သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှုံ့ဆော်သူတွေ အန္တရာယ် မြန်မာနိုင်ငံမှာ ရှိနေဆဲ


အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ လားရှိုးမြို့မြင်ကွင်း။ (မေ ၂၉၊ ၂၀၁၃)
အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ လားရှိုးမြို့မြင်ကွင်း။ (မေ ၂၉၊ ၂၀၁၃)
မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ ဘာသာဝင်တွေအကြား အမုန်းတရားတွေနဲ့ မယုံကြည်မှုတွေ တိုးပွားလာအောင် သွေးထိုးလှုံ့ဆော်နေသူတွေရဲ့ အန္တရာယ် ရှိနေဆဲပဲလို့ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေက သတိပေးလိုက်ပါတယ်။ ဒီ အန္တရာယ်တွေကို အချိန်မီ တားဆီး ကာကွယ်နိုင်ဖို့ရာ ကဏ္ဍပေါင်းစုံ ဘာသာပေါင်းစုံက လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေက ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ကြဖို့လည်း နှိုးဆော်ပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ ထားပါတယ်။
မြန်မာနိုင်ငံ နေရာအတော်များများမှာ မတူကွဲပြားတဲ့ ဘာသာဝင်တွေအကြား အကြမ်းဖက် အဓိကရုဏ်းအခြေအနေတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အခုချိန်ထိ နှစ်ဘက်အကြား သံသယတွေ ရှိနေကြဆဲဖြစ်ပြီး ကိုယ်ကျိုးရှာချင်သူတွေက သွေးထိုးလှုံ့ဆော်တာ ကြောင့် အချိန်မရွေး တစ်ခုခုပြန်ဖြစ်နိုင်တဲ့အန္တရာယ်ရှိနေတုန်းပဲလို့ သတိပေးလိုက်ကြတာပါ။

“ဖြစ်ပေါ်လာတဲ့ လူမှုရေးပြဿနာတခုကို အခွင့်ကောင်းယူပြီးတဲ့အခါမှာ၊ ဘာသာရေး အသွင်သဏ္ဍာန်ဖြစ်အောင် သူတို့ ကြိုးစားပြီး ဖန်တီးလျက်ရှိပါတယ် နော်။ အဲ့ဒီ့လို ဖန်တီးလျက်ရှိတဲ့အတွက်ကြောင့် တိုင်းရင်းသားချင်း၊ ဘာသာဝင်များက တို့ဘာသာဝင်နှစ်ခုရဲ့ ထိပ်တိုက်မှုဆိုပြီးတော့ ဝင်လာတဲ့အနေအထား မရောက်သေးတဲ့အတွက်ကြောင့် ခုနကပြောတဲ့ အကြောင်းတရားဖြစ်တဲ့ ဘာသာရေးအသွင်သဏ္ဍာန် မရောက်ရောက်အောင် တွန်းပို့နေတဲ့ အဲ့ဒီ့အကြောင်းတရား များကို ထိန်းချုပ်နိုင်တယ်ဆိုလို့ရှိရင်တော့ ဒီကိစ္စများဟာ ရပ်တန့်သွားမှာဖြစ်ပါတယ်။ အဲ့တာသည် ခုနက ပြောတဲ့ စနစ်တကျ စီမံကွပ်ကဲနေတဲ့သူများရဲ့ စိတ်ပေါ်မှာ မူတည်တယ်။ သူတို့လုပ်ချင်တဲ့အချိန်မှာ ထလုပ်မှာပဲ။ သူတို့ဟာ ဆက်လက်ရှင်သန်တည်ရှိနေသေးတဲ့အတွက် အန္တာရယ်ရှိဆဲပါလို့ပဲ ကျနော်ဖြေပါရစေ။”

သံသယများ၊ အကြမ်းဖက်မှုများနဲ့ စပ်လျဉ်းပြီး ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ သောကြာနေ့က လုပ်ခဲ့တဲ့ ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ယက် (PCN) ရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း PCN ရဲ့ နာယကတစ်ဦးလည်းဖြစ် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ ဦးအေးလွင်က ပြောသွားတာပါ။

နောက်ကွယ်က ကြိုးကိုင်စီစဉ်သူတွေကြောင့် မတူကွဲပြားတဲ့ ဘာသာဝင်တွေအကြား ရုန်းရင်းဆန်ခတ်အခြေအနေတွေ ဖြစ်ခဲ့တယ် ဆိုတာကို ဒီသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့သူအားလုံးက အထူး ထောက်ပြခဲ့ကြပါတယ်။ အဲဒီလူတွေဟာ ဘယ်သူတွေ ဖြစ်နိုင်သလည်း ဆိုတဲ့နေရာမှာတော့ ဘာသာရေးကို အသုံးပြုပြီး အစွန်းရောက် အမုန်းတရားဝါဒ ဖြန့်ချိသူတွေကို ထောက်ပြကြသလို တိုင်းပြည်မှာ လက်ရှိသွားနေတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေ အတားအဆီး အဟန့်အတားဖြစ်အောင်၊ နောက်ဆုံး ပျက်ဆီးအောင် လုပ်လိုတဲ့ အရင်ခေတ်ဟောင်း စနစ်ဟောင်းကို ဖက်တွယ်ထားချင်သူတွေလည်း ပါတယ်လို့ အခိုင်အမာ ပြောကြပါတယ်။
ဒီအခြေအနေကို တာဝန်ရှိသူတွေက မထိန်းသိမ်းဘူးဆိုရင်တော့ ပြည်တွင်းမှာတင်မက ပြည်ပမှာနေထိုင်ကြသူတွေအတွက်ပါ အန္တရာယ်ရှိလာနိုင်တယ်လို့ ထောက်ပြသူက ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကွန်ယက်က ဦးဆောင်သံဃာတစ်ပါးဖြစ်သူ အရှင် ပဏ္ဍဝံသပါ။

“အခုရှိနေတဲ့ ထေရဝါဒ ဓမ္မကွန်ရက်တို့၊ ၉၆၉ တို့ အခုဘာသာရေးတိုက်ခိုက်မှုကို ဟောနေတဲ့ ဓမ္မကထိကတို့ကို အစိုးရက အရေးမယူနိုင်တဲ့ ဥပဒေပုဒ်မတွေ မထုတ်ပဲနဲ့ လွှတ်ထားမယ်ဆိုရင်တော့ တိုင်းပြည်ဟာ တော်တော်လေး စိုးရိမ်စရာ အနေအထားမှာရှိတယ်။ အန္တရာယ်လည်းရှိလာနိုင်တယ်။ အဲ့ဒီ့အန္တရာယ်တွေဟာ ဘာတွေလည်းဆိုရင် အခုမြန်မာနိုင်ငံတင် မကတော့ဘဲနဲ့ မလေးတို့ အခြား ဘရှုနိုင်း၊ အင်ဒိုနီးရှား ၊ ကာတာ၊ ဂျော်ဒန်၊ အဲ့လို အစရှိတဲ့နိုင်ငံတွေ၊ နောက် အင်္ဂလန်၊ ပြင်သစ်၊ အဲ့ဒီ့မှာကျောင်းတက်နေတဲ့ကျောင်းသားတွေ မြန်မာတွေရှိသမျှ၊ ဘယ်တော့မှ သူတို့က ကမ္ဘာကြီးမှာသွားနေတဲ့ မြန်မာတွေ အေးအေးချမ်းချမ်း စာသင်နေတဲ့ မြန်မာတွေ နေတဲ့ ငြိမ်းချမ်းမှုဆိုတာ ဖြစ်မလာနိုင်ပဲနဲ့၊ အကြမ်းဖက်ခြင်းခံရမှာတွေကို အဲ့လောက်ကြီးမားတဲ့အန္တရယ်တွေ ဖြစ်လာနိုင်မယ်။”

ရုန်းရင်းဆန်ခတ် အခြေအနေတစ်ခုဖြစ်ပြီဆိုရင် အစုသုံးခုပေါ်လာပြီး အဲဒီလူတွေကတော့ ကြိုးကိုင်သူအစု၊ အမုန်းတရားဖြန့်ချိခံရ တာတွေကြောင့် မထင်မှတ်ဘဲ ပါလာတဲ့အစုနဲ့ နောက်ဆုံးအစုကတော့ လုယက်သူတွေပဲဖြစ်တယ်လို့ ပြောသူက PCN ရဲ့ နာယက တစ်ဦးလည်းဖြစ်၊ အစ္စလာမ်ပညာရှင် စာရေးဆရာတစ်ဦးလည်းဖြစ်သူ ဒေါက်တာမြင့်သိန်း ခေါ် ငြိမ်းချမ်းလုလင်ပါ။


“ဒီအမုန်းတရား ဖြန့်ချီမှုတွေဟာ ကျနော်တို့ မြန်မာလူမျိုးတွေ စိတ်ဓာတ်ကို ဖျက်ဆီးပါတယ်။။ ကျနော်တို့ မြန်မာလူမျိုးတွေ စိတ်ဓာတ်တွေ နေရတကာပျက်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေ ဘဝကို ဖျက်ဆီးတယ်။ ကျနော်တို့ မူဆလင်တွေ တင် ခံစားရတာ မဟုတ်ပါဘူး။ တပြည်လုံး အတိုင်းအတာနဲ့ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအမုန်းတရားတွေ ရပ်သွားရင်၊ အကြမ်းဖက်မှုတွေ ရပ်သွားမယ်ဆိုတဲ့အကြောင်း တင်ပြလိုပါတယ်။ ”

အများပြောနေကြတဲ့ ခိုင်မာတဲ့ဥပဒေတစ်ရပ် မပြဌာန်းနိုင်သေးခင်မှာကိုပဲ ကိုယ့်ဒေသအလိုက် ဝိုင်းလုပ်ကြမယ်ဆိုရင် ထိန်းနိုင်ပါ တယ်လို့ အရှင်ပဏ္ဍဝံသက မိန့်ပါတယ်။

“သူတို့ချပေးတဲ့ ကောလဟာလ၊ သူတို့ပြောတဲ့ မဟုတ်မဟတ်၊ အဲ့ဒီ့အဓမ္မတွေကို သိရှိနားလည်အောင်လို့၊ ဒီမြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ ငါးသိန်းသော ရဟန်းတော်တွေနဲ့ အခြားသော ဘာသာသုံးမျိုးရဲ့ခေါင်းဆောင်တွေ ပူးပေါင်းပြီးတော့ ပြည်သူလူထုတွေကို နားလည်သဘောပေါက်အောင်။ သတင်းစကားတွေ ပေးဖို့လိုတယ်။ အဲ့တာဆိုရင်တော့ အချိန်မှီမယ်။”

အမုန်းတရားဝါဒဖြန့်တာမှန်သမျှကို အစိုးရအနေနဲ့ ထိရောက်စွာ ဟန့်တားအရေးယူပေးဖို့၊ အကြမ်းဖက်မှုဖြစ်လာရင်လည်း လုံခြုံ ရေးတာဝန်ရှိသူတွေက လိုအပ်သလို ပစ်မိန့်ပေးပြီး အပြစ်မဲ့၊ လက်နက်မဲ့ ပြည်သူတွေကို ကာကွယ်ပေးဖို့၊ အကြမ်းဖက်မှု ဖြစ်ပြီး သွားရင်လည်း ကျူးလွန်သူတွေကိုဖော်ထုတ်ပြီး ထိရောက်စွာအရေးယူပေးဖို့အပြင် အကြမ်းဖက်ခံရသူတွေရဲ့ ခုခံပိုင်ခွင့်တွေကို လည်း ဥပဒေအရ အကျိုးခံစားခွင့်ပေးဖို့ PCN အဖွဲ့က တောင်းဆိုပါတယ်။

ဒ့ါအပြင် လွှတ်တော်တွေအနေနဲ့လည်း ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်ပြီးတော့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ပေါ်ပေါက်စေတာကို အရေးယူနိုင်မယ့် ဥပဒေတစ်ရပ်ကို အမြန်ဆုံး ရေးဆွဲပြဌာန်းပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။
XS
SM
MD
LG