သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းက မြို့နယ်အတော်များများမှာ စစ်ကောင်စီ အင်အားတိုး ထိုးစစ်ဆင်


စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်။ (MIMU)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်။ (MIMU)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေက အင်အားတိုးချဲ့ပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်လာသလို နေအိမ်မီးရှို့တာနဲ့ ဒေသခံတွေကို ဖမ်းဆီး သတ်ဖြတ်မှုတွေ ဆက်တိုက်ဆိုသလို ရှိနေပါတယ်။ ဒီကနေ့မှာလည်း ဝက်လက်မြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်နေပြီး နေအိမ်တွေကိုလည်း မီးရှို့နေတယ်လို့ ဒေသခံတွေကပြောတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

ဝက်လက်မြို့နယ်ထဲက အိမ်ခြေ ၁၀၀ ကျော်လောက်ရှိတဲ့ ကမ်းဖြူကျေးရွာကို ဒီကနေ့မနက်မှာ နေအိမ်တွေကို မီးရှို့နေတာကြောင့် ကမ်းဖြူကျေးရွာအနီးက ရွာတွေပါ ဘေးလွတ်ရာကို ရှောင်နေကြရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ကိုနဂါးလေးက ပြောပါတယ်။

“စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာမှာ တပ်စွဲထားတဲ့ကောင်တွေက (စကစ) အင်အာ ၁၅၀ ခန့်ပေါ့နှော်။ အခု တဝက်လောက်က ခု ဝက်လက်မြို့နယ် ကမ်းဖြူကျေးရွာမှာ မနက်ခင်းပိုင်း ၉ နာရီခွဲလောက်က စပြီး မီးရှို့တယ်။ အဲ့နားမှာ ရှိတဲ့ ပြည်သူတွေ တိမ်းရှောင်နေရတယ်ဗျ။ အိမ်ခြေ ၁၀၀ ဝန်းကျင်လောက်ရှိတယ်၊ အကုန်ကုန်မယ်ထင်တယ်၊ မီးခိုးတွေအများကြီးပဲ မည်းတက်လာတယ်။ လောလောဆယ် အဲ့နားက ကမ်းဖြူရှိမယ်၊ ရွာသာရှိမယ်၊ မင်းရာတောင် ရှိမယ် အဲ့ရွာနဲ့ ကပ်ရက် ရွာလေးတွေရောပေါ့၊ အဲ့ရွာတွေကတော့ သေချာပေါက် ရှောင်နေရပြီ။”

စစ်ကောင်စီတပ်တွေဟာ ဇွန်လ ၂၁ ရက်နေ့ညကလည်း သူတို့တပ်စွဲထားရာ စဉ်ကိုင်မြို့ ကြက်တူရွေးရွာကနေ ဝက်လက်မြို့နယ်ထဲက ကမ်းဖြူရွာ စာသင်ကျောင်းကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ရွာသားတချို့ကိုလည်း စစ်ကောင်စီတပ်တွေက ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

“ကျနော်တို့ ဝက်လက်မြို့နယ်ထဲမှာတော့ အဖမ်းအဆီးမရှိဘူးဗျ။ မနေ့ညနေ ၄ နာရီခွဲလောက်က သူတို့တွေ(စကစ) ကင်းလှည့်ရင်းနဲ့မှ ကြက်တူရွေးနဲ့ သဲအင်း ရွာကြားမှာရှိတဲ့ ပြည်သူ ၂ ဦးကိုတော့ သူတို့ ဖမ်းသွားတယ်ဗျ။ မနေ့ညက ကြက်တူရွေးမှာ တပ်စွဲတဲ့ကောင်တွေက ဝက်လက်မြို့နယ် ကမ်းဖြူရွာပေါ့နှော် အဲ့ဒီကမ်းဖြူရွာက စာသင်ကျောင်းကို ဦးတည်ပြီးတော့ လက်နက်ကြီးနဲ့ ၁၀ ချက်ကျော်ကျော် ၁၂ ချက်လောက်ပစ်တယ်ဗျ။”

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ယင်းမာပင်မြို့နယ် ကောင်းဆင့်ကျေးရွာထဲ စစ်ကောင်စီက ဝင်ရောက်တပ်စွဲလို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးထွက်ရာကို ထွက်ပြေးရှောင်တိမ်းနေရပါတယ်။ ဇွန် ၂၀ ရက်နေ့မှာ စစ်ကောင်စီက ကောင်းဆင့်ရွာက နေအိမ် ၂၀ နီးပါး မီးရှို့ခဲ့ပြီးတဲ့နောက် ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှုတိုက်ပွဲပြင်းထန်ခဲ့တာကြောင့် အသက်လုပြီး ထွက်ပြေးခဲ့ရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဆရာတော်တပါးက မိန့်ကြားပါတယ်။

အဲ့ဒီနေ့ စစ်ကောင်စီတပ်တွေ မီးရှို့ပြီး ကောင်းဆင့်ရွာက ထွက်သွားပြီးတဲ့နောက် ရွာထဲမှာ စစ်ကောင်စီက လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ထားခဲ့တဲ့ အလောင်းတလောင်း တွေ့ရတယ်လို့ ဆရာတော်က မိန့်ပါတယ်။

“ဦးဇင်းတို့ ဒီကောင်းဆင့်ရွာထဲမှာ စစ်ကောင်စီက သတ်ဖြတ်ပြီးတော့ မြေမြှုပ် ထားတဲ့ အလောင်းတလောင်းတွေ့တယ်။ အမျိုးသားပေါ့နော် ပြည်သူပါ၊ အဲ့မှာ သူ့ကို တူးဖော်ကြည့်လိုက်တဲ့အခါ သူ့ကို လက်ပြန်ကြိုးတုပ်ထားပြီးတော့ ထမိန်တွေရော ဝတ်ပေးထားတဲ့ ပုံစံအနေအထားနဲ့ပေါ့နော်။ နည်းနည်းပျက်စီးနေတာ တွေ့ရတယ်နော်။ ဒေသခံတွေက အခုရွာကိုပြန်ကပ်နိုင်ပါပြီးဗျ။ ဒီဘက်က နယ်မြေခံတွေက ရွာတွေကိုပြန်ကပ်နိုင်ပြီး အခုဆားလင်းကြီးမှာတော့ တရွာဝင်တရွာထွက် ပုံစံနဲ့ ဆားလင်းကြီးဘက်ကို စစ်ကြောင်းထိုးနေပြီ။”

လက်ရှိချိန်မှာ စစ်ကောင်စီက ရွာကနေ ပြန်လည်ထွက်ခွာသွားလို့ ဒေသခံတွေ နေအိမ်ကိုပြန်လာကြပါတယ်။ နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် နေရာထိုင်ခင်းတွေနဲ့ စားရေးသောက်ရေးတွေအတွက် အကူအညီတွေ လိုအပ်နေကြပါတယ်။

ကောင်းဆင့်ရွာထဲ တပ်စွဲနေထိုင်ခဲ့တဲ့ စီကောင်စီတပ်တွေဟာ လက်ရှိမှာ ဆားလင်းကြီးမြို့နယ်ဘက်ကို စစ်ကြောင်းဆင်းသွားပြီး တရွာဝင် တရွာထွက် နယ်မြေရှင်းလင်းရေး လုပ်နေတာလို့ ဆရာတော်က မိန့်ကြားပါတယ်။

တိုင်းစစ်ဌာနချုပ်ထိုင်ရာ မုံရွာမြို့ ပတ်ပတ်လည်ဖြစ်တဲ့ ယင်းမာပင်၊ ပုလဲ၊ ချောင်းဦး၊ မြင်းမူ၊ အရာတော်၊ ဝက်လက်၊ ရွှေဘို စတဲ့ နေရာတွေမှာ ဒေသခံကာကွယ်ရေးတပ် တွေနဲ့စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ခဲ့တာ တနှစ်ဝန်းကျင်ရှိနေပါပြီ။ PDF ကာကွယ်ရေးတပ်တွေဟာ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီး စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းရေး စစ်ဆင်မှုတွေကို တိုးပြီး လုပ်လာနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]












================

XS
SM
MD
LG