သုံးရလွယ်ကူစေသည့် Link များ

ငြိမ်းချမ်းရေးညီလာခံ အဆုံးသတ်


မြန်မာ ငြိမ်းချမ်းရေး ညီလာခံ (ဇန်န၀ါရီ ၁၆ရက်၊ ၂၀၁၆) သတင်း ဓါတ်ပုံ - မြန်မာ ငြိမ်းချမ်းရေး စင်တာ။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးမှုတွေကို သုံးနှစ်ကနေ ငါးနှစ်အတွင်း အပြီးအပြတ်ဆောင်ရွက်ဖို့ဆိုပြီး ၅ ရက်ကြာကျင်းပပြီးစီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံကနေ နောက်လာမယ့် အစိုးရသစ်အတွက် အကြံပြု အဆိုတင်သွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ သတ်မှတ်ထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးနဲ့ပတ်သက်လို့ ပြန်လည်စီစစ်ဖို့နဲ့၊ လာမယ့်ရွေးကောက်ပွဲတွေမှာ လူနည်းစုတွေ ကို ကိုယ်စားပြုနိုင်မယ့် PR အချိုးကျစနစ်ကို ကျင့်သုံးသင့်မသင့်ကိုလည်း ဆွေးနွေး အဆိုပြုတာတွေ ရှိခဲ့ပါတယ်။ ၅ ရက်ကြာကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံရဲ့ အဆုံးသတ်ရလဒ်တွေနဲ့ပတ်သက်လို့ မမေခက စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

ဟုတ်ကဲ့ပါ။ နေပြည်တော်မှာ ၅ရက်တာကျင်းပတဲ့ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကြီးကို ဒီကနေ့ရပ်နားလိုက်ပါပြီ။ ဒီမှာ ဆွေးနွေးကြတဲ့အချက်တွေအမြင်သဘောထားတွေကို ဒီကနေ့ စုစည်းထားပြီး နောက်တက်လာမယ့် အစိုးရကို ဆက် လက်ဆွေးနွေးနိုင်ဖို့ လက်ဆင့်ကမ်းပေးသွားမှာပါ။

နောက်ဆုံးနေ့ဆွေးနွေးမှုမှာ နိုင်ငံရေးကဏ္ဍကို ဆွေးနွေးကြရာမှာတော့ ကိုယ်စားလှယ်တချို့က တိုင်းရင်းသား လူမျိုး (၁၃၅) မျိုးနဲ့ ပက်သက်ပြီး၊ ပြန်လည်စိစစ်ဖို့နဲ့၊ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရာမှာ ရွေးကောက်ပွဲစနစ် နဲ့ ပတ်သက် ပြီးလူဦးရေးနည်းပါးတဲ့ တိုင်းရင်းသားလူမျိုးများကိုယ်စားပြု ပါဝင်လာနိုင်စေရန် (PR) စနစ်ကို ကျင့်သုံးသင့်၊ မသင့် စဉ်းစားကြဖို့ တင်ပြခဲ့ကြပါတယ်။ တင်ပြမှုဆွေးနွေးမှုတွေနဲ့ပတ်သတ်ပြီး ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) အဖွဲ့က ဗိုလ်မှုးကြီး ခွန်ဥက္ကာက ခုလိုပြောပြပါတယ်။

“ဒီ ဖက်ဒရယ် ပြည်ထောင်စု စနစ်နဲ့ ပြည်ထောင်စု တည်ဆောက်မယ် ဆိုရင် အဲဒါက အားလုံးတူတယ်လေ။ ဘုံရည်မှန်းချက် အဖြစ်နဲ့ သွားတူတယ်။ သို့သော် ချည်းကပ်ပုံ ချည်းကပ်နည်းမှာတော့ concept က နည်းနည်း ကွာတာပေါ့။ တပ်မတော် ဘက်ကတော့ ဗဟို အစိုးရရဲ့ အင်အားကောင်းတဲ့ နည်းကို ကြိုက်တာပေါ့။ အဖွဲ့ဝင် ပြည်နယ်တွေက ဗဟို အစိုးရကို ၀ိုင်းရံဖို့ ဗဟို အစိုးရ အားကောင်းမှ ဖက်ဒရယ် ခိုင်ခံ့တယ်ဆိုတဲ့ မူကို ကိုင်တယ် ။ တိုင်းရင်းသားတွေကတော့ ဗဟိုအစိုးရမှာလည်း အကန့်အသတ်နဲ့ ကျင့်သုံး။ အာဏာကို။ ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တွေမှာလည်း အကန့်အသတ်နဲ့ ကျင့်သုံး။ နှစ်ဖက်ထိမ်းချုပ်တဲ့ဟာကို ကြိုက်ကြတာပေါ့။ “

သဘာဝ သယံဇာတ ခွဲဝေရေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးခဲ့ရာမှာတော့ တပ်မတော်ဘက်က တိုင်းရင်းသားတွေ တောင်းဆိုတဲ့ သက်ဆိုင်ရာ တိုင်း ပြည်နယ်က ခံစားခွင့် ၇၀ရာခိုင်နှုန်း၊ ဗဟိုအစိုးရက ၃၀ ရာခိုင်နှုန်းအစား၊ ငါးဆယ် ရာခိုင်နှုန်းစီသာ ထားရှိဖို့ တင်ပြခဲ့တယ်လို့ ချင်းတိုးတက်ရေးပါတီ က ဦးနိုထန်ကပ်ကပြောပါတယ်။

"ပြောရမယ်ဆိုရင်တော့ တပ်မတော် ဘက်က ပြည်ထောင်စုအဆင့်မှာ လုပ်ပိုင်ခွင့် နည်းလွန်းရင်တော့ မသင့်တော်ဘူးပေါ့။ နောက်ပြီးတော့ ၇၀-၉၀ တို့ဘာတို့ လုပ်မယ်ဆိုရင် သယံဇာတမထွက်တဲ့ ပြည်နယ်တွေမှာ နာသွားမှာပေါ့။ အဲဒါကြောင့် ဗဟိုက ပဲ့ကိုင်ပြီးတော့ သယံဇာတ မထွက်တဲ့ ပြည်နယ်နဲ့ ထွက်တဲ့ ပြည်နယ်ကို မျှပြီးတော့ ဝေပးတာ ကောင်းတယ် ဆိုတဲ့ အမြင်နဲ့ အဆိုတင်သွင်းသွားပါတယ်။"

ဒီကနေ့ဆွေးနွေးပွဲ နောက်ဆုံနေ့မှာတော့ ပါဝင် ဆွေးနွေးကြတဲ့ အစုအဖွဲ့တွေက အဆို ၄ခုတင်ပြခဲ့ပါတယ်။ ဒီအဆိုတွေထဲမှာ နောက်တက်လာမယ့် အစိုးရသစ်က ညီလာခံကို သတ်မှတ် ထားတဲ့ အချိန်ဖြစ်တဲ့ လေးလအတွင်း ကျင်းပဖို့ တင်ပြထားရာမှာ၊ ဒီထက် စာကျင်းပဖို့နဲ့ နောက်လာမယ့် အစိုးရအနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ ညီလာခံတွေကို အချိန် ၃နှစ်က နေ ၅နှစ်အတွင်း အပြီးပြတ် ဆောင်ရွက်ဖို့တွေတင်ပြခဲ့တာတွေရှိပါတယ်။ ဒီတင်ပြချက်တွေကိုလည်း ကိုယ်စားလှယ်တွေက လက်ခံ သဘောတူထားပါတယ်။ ဒါနဲ့ ပက်သက်ပြီး၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာနက ပြန်ကြားရေးတာဝန်ခံ ဦးလှမောင်ရွေကခုလိုပြောပြပါ တယ်။

"ဒီငြိမ်းချမ်းရေး ညီလာခံကို ပြည်ထောင်စုအဆင့်ကော အမျိုးသားအဆင့်ကော ဒီညီလာခံတွေ အားလုံးကို ၃နှစ်ကနေ ၅ နှစ်အတွင်းမှာ ပြီးပြတ်အောင် ဆောင်ရွက်နိုင်ဖို့ ဆိုတဲ့ အဆိုပြုချက်ကို ညီလာခံကို တင်သွင်းပါတယ်။ ဒါကိုလည်း ညီလာခံက သဘောတူညီခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ ကျွန်တော်တို့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်က လေးနှစ်ခွဲကျော်ကြာခဲ့ပါပြီ။ အဲဒီတော့ ဒီအခြေခံကောင်းတစ်ခုလည်းရပြီး။ နောက်တာဝန်ယူမယ့် ဒီအစိုးရများနဲ့ ညီလာခံများဟာ target တစ်ခုထားပြီး ကြိုးစားဆောင်ရွက်ဖို့ ဆိုတာကို ဒီ အစည်းအဝေးတွေမှာ ဆုံးဖြတ်ခဲ့တာကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ “

ကျင်းပခဲ့တဲ့ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံမှာအစိုးရနဲ့ လွှတ်တော်အစိုး ရအဖွဲ့မှ ကိုယ်စားလှယ် ၇၀ကျော်နဲ့ တပ်မတော်၊ တိုင်းရင်းသား လက်နက် ကိုင်၊ နိုင်ငံရေးပါတီတို့ မှ အယောက် ၂၀၀ နီးပါးတို့က ဦးစီးပြီး အစုကြီး ငါးစုအ ဖြစ် သတ်မှတ်၍ သီးခြားစီဆွေးနွေးခဲ့ကြတာပါ။နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးနဲ့လုံ ခြုံရေး၊ လူမှုရေး၊ သဘာဝသယံ ဇာတ စတဲ့ ခေါင်းစဉ်ငါးခုကို အစုအဖွဲ့ခုနစ်ခုက ဆွေးနွေးထားတဲ့ သဘောထားများကို မှတ်တမ်းတင်စုစည်း၍ အစိုးရထံ တင်ပြလိုက်တာပါ။ အမြင်သဘောသား အသီးသီးကို တင်ပြနေတာ ဖြစ်တာကြောင့် ဆုံးဖြတ်ချက် တစုံတရာရရှိခြင်းမရှိပါဘူးရှင်။

XS
SM
MD
LG