သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမော့ဆို ဖယ်ခုံနဲ့ ချင်း-မင်းတပ်မှာ တိုက်ပွဲတွေဖြစ်ပွား


ဒီးမော့ဆို စစ်ဘေးဒုက္ခသည်စခန်းက ဒေသခံအချို့။ (ဓာတ်ပုံ - ကရင်နီလူငယ်အဖွဲ့)
ဒီးမော့ဆို စစ်ဘေးဒုက္ခသည်စခန်းက ဒေသခံအချို့။ (ဓာတ်ပုံ - ကရင်နီလူငယ်အဖွဲ့)

Zawgyi/Unicode

ကယားပြည်နယ် ဒီးမော့ဆိုနဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်အတွင်း ကရင်နီဒေသခံကာကွယ်ရေး အဖွဲ့ KNDF နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွါးနေသလို ချင်းပြည်နယ်မင်းတပ်မြို့နယ်မှာလည်း မင်းတပ ်ကာကွယ်ရေးအဖွဲ့ CDF နဲ့ စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွါးနေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ဒီကနေ့နဲ့မနေ့ သြဂုတ်လ (၁၃) ညနေပိုင်းမှာ ဖယ်ခုံ၊ ဒီးမော့ဆို၊ မင်းတပ်မြို့နယ်တွေမှာ ဒေသခံ ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီ တပ်တို့အကြားတိုက်ပွဲတွေဖြစ်ပွါးနေတာပါ။ ဒီနေ့မနက် ကယားနဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်မှာ ကရင်နီကာကွယ်ရေးပူးပေါင်းအဖွဲ့နဲ့ စစ်တပ်တို့ကြား တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်လို့ ကရင်နီဒေသခံကာကွယ်ရေးအဖွဲ့ KNDF ပြန်ကြားရေးတာဝန်ရှိသူ တဦးက ပြောပါတယ်။

"ဒီမနက်ဖြစ်တာ ဖယ်ခုံဘက်မှာ။ ဖယ်ခုံအနောက်ဘက်ခြမ်းလို့ ပြောရမှာပေါ့။ အဲဒီမှာစကစက စစ်ကြောင်း (၃) ကြောင်းထိုးတာပေါ့။ တိုက်ပွဲဖြစ်တာပေါ့။ အခုလက်ရှိထိတော့ သူတို့ဘက်ကလည်း စစ်ကြောင်းလှုပ်ရှားမှုမရပ်တန့်သေးဘူး။"

ဒီမနက်ပိုင်းမှာ ၃၃၆ တပ်ကစစ်ကြောင်းတကြောင်း၊ စက်တော်ရပ်တော်မူဘုရားဘက်မှာ စစ်ကြောင်း တကြောင်း၊ ပင်လောင်းမြို့ နယ် တောင်မဲသင်းရွာဘက်က တကြောင်း စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ် စတင်လာပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။တိုက်ပွဲအတွင်းထိခိုက်မှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မနေ့ကတော့ ကယားပြည်နယ်ဒီမော့ဆိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွါးတယ်လို့ KNDF ပြန်ကြားရေးတာဝန်ရှိသူက ဆက်ပြောပါ တယ်။

"မနေ့ကတော့ စစ်ကောင်စီဘက်ကတော့ သူတို့ အင်အား (၁၀၀) (၁၅၀) ဝန်းကျင်လောက်ပေါ့လေ။ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို ထိုးစစ်ဆင်လာတယ်ပေါ့လေ။ ညနေ (၆) နာရီ (၄၆) အဲဒီဝန်းကျင် လောက်မှာတော့ ပစ်ခတ်မှုဖြစ်ပွါးခဲ့တာပေါ့။ ထိခိုက်မှုအခြေအနေတော့ နှစ်ဘက်စလုံးက မသိရသေးဘူး။"

တပ်မတော်ကနေ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း မေလကစလို့ မိုးဗြဲ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို အစရှိတဲ့မြို့နယ်တွေမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေဖွဲ့စည်းပြီး စစ်တပ်ကို ခုခံတိုက်ခိုက်လာတာပါ။ ဒီလိုတိုက်ခိုက်မှုတွေအတွင်း ရွာသား ၇ သောင်းကျော် နေရပ်စွန့်ခွါပြီး စစ်ဘေးရှောင်နေရ ပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာလည်း မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်နဲ့ မင်းတပ် ကာကွယ်ရေးအဖွဲ့ CDF တို့ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ CDF အဖွဲ့ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ ယောမာန်ကပြောပါတယ်။

"မနေ့ညနေ (၆) နာရီလောက်ကတိုက်ပွဲဖြစ်တယ်။ (၁၃) မိုင်ပေါ့ မင်းတပ်နဲ့ မတူပီကြား မင်းတပ်မြို့ကနေ (၁၃)မိုင်အကွာပေါ့နော်။ မင်းတပ်နဲ့ မတူပီလမ်းမကြီးနဲ့တော့ ခပ်လှမ်းလှမ်းပေါ့။ အဲဒီတောထဲမှာတိုက်ပွဲဖြစ်တယ်။ ထိခိုက်မှုက CDF က နှစ်ယောက် ထိခိုက်တယ်။ စစ်ကောင်စီ ဘက်ကလည်း ဘယ်လောက်ထိခိုက်သွားသလဲတော့ ကျနော်တို့ မသိရဘူး။"

စစ်တပ်ဘက်ကနေ မင်းတပ်မြို့မြောက်ခြမ်း ယှက်ရွာဘက်မှာစစ်ကြောင်းတကြောင်း၊ မတူပီအနောက် ဘက်ကို စစ်ကြောင်းတကြောင်း ထိုးစစ်ဆင်လာရာမှာ မတူပီနဲ့ မင်းတပ်အကြား CDF အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။

စစ်တပ်ရဲ့စစ်ကြောင်းလှုပ်ရှားထိုးစစ်ဆင်လာလို့ မင်းတပ်မြို့မြောက်ခြမ်း ယှက်ရွာနဲ့အနီးဝန်းကျင်ရွာက ဒေသခံရွာသား ထောင်နဲ့ချီ တိမ်းရှောင်ထွက်ပြေးနေတယ်လို့ ဆက်ပြောပါတယ်။

"ဒုတိယစစ်ကြောင်းပေါ့လေ။ ယှက်ရွာဘက်ကဆင်းလာတဲ့စစ်ကြောင်းကတော့ လူနေတဲ့ရွာတွေထဲကို အတင်းတိုးသွားတယ်။ ယှက်ရွာရော တင်းခေါင်းဘက်ကိုတိုးလာတယ်ဆိုတော့ အနီးဝန်းကျင်က ရွာတွေ အကုန်လုံးပါ စစ်ရှောင်တယ်ဆိုတော့ သုံးထောင် လေးထောင်ရှိပါမယ်ခင်ဗျ။ စစ်ရှောင်တွေက။ ကိုယ့်ရဲ့ တောင်ယာခင်းထဲကိုသွားရှောင်တယ်။ ဥယျာဉ်ခြံတွေထဲရှောင်တယ်ပေါ့နော်။ တော်တော် အလှမ်းဝေးကွာတဲ့ရွာတွေဘက်ကို သွားနေမှာပေါ့။ "

မင်းတပ်မြို့နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းရာကနေ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်း လောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ချင်း CDF တို့ကြား တိုက်ပွဲစတင် ဖြစ်ပွား လာခဲ့တာပါ။ တိုက်ပွဲဖြစ်စဉ်အတွင်း မင်းတပ်မြို့ပေါ်နဲ့ ကျေးရွာသား သောင်းချီ စစ်ဘေးတိမ်းရှောင် နေရပါတယ်။

ဖယ်ခုံ၊ ဒီးမော့ဆို၊ မင်းတပ်မြို့နယ်ဘက် ဒေသခံကာကွယ်ရေးအဖွဲ့နဲ့ မြန်မာစစ်တပ်တို့ကို တိုက်ပွဲဖြစ်စဉ်အခြေအနေကိုသိရှိဖို့ စစ်ကောင်စီပြောခွင့်ရကိုဆက်သွယ်ခဲ့ပေမဲ့မရခဲ့ပါဘူး။

#MyanmarMilitaryCoup #MyanmarViolence #VOABurmese

=========

Zawgyi/Unicode
















#MyanmarMilitaryCoup #MyanmarViolence #VOABurmese

XS
SM
MD
LG