သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ ပြန်စဖို့ ပြင်ဆင်


မြန်မာငြိမ်းချမ်းရေးစင်တာတွင်းကငြိမ်းချမ်းရေးဆွေးနွေးပွဲ။
မြန်မာငြိမ်းချမ်းရေးစင်တာတွင်းကငြိမ်းချမ်းရေးဆွေးနွေးပွဲ။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နဲ့ မြန်မာ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီတို့ အကြားမှာ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ၂၀၁၅နှစ်ဆန်းပိုင်းမှာ လက်မှတ်ရေးထိုးနိုင်လိမ့်မယ် လို့ MPC ခေါ် မြန်မာငြိမ်းချမ်းရေး စင်တာ တာဝန်ရှိသူတွေကပြောပါတယ်။ လာမယ့် ဒီဇင်ဘာ(၁၇)ရက်နေ့မှာ တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ NCCTနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီအဖွဲ့တို့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ဝန်ကြီးဦးအောင်မင်းကနေ ကမ်းလှမ်းလာတယ် လို့လည်း ဆိုပါတယ်။ ဒီအခြေအနေတွေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် ကနေ အခုလိုသတင်းပေးပို့ ထားပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်းကာလအတွင်း ၂၀၁၅နှစ်ဆန်းပိုင်း မှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲနဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ မြန်မာ့ငြိမ်းချမ်းရေး စင်တာ(MPC) က အကြီးတန်းအရာရှိ ဦးလှမောင်ရွှေကနေ ဒီကနေ့မှာ ဗွီအိုအေကို အခုလိုပြောပါတယ်။

" ကျနော်တို့ အနေနဲ့တော့ စားပွဲဝိုင်းမှာ ဆွေးနွေးမယ့် နည်းကပဲ အဓိကပေါ့လေ။ နှစ်ဖက်အတွက် အကောင်းဆုံး နည်းအနေနဲ့ပဲ မျှော်လင့်ပါတယ်။ ဒီ့အတွက်လည်း ပြင်ဆင်နေကြတာ ဖြစ်တဲ့အတွက် ဒီနှစ်ပြီးအောင်ဆွေးနွေးရင်တော့ လာမယ့် နှစ်ဆန်းမှာ လက်မှတ်ထိုးပြီးတော့ Political Dialogue ကို ဖေဖော်ဝါရီ၊ မတ်လ လောက်မှာ ဆောင်ရွက်နိုင်လိမ့်မယ် အလုပ်အဖွဲ့အနေနဲ့ ဒါကိုပဲ ကြိုးစားနေပါတယ်။"

ဒါ့အပြင် တွေ့ဆုံဆွေးနွေးရေး အဆင်ပြေနိုင် ဖို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီနဲ့ မတွေ့ဆုံမှီ ကာလအတွင်း လာမယ့် ဒီဇင်ဘာ(၁၃)ရက်နဲ့ (၁၄)ရက်မှာ မြန်မာ့ငြိမ်းချမ်းရေး စင်တာ(MPC) က တာဝန်ရှိသူ တွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)တို့ကနေ ထိုင်းနိုင်ငံမှာ ထပ်မံတွေ့ဆုံ ညှိနှိုင်းသွားမယ်လို့လဲ သူကဆိုပါတယ်။

လာမယ့် ဒီဇင်ဘာ(၁၇)ရက်နေ့မှာ ဝန်ကြီးဦးအောင်မင်း ဦးဆောင် တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်း ကော်မီတီအဖွဲ့နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေး အဖွဲ့(NCCT)တို့ ပြည်တွင်းမှာ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ ဝန်ကြီး ဦးအောင်မင်းကနေ ကမ်းလှမ်း လာတယ် လို့ မြန်မာ့ငြိမ်းချမ်းရေး စင်တာ(MPC) က အကြီးတန်း အရာရှိ ဦးလှမောင်ရွှေ က အခုလို ပြောပါတယ်။

"ဝန်ကြီးဦးအောင်မင်းက UPWC ကို ဒီဇင်ဘာလ ၁၈၊ ၁၉၊ ၂၀တွေမှာ ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ ရန်ကုန်မြို့က MPC မှာ ကျင်းပနိုင်ဖို့ အဆိုပြုထားပါတယ်။ NCCT နဲ့က ထိုင်းနိုင်ငံမှာ ၁၃နဲ့ ၁၄ မှာ လုပ်မယ်လို့ သိရပါတယ်။ ကျနော်တို့ဘက်ကတော့ ၁၅ရက်နေ့မှာ အလွတ်သဘောပေါ့လေ NCCT ခေါင်းဆောင်တွေနဲ့ သွားပြီးတော့ တွေ့ပါမယ်။ တွေ့ပြီးတော့ သူတို့ရဲ့ဆုံးဖြတ်ထားတဲ့ ဟာတွေကို သွားယူပြီးတော့ ဝန်ကြီးဦးအောင်မင်းကို ပို့ဖို့ရှိပါတယ်။ သူတို့အနေနဲ့ ဆွေးနွေးပွဲလာဖို့ ဆုံးဖြတ်ရင်။ ဝန်ကြီး ဦးအောင်မင်းနဲ့ ဆွေးနွေးပွဲတွေ ပြန်စနိုင်အောင်။"

နှစ်ဖက်အကြား ညှိနှိုင်းဆွေးနွေးနေတဲ့ အပစ်ရပ်စာချုပ် မူကြမ်း ညှိနှိုင်းမှု(၉၀) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီးလို့လဲ မြန်မာ့ ငြိမ်းချမ်းရေး စင်တာဘက်ကပြောပါတယ်။

တစ်ဆို့နေတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ နှစ်ဖက်လုံးက သဘော တူညီချက် ရရှိခဲ့ပေမဲ့လဲ တွေ့ဆုံ ဆွေးနွေးရေးနဲ့ ပတ်သက်လို့ NCCTဘက် ကပြင်ဆင် ရဦးမယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ ရဲ့ တွဲဖက် အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာကပြောပါတယ်။

"MPC ဘက်က UPWC ကိုယ်စားပေါ့ဗျာ။ သူတို့ဖိတ်တာကတော့ ၁၇ရက်နေ့ရောက် ၁၈၊ ၁၉ပေါ့။ သို့သော် ကျနော်တို့က ဒီ တခြား လိုအပ်ချက်ကလေးတွေ ရှိနေတော့ ကျနော်တို့ စဉ်းစားပါဦးမယ်လို့ ပြောထားတာ ရှိတယ်။ အဖြေတော့ မပေးရသေးပါဘူး။"

အခုလိုနှစ်ဖက်အဖွဲ့တွေ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားနေချိန်မှာဘဲ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ ဘက်မှာတော့ တိုင်းရင်းသား တပ်ပေါင်းစုအဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ ရက်ဆက် ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွါးနေပါတယ်။

ဒီဇင်ဘာလ(၈)ရက်ကနေ (၁၀)ရက်နေ့အထိ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် ကျောက်မဲမြို့နယ်ဘက်မှာ မြန်မာ စစ်တပ် တပ်မ(၇၇) လက်အောက်ခံ တပ်ရင်းနဲ့ TNLA ခေါ် တအာင်း ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ကေအိုင်အိုခေါ် ကချင်လွတ်မြောက်ရေးအဖွဲ့ တပ်မဟာ(၄) လက်အောက်ခံတပ်ရင်းနဲ့ ကိုးကန့်အဖွဲ့ စတဲ့ တပ်ပေါင်းစု အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ (PSLF)ခေါ် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးရဲ့ ဥက္ကဋ္ဌ တာအိုက်ဖုန်းကပြောပါတယ်။

နိုင်ငံရေးဆွေးနွေးနေဆဲကြားက အခုလို တိုက်ပွဲဖြစ်ပွါးနေတာဟာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလက်မှတ် မထိုးနိုင်သေးတဲ့ အခြေအနေတွေကြောင့် ယုံကြည်မှု မတည်ဆောက်နိုင်သေးတဲ့ အတွက်ဖြစ်တယ်လို့ ဦးလှမောင်ရွှေက ပြော ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မီတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်း ကတော့ (၂၀၁၃)ခုနှစ် စက်တင်ဘာလ ကုန်ပိုင်း မှာမြန်မာငြိမ်းချမ်းရေး စင်တာရုံးမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံပွဲကနေ လက်နက်ကိုင်အဖွဲ့ (၁၆) ဖွဲ့အနက် (၁၄)ဖွဲ့နှင့် အပစ်ရပ်နိုင်ခဲ့ပြီး ကျန်တဲ့ KIO နဲ့ TNLA တို့ကိုလည်း မကြာခင် အပစ်ရပ်ဖို့ ဆက်လက် ဆောင်ရွက် မယ်လို့လဲ ပြောဆိုခဲ့ပေမဲ့ လက်ရှိမှာတော့ တိုင်းရင်းသားဒေသတွေမှာ စစ်ရေး ပဋိပက္ခတွေ ဖြစ်ပွါးနေဆဲ အခြေအနေမှာရှိနေပါတယ်။

XS
SM
MD
LG