သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဆောင်ရွက်မှုမှာ ပါဝင်နိုင်ဖို့ CSO တွေတောင်းဆို


မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲ ကဏ္ဍစုံမှာ ပါဝင်ခွင့်ပေးဖို့ လူထုအခြေပြု အဖွဲ့အစည်းတွေက ၂၁ ရာစု ပင်လုံညီလာခံ စတင်ကျင်းပတဲ့ ဒီကနေ့မှာပဲ အစိုးရကို တောင်းဆိုလိုက်ပါတယ်။

အစိုးရတပ်တွေရော တိုင်းရင်းသား လက်နက်ကိုင်တပ်တွေပါ နှစ်ဘက်စလုံးက တရားဝင် အပစ်ခတ်ရပ်စဲကြောင်း ကြေညာပေးဖို့ တောင်းဆိုလိုက်သလို၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်မှာ အဟန့်အတား ဖြစ်စေတဲ့ ဥပဒေပုဒ်မတချို့ကိုလည်း ရုပ်သိမ်းပေးဖို့ တိုက်တွန်းထားပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

သြဂုတ်လ ၃၁ ရက်နေ့ နေပြည်တော်မှာ စတင်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံကို လူထုအခြေပြုအဖွဲ့အစည်း ၁၃၀ ကျော် စုပေါင်းတင်ပြတဲ့ ကြေညာချက်ထဲမှာ၊ ငြိမ်းချမ်းရေးညီလာခံရဲ့ ဦးတည်ချက်တွေကို အပြန်အလှန် လေးစားတဲ့အနေနဲ့ အစိုးရတပ်ရော၊ တိုင်းရင်းသားတပ်တွေပါ တရားဝင် အပစ်ခတ်ရပ်စဲကြောင်း နှစ်ဘက်စလုံးက ကြေညာပေးဖို့ တောင်းဆိုလိုက်ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်တွေမှာ လူထုအခြေပြု အဖွဲ့အစည်းတွေ ဆောင်ရွက်နိုင်မယ့် အခြေအနေကို တင်ပြ တောင်းဆိုနေတာ ဖြစ်တယ်လို့ အရပ်ဘက် လူမှုအဖွဲ့အစည်းများဖိုရမ် ဖြစ်မြောက်ရေး ယာယီကော်မတီအဖွဲ့ဝင် ကိုသွင်လင်းအောင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ပထမတုန်းက သူတို့ကဏ္ဍ ၅ ခုလုံးကို ကျနော်တို့ကို ဆွေးနွေးခွင့်ပေးတယ်။ ဒါပေမဲ့ အခု အသစ်မှာကျတော့ နိုင်ငံရေးနဲ့ လုံခြုံရေး ၂ ခုမှာ အရပ်ဘက်အဖွဲ့အစည်းတွေက ဆွေးနွေးခွင့်မရှိတော့ဘူး ဆိုပြီးတော့ အဲ့လိုမျိုးပြောတော့ အဲဒီမှာ ကျနော်တို့က ပြည်သူလူထုနဲ့ ထိစပ်မှုရှိတဲ့ ကဏ္ဍအားလုံးမှာ ဆွေးနွေးခွင့်ရချင်တယ်ဆိုပြီးတော့ ကျနော်တို့က တင်ပြတာ။ တိုင်းနဲ့ပြည်နယ်တွေမှာ ပြည်သူလူထုတွေ ခံစားနေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့၊ အကြံပြုချက်တွေ အသံတွေပေါ့နော် စုပြီးတော့ အဲဒါတွေကို မူဝါဒဆိုင်ရာ အကြံပြုချက်တွေအဖြစ်နဲ့ ကျနော်တို့က ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနေတဲ့အခါမှာ အဲဒီထဲမှာ ဆုံးဖြတ်ချက်ချမယ့်သူတွေဆီရောက်အောင်၊ သူတို့ထည့်သွင်းစဉ်းစားသွားအောင်လို့ အဲဒါကို ကျနော်တို့က အဓိကပြောချင်တာပါ။”

လူထုအခြေပြု အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ လွတ်လပ်ထိရောက်စွာ ပါဝင်ကူညီသွားနိုင်ဖို့ အဓိက အဟန့်အတား ဖြစ်နေတဲ့ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇/၁ ကို ပယ်ဖျက်ပေးဖို့ကိုလည်း တောင်းဆိုထားတယ်လို့ ကိုသွင်လင်းအောင်က ပြောပါတယ်။

“ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးတခုလုံးထဲမှာ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဝင်ပါမယ်ဆိုရင် အဲဒီ ၁၇/၁ က အဟန့်အတားဖြစ်စေနိုင်တယ်ဆိုတာ ဥပမာ - ကျနော်တို့က ဆွေးနွေးဘက်တွေနဲ့ စကားပြောရတာတွေ၊ ညှိနှိုင်းရတာတွေ၊ ပြောချင်တဲ့အချက်တွေကို သွားပြီးတော့မှ စည်းရုံးလှုံ့ဆော်တာတွေ လုပ်ပေးရတာမျိုးတွေ ရှိတယ်။ အဲ့လိုရှိတဲ့အခါကျတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲထဲမှာ ပါနေတဲ့ ၁၇/၁ မဖျက်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ကျနော်တို့က စည်းရုံးမှုတွေ သွားလုပ်တဲ့အခါမျိုးမှာ အစိုးရက နေပြီးတော့မှ တရားမဝင်အသင်းနဲ့ ဆက်သွယ်တယ် ဆိုပြီးတော့ ကျနော်တို့ကို ဒီ ၁၇/၁ နဲ့ တစုံတရာ အရေးယူတာမျိုးတွေ ရှိလာနိုင်တယ်။ အဲဒါမျိုးက တကယ်ဆိုလို့ရှိရင် မရှိသင့်ဘူးဆိုတာကို ကျနော်တို့က ထောက်ပြချင်တဲ့အတွက် အဲဒီ ၁၇/၁ တွေအားလုံးကို ပယ်ဖျက်လိုက် ပါတော့ဆိုပြီးတော့ အဲဒီအချက်ကို ကျနော်တို့က ထည့်ထားတာပါ”

လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့နယ်မြေက တိုင်းရင်းသားပြည်သူတွေရဲ့ လူမှုဘဝလုံခြုံရေး ဖော်ဆောင်ရာမှာ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးကြား ညှိနှိုင်းအဖြေရှာဖို့ကိုလည်း လူထုအခြေပြုအဖွဲ့စည်းတွေက သူတို့ရဲ့ကြေညာချက်မှာ တိုက်တွန်း ထားပါတယ်။ တကယ်တော့ ခိုင်မာတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုတွေရမှသာ တိုင်းရင်းသားဒေသခံတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ကချင်လူမှုကွန်ယက်အဖွဲ့ တာဝန်ခံ ဒေါ်ခွန်ဂျာက ပြောပါတယ်။

“စစ်တိုက်ပြီဆိုလို့ရှိရင် ကျမတို့ပြည်သူတွေက ထိပ်ဆုံးက ခံစားရပါတယ်။ အဲဒီတော့ ကျမတို့ ကချင်လူမျိုးတမျိုးထဲမှာတောင်မှ လူဦးရေပေါင်း ၁ သိန်း ၅ သောင်းကျော်က ဒုက္ခသည်စခန်းတွေမှာ ရှိနေပါတယ်။ ဒါကြောင့်မို့လို့ ဒီလူတွေရဲ့ အနာဂတ်ဆိုတာက နောင် သူတို့အတွက် အနာဂတ်မရှိသလောက် ဖြစ်သွားပါတယ်။ ဒါကြောင့်မို့ ဒုက္ခသည်တွေကိစ္စကို အကုန်လုံး ဖြေရှင်းနိုင်ဖို့ဆိုတာ ဒီငြိမ်းချမ်းရေး ညီလာခံဟာ အင်မတန် အရေးကြီးပါတယ်။ နောက်တခုကတော့ ကျမတို့ရဲ့အနာဂတ်လူငယ်တွေ ဖြစ်ပါတယ်။ လောလောဆယ် ကချင်လူမျိုးရဲ့ ကလေးငယ် ၁၀% ဟာ ဒုက္ခသည်ဖြစ်နေပါတယ်။ ဒါဟာ လူမျိုးတမျိုးရဲ့ အနာဂတ်ဖြစ်တယ်။ ဒါကြောင့်မို့ ဒီအခြေနေကို အမြန်ဆုံး ပြင်ဆင်မှပဲ ကျမတို့ မျိုးဆက်တခုကို ကောင်းမွန်တဲ့ အနေအထားကို ပို့နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီညီလာခံကို ကျမတို့ အင်မတန် အားကိုးပါတယ်ရှင်”

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဟာ တပ်မတော်က ဘယ်လောက်ထိ သဘောထားကြီးပြီး လုပ်ဆောင်ပေးမလဲဆိုတဲ့ပေါ် မူတည်နေတယ်လို့ ကိုသွင်လင်းအောင်က သုံးသပ်ပါတယ်။ ပထဦးဆုံးအကြိမ် စတင်ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ လူထုအခြေပြု အဖွဲ့အစည်းတွေအနေနဲ့ လေ့လာခွင့်ရှိသူတွေ အဖြစ်နဲ့သာ တက်ရောက်ခွင့်ရပြီး၊ ပါဝင်ဆွေးနွေးခွင့် မရတာကြောင့် နောင်ထပ်ပြီး ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံမှာ ကိုယ်တိုင်ပါဝင်ဆွေးနွေးခွင့်ရဖို့ သူတို့အနေနဲ့ မျှော်လင့်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG