သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးဗြဲ၊ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့တွေမှာ ပစ်ခတ်မှုတွေရှိနေဆဲ


people seeking refuge in Demoso, Kayah state
people seeking refuge in Demoso, Kayah state

Zawgyi/Unicode

စစ်ကောင်စီတပ်ဘက်ကနေ ရှမ်းပြည်နယ် မိုးဗြဲမြို့အတွင်းမှာ မြို့နေသူတွေ ရှောင်ထွက်သွားဖို့ မနေ့ ဇွန်လ ၃ ရက်နေ့က ဆော်သြခဲ့ပြီးနောက် ဒီကနေ ဇွန်လ ၄ ရက်နေ့ ညနေပိုင်းမှာ စစ်တပ်ဘက်က ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာလည်း စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဆက်လက်တိုက်ပွဲဖြစ်နေပါတယ်။ မိုးဗြဲ၊ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့တွေမှာ ပစ်ခတ်မှုကြောင့် ပြည်သူ သေဆုံးမှုတွေလည်း ရှိနေတဲ့အကြောင်းဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
ကယားပြည်နယ်နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့မှာ မြို့နေပြည်သူတွေကို မြို့ထဲကနေ ထွက်သွားကြဖို့ စစ်တပ်က မနေ့က သတိပေးခဲ့ပြီးနောက် ဒီနေ့ညနေပိုင်းမှာတော့ မြို့ထဲကို စစ်တပ်ဘက်က ပစ်ခတ်နေပါတယ်။ မြို့နေပြည်သူအများစု ဘေးလွတ်ရာ ရှောင်သွားခဲ့ကြပေမဲ့ အိမ်တွေ၊ ပိုင်ဆိုင်မှုတွေကို စောင့်နေသူတချို့သာ ကျန်ရစ်ပြီး ခြောက်လှန့်ဖို့ပစ်ပုံရတယ်လို့ မိုးဗြဲမြို့ခံတဦးကပြောပါတယ်။
"၃ နာရီခွဲမှာစဖြစ်တယ်။ လက်နက်ငယ်တွေကပစ်နေတယ်။ ပြီးတော့လက်နက်ကြီးတွေက ၆ လုံးအထိ။ အခုနည်းနည်းပြန်တိတ်သွားပြီ။"
မိုးဗြဲမြို့မှာစစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ မေလ ၂၃ ရက်နေ့က စတင် တိုက်ပွဲ ဖြစ်ပွါးခဲ့တာပါ။ မနေ့ကတော့ စစ်တပ်က မြို့ခံတွေ တိမ်းရှောင်ကြဖို့ကြေညာခဲ့ပြီးနောက်မှာ ထောင်ချီတဲ့မြို့ခံတွေ တိမ်းရှောင်နေကြတယ်လို့ မိုးဗြဲ စစ်ရှောင်တဦးကပြောပါတယ်။
"ဒီမနက်ပိုပြီးထွက်လာကြတယ်။ မနေ့ညလည်း ထွက်လာကြတယ်။ ဒီတရက်တော့ထောင်ကျော်လောက်ရှိမယ်ထင်တယ်။ မနေ့ကလဲ ၅၀၀ ကျော်တယ်။ ဒီတရက်ပိုများတယ်။"
မေလ ၂၃ ရက်နေ့တုန်းက မိုးဗြဲမြို့မှာ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွါးခဲ့ထဲက ဖယ်ခုံနဲ့မိုးဗြဲဒေသခံသောင်းနဲ့ချီ နေရပ်ကနေတိမ်းရှောင်နေရပါတယ်။ ဇွန်လ ၃ ရက် ညနေပိုင်းမှာ ယာယီခိုလှုံနေတဲ့နေရာကနေမိုးဗြဲမြို့ထဲမှာ ရိက္ခာပြန်လာယူတဲ့ လူငယ်တဦးကို စစ်ကောင်စီတပ်က ပစ်ခတ်လို့ သေဆုံးခဲ့ပါတယ်။
"စစ်ကောင်စီဘက်ကလည်း သူများအိုးအိမ်မှာနေပြီးမှ ချောင်းပစ်ဖို့လုပ်နေတော့။ မနေ့ည သူကအိမ်ပြန်ဖို့ အိမ်မှာစားဖို့ သောက်ဖို့ ယူဖို့အိမ်ပြန်လာတဲ့အချိန်မှာ အဲဒီမှာစစ်ကောင်စီဘက်ကပစ်လိုက်တော့တယောက်သေသွားတယ်။ ယောကျာ်းလေးပဲ၊ ၁၅ ၁၆ နှစ်လောက်ပဲ ရှိမယ်ထင်တယ်။ အခုဘယ်သူမှလည်း မဆွဲနိုင်တော့ဘူး မယူနိုင်တော့ဘူး။"
လက်ရှိဖယ်ခုံနဲ့ မိုးဗြဲဒေသခံ ၁၂,၀၀၀ ဟာ မိုးဗြဲမြိ့ကနေ ၅ မိုင်ကျော် ၁၄ မိုင် အထိဝေးတဲ့ အရှေ့ကယန်းနဲ့ အနောက်ကယန်းဒေသမှာ တိမ်းရှောင်နေကြတယ်လို့ စစ်ဘေးဒုက္ခသည်တယောက်ကပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာလည်း ဒီကနေ့မှာ ပစ်ခတ်မှုတချို့ရှိခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးအဖွဲ့ KNDF ပြန်ကြားရေးတာဝန်ခံတဦးကပြောပါတယ်။
"မြို့တွင်းမှာက ၁၂ နာရီကျော်ကျော်လောက်ကစပြီးတော့ ၁ နာရီ ၄၀ လောက်အထိ ပစ်ခတ်မှုတချို့ရှိခဲ့တယ်ပေါ့နော်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အကြမ်းဖက်စစ်ကောင်စီနဲ့။ သူတို့ကပြည်သူ့ကာကွယ်ရေးအဖွဲ့ရှိတဲ့နေရာဘက်ကို နယ်မြေကျူးကျော်လာတဲ့အတွက် နှစ်ဘက်ပစ်နေကြတာပေါ့နော်။ ဖြစ်တဲ့နေရာက ဒီးမော့ဆိုမြို့နယ်ငွေတောင်ဆည် ကန်ဘောင်အောက်ကနေပြီးတော့ ဒေါ့ငံခါးရပ်ကွက်ပေါ့နော်။ အဲဒီမှာဖြစ်တာ။"
ဒီမနက်က ရွာထဲကိုရိက္ခာဝင်ယူတဲ့ ရွာသားတဦးကို ဒီးမော့ဆိုမြို့နယ် ၆ မိုင်စံပြကျေးရွာ ဘုရားကျောင်းမှာ နေရာယူထားတဲ့ စစ်တပ်ကပစ်လို့ သေဆုံးသွားတယ်လို့ ဒေသခံတယောက်က ပြောပြပါတယ်။
"၆ မိုင် စံပြဘုရားကျောင်းပေါ်မှာ သူတို့တပ်စွဲထားတယ်လေ။ အဲဒီမှာခေါင်းလောင်းစင်ပေါ်က စနိုက်ပါသမား ပစ်ချလိုက် တာပြည်သူတဦးကသေသွားတယ်ပေါ့။ ရိက္ခာသယ်ယူတဲ့ပြည်သူပေါ့။"
စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီကနေ့ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအခြေအနေကိုမသိရသေးပေမဲ့ မနေ့ကြာသပတေးနေ့မှာ ဖြစ်ပွါးတဲ့တိုက်ပွဲအခြေအနေကိုတော့အခုလိုပြောပါတယ်။
"ဒီနေ့တော့မသိဘူးဗျ။ မနေ့က ဒီးမော့ဆိုဘက်မှာ မနက်ပိုင်းမှာ ထိတွေ့မှု အနည်းငယ်ရှိခဲ့တယ်။ ကျနော်တို့ ဒီးမော့ဆို ငွေတောင်ဘက်မှာလည်း မနေ့ကည ၇ ခွဲလောက်မှာ တပ်ကိုလာပြီးပစ်ခတ်ခဲ့တာရှိတယ်။ ၄၀ မမလောင်ချာတွေ လက် နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တာရှိတယ်။ ဒီးမော့ဆိုဘက်မှာလဲ ကျနော်တို့ ဝါးလားထော်ဘက်မှာ ပစ်ခတ်ခဲ့တာရှိတယ်။ လူနေအိမ်တွေကြားထဲကနေပြီးတော့ကျ အကြမ်းဖက်သမား ၉၀ လောက်ပစ်ခတ်ခဲ့တာရှိတယ်။ ကျနော်တို့ဘက်က စစ်သည်တယောက်ထိခိုက်ဒဏ်ရာရရှိသွားတယ်။"
လွိုင်ကော်မြို့လမ်းမကြီးနဲ့ ရပ်ကွက်လမ်းကြားနေရာတွေကိုလည်း စစ်တပ်က ဒီကနေ့မွန်းလွဲပိုင်းမှာ ပစ်ခတ်တဲ့အတွက် ပြည်သူတဦးသေဆုံးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
"လွိုင်ကော်မှာပစ်ခတ်မှုတခုရှိတယ်။ မိုင်းလုံးရပ်ကွက်မှာ ပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီကနေပြီးတော့ ၁၃ ချက်ခန့်ပစ်ခတ်သွားတာပေါ့နော်။ လူတဦး အမျိုးသား သေသွားတယ်။"
အခုလို ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ရှမ်းပြည်နယ် မိုးဗြဲဘက်မှာ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား စစ်ရေးအခြေအနေ တင်းမာနေပြီး ပစ်ခတ်မှုတွေလည်း ရှိနေတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင် ပုန်းခိုနေကြရပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့နဲ့ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့တွေက စုစုပေါင်းပြည်သူ ၇၀,၀၀၀ ကျော် အိုးအိမ်ပစ်ထွက်ပြေးရပြီး ပြည်တွင်း ဒုက္ခသည်တွေဖြစ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်


Unicode




XS
SM
MD
LG