သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းတွင်းမြစ်ကြောင်းတလျှောက် စစ်ကောင်စီနယ်မြေရှင်းလင်းရေးကြောင့် တိုက်ပွဲ ပြင်းထန်နေ


ကနီမြို့နယ်ဘေးကစီးဆင်းတဲ့ ချင်းတွင်းမြစ်ကြောင်းတလျှောက်မြင်ကွင်း။ (Crd: CJ)
ကနီမြို့နယ်ဘေးကစီးဆင်းတဲ့ ချင်းတွင်းမြစ်ကြောင်းတလျှောက်မြင်ကွင်း။ (Crd: CJ)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းတလျှောက်ကို စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းတာတွေ လုပ်နေတဲ့အတွက် စစ်ရေးတင်းမာနေပါတယ်။ မြစ်ကြောင်းတလျှောက်ကျေးရွာက ဒေသခံအများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ စစ်ကိုင်းတိုင်း အခြေအနေကို ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း မုံရွာကနေ ချင်းတွင်းမြစ်ကြောင်းတလျှောက် ထွက်ခွါလာတဲ့ စစ်ကောင်စီစက်လှေတွေဟာ ဒီဇင်ဘာ ၁၉ ရက်မှာ ကနီမြို့နယ်ထဲကို ရောက်နေပြီး ဒီဇင်ဘာ ၂၀ ရက်မှာတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာပါ။ စစ်ကောင်စီဟာ ကုန်ကြောင်းကော ရေကြောင်းကနေပါ နယ်မြေရှင်းလင်းနေတာဖြစ်ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာပြီး တိုက်ပွဲဖြစ်ပွားနေတာပါ။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“စစ်ရေးက တနေကုန်ဖြစ်နေတာပဲ။ တိုက်ပွဲက တောက်လျှောက်ဖြစ်နေတာပဲ။ ဟိုနားဖြစ်လိုက် ဒီနားဖြစ်လိုက်နဲ့ ထပ်ပြီးတော့လည်း ပိုပြီးပြင်းထန်အုံးမှာ။”

မုံရွာကထွက်လာတဲ့ ဒီစစ်ကောင်စီစက်လှေတွေဟာ ယင်းမာပင်မြို့နယ်ထဲမှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂ ဘက်အကျအဆုံးရှိခဲ့ပါတယ်။

လက်ရှိမှာ စစ်ကောင်စီရေယာဉ်တွေဟာ ကုန်းကြောင်းကော ရေကြောင်းကပါ နယ်မြေရှင်းလင်းလာတဲ့အတွက် မြစ်ဘေးက ကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေဟာ တိမ်းရှောင်ထွက်ပြေးနေရပါတယ်။

မြစ်ဘေးက ကျေးရွာပေါင်း ၃၀ ထက်မနည်းက ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်ဒေသခံတဦးက ပြောပါတယ်။

“ မြစ်ရိုးတလျှောက်ဆိုတော့ ရွာပေါင်းက အခုကနီအထိဆိုရင် ရွာပေါင်း ၃၀ လောက်ရှိမှာ။ ကနီနယ်ထဲမှာ ခြေကျင်စစ်ကြောင်းကောပါတယ်။ ကုန်းကြောင်းရေကြောင်း စစ်ကြောင်းက ၂ ကြောင်း၊ ပြီးတော့ ကမ်းနားရွာကော ကိုယ့်ရွာက ခြေကျင်စစ်ကြောင်းလာရင်လည်း မလွတ်ဘူး။ မြစ်ဘေးမို့လို့ မြစ်နဲ့ဝေးတဲ့နေရာ ခြေကျင်စစ်ကြောင်းနဲ့ ဝေးတဲ့နေရာတွေ ပြေးရတာ။”

စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းအထက်နဲ့အောက်ပိုင်းကို ဝန်ထမ်းတွေ ပြောင်းရွှေ့တာ၊ ရိက္ခာသယ်ဆောင်တာတွေအပြင် တူးဖော်ရရှိတဲ့ ကျောက်စိမ်းတွေ သယ်ဆောင်ဖို့ ချင်းတွင်းမြစ်ကို အဓိက အားထားအသုံးပြုပါတယ်။

အခုလို ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီသင်္ဘောတွေ သွားလာတဲ့အတွက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားပြီး ဒေသခံတွေ မကြာခဏ တိမ်းရှောင်ထွက်ပြေးနေရတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]












XS
SM
MD
LG