သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပေါက်တောမြို့နယ် အကြမ်းဖက်မှု လူ ၃ ဦး သေဆုံး


မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုဖြစ်ပွားရာက နောက်ထပ် လူအသေအပျောက်တွေလည်း ရှိခဲ့တဲ့အတွက် အာဏာပိုင်တွေက အခုနောက်ဆုံး လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ထားလိုက်ပါတယ်။ ဘာသာရေး၊ လူမျိုးရေးကွဲမှုအပေါ် အခြေခံပြီး ပဋိပက္ခတွေ ဖြစ်ပွားရာက အိုးအိမ်စွန့်ခွာ ထွက်ပြေးရပြီး ဒုက္ခသည်စခန်းမှာ ခိုလှုံနေရသူတွေ သတ်ဖြတ်ခံရရာကနေ တိုက်ခိုက်မှုအသစ်တွေ ထပ်မံဖြစ်ပွားခဲ့တာလို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နဲ့ ၁၂ မိုင်ခန့်ကွာဝေးပြီး ပေါက်တောမြို့နယ်ထဲက ရွာပေါင်း ငါးရွာက လူ ၁ သောင်းကျော် ခိုလှုံနေထိုင်နေကြတဲ့ မွတ်ဆလင် တချို့ဟာ ပြင်ပမှာ ထင်းရှာထွက်ရင်းနဲ့ လူတစ်ဦးသတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းကနေ အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တာပါ။ ဒေသခံ ရခိုင် ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တချို့တို့ကြား အကြမ်းဖက်မှုတွေကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ရကြောင်းကိုလည်း ပြည်နယ်အစိုးရအဖွဲ့၊ သတင်းနဲ့မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီဥက္ကဋ္ဌနဲ့ ဥပဒေချုပ် ဦးလှသိန်းက ဗွီအိုအေကို ပြောပါတယ်။

“ဘင်္ဂလီအမျိုးသား တစ်ဦးပေါ့နော်၊ ဒီဘက်မှာ ဆင်အိုင်ရွာမှာ ရခိုင်အမျိုးသမီး တစ်ဦး၊ နောက်တနေ့ကျတော့ ဆင်တက်မော်မှာ ဘင်္ဂလီအမျိုးသားတစ်ဦး တွေ့ရတဲ့အတွက်ကြောင့် စခန်းရှိတဲ့ ဘင်္ဂလီရွာက လူအချို့က တောင်တွေပေါ်မှာ တက်ပြီးတော့ ထင်းရှာတာပေါ့ဗျာ။ ညနေလေးနာရီလောက်ကျတော့ ထင်းရှာတဲ့လူတွေ ပျောက်နေတယ်-ဆိုပြီးတော့ ရုတ်ရုတ်သဲသဲ ဖြစ်တယ်။ တောင်ပေါ်တက်ပြီးတော့ ရှာကြတဲ့အခါမှာ ဘင်္ဂလီအမျိုးသားတစ်ဦး သေဆုံးနေတာကို တွေ့တယ်။ အဲဒီ ဆင်တက်မော်- ဘင်္ဂလီရွာနဲ့ ၂ မိုင်ဝန်းကျင်မှာ ဆင်အိုင်ရွာဆိုတာရှိတယ်။

"အဲဒီရွာက လူတွေက ဟင်းစားအတွက် ညနေကို ပင်လယ်နားမှာ ခရုပေါ့ဗျာ။ ဒေသအခေါ်ကတော့ ဂုံး-ပေါ့။ သွားကောက်နေတဲ့ မိန်းကလေး ၅ ယောက်လောက်ကို ဘင်္ဂလီ ၃ ယောက်က ဟိုဘက်က ဖြစ်စဉ်လေးတွေနဲ့ နည်းနည်း ဆက်စပ်မှုရှိမှာပေါ့။ သူတို့ ဘင်္ဂလီကို ရခိုင်က သတ်တယ်ဆိုပြီးတော့ စွပ်စွဲကြမှာပေါ့ဗျာ။ အဲဒီတော့ အဲဒီ မိန်းကလေးတွေ ထွက်ပြေးတဲ့အခါမှာ တစ်ယောက်က ပြေးလို့ မလွတ်ဘူး၊ ကျန်ခဲ့တယ်။ ကျန်ခဲ့တဲ့အတွက် ဖမ်းမိပြီးတော့ သူတို့ သတ်ပစ်လိုက်တာပေါ့။ ရခိုင်အမျိုးသမီးတစ်ယောက် အသက် ၃၇ နှစ်အရွယ်က လှံတွေနဲ့ထိုးထားတဲ့ ဒဏ်ရာတွေနဲ့ သေနေတာ။”

မေး။ ။ ပစ်ခတ်မှုတွေမှာရော ထိခိုက်ဒဏ်ရာရတာရှိလားရှင့်။

“ထိခိုက် ဒဏ်ရာရတာရှိတယ်။ ၃ ယောက်၊ ဒဏ်ရာရတယ်ပေါ့နော်။ တစ်ယောက်က သေဆုံးတယ်။ နောက်တနေ့မနက်မှာ လယ်ကွင်းထဲမှာပဲ ဘင်္ဂလီ ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးလျက်တွေ့တယ်ဆိုပြီး ကျနော်သိရသလောက်ကတော့ အဲလို သိရတယ်။”

ပြီးခဲ့တဲ့နှစ်ကစလို့ လူပေါင်း ၂၀၀ လောက် သေဆုံးခဲ့ရပြီး သိန်းနဲ့ချီပြီး အိုးအိမ်မဲ့ဖြစ်ခဲ့ရတဲ့ ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်ထဲမှာ ပြန်လည်သင့်မြတ်ရေးနဲ့ ထူထောင်ရေးတွေအတွက် ဆောင်ရွက်နေချိန်မှာပဲ အခုလိုမျိုးနောက်ထပ် ပြဿနာအသစ် ထပ်မံပေါ်ပေါက်ခဲ့ရတာပါ။ ဆင်ထက်မော်စခန်းမှာ ခိုလှုံနေထိုင်သူတစ်ဦးကလည်း အခုလို ပဋိပက္ခတွေ စတင်ဖြစ်ပွားရတဲ့အခြေအနေတွေကို အခုလို ပြောပြပါတယ်။

“ထင်းရှာသွားတဲ့ သားအဖသုံးယောက်မှာ အပေါင်းအပါ အယောက် ၂၀ နဲ့ ကျနော်သွားရှာဖို့ သွားသေးတယ်။ တောင်တန်းမှာ ရခိုင်က ဝိုင်းပြီးတော့ သူတို့ကို သတ်ဖို့ ဓား၊ တုတ်နဲ့လိုက်လာတယ်။ ကျနော်တို့ ဒုက္ခသည်တွေ ကြောက်ပြီးတော့ အကုန်လုံး ထွက်ပြေးလာကြတယ်။ သားအဖ နှစ်ယောက်ထဲက အဖေကို အစွန်းရောက်သမားတွေက သတ်ပစ်လိုက်တယ်။”

ဒုက္ခသည်တွေဘက်ကတော အာဏာပိုင်တွေဘက်က လူစုခွဲ ပစ်ခတ်မှုတွေကြောင့် စစ်တွေဆေးရုံကို လူလေးဦးခန့် ပို့ထားရပြီး နောက်ထပ်သေဆုံးမှုတွေ ရှိနေသေးတယ်ဆိုပေမဲ့လည်း သီးခြားအတည်ပြုလို့ မရသေးပါဘူး။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ စစ်တွေမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်ကတော့ တဘက်နဲ့တဘက် တင်းမာမှုရှိနေဆဲ အခြေအနေတွေကို မထိန်းနိုင်ရာကနေ အခုလိုမျိုး လူသေကျေတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ပြောမယ်ဆိုရင် အုပ်စု ၂ စုက ဟိုဘက် ဒီဘက် နီးနီးကပ်ကပ် ရှိနေကြတော့ အမြဲတမ်းလို ထိပ်တိုက် ဖြစ်ကြတဲ့အပိုင်းတွေ ဖြစ်ကြတာပါ။ အသေးအမွှားကနေ အဲလိုမျိုး ဒီတစ်ခေါက်ကတော့ နည်းနည်း ကြီးသွားတဲ့ သဘောမျိုး၊ အဲလိုမျိုး ဖြစ်နေတာ သိရပါတယ်။”

ပြီးခဲ့တဲ့နှစ် ရခိုင်ပြည်နယ်က စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ မြန်မာနိုင်ငံ အတွင်းက တခြားမြို့နယ်တွေကိုပါ ပျံ့နှံ့သွားခဲ့ရာကနေ နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်မကင်း ဖြစ်ရတဲ့သဘောထားတွေကိုလည်း ပြောဆိုခဲ့ကြတာပါ။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကလည်း ပြီးခဲ့တဲ့လက သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို အထွေထွေညီလာခံကြီးမှာ တင်သွင်းရာမှာ ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုတွေကို အခြေခံ ဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ တိုင်းပြည်ရဲ့အသွင်ကူးပြောင်းရေးလုပ်ငန်းတွေကိုပါ ခြိမ်းခြောက်နိုင်တယ်ဆိုပြီး သတိပေးခဲ့ပါတယ်။
XS
SM
MD
LG