သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ငြိမ်းချမ်းရေးစေတမန် ၃၂ ဦး မြန်မာကျောင်းတွေမှာ အင်္ဂလိပ်စာသင်ပေးဖို့ ကတိပြု


အမေရိကန်ငြိမ်းချမ်းရေး စေတမန်အဖွဲ့ Peace Corps
အမေရိကန်ငြိမ်းချမ်းရေး စေတမန်အဖွဲ့ Peace Corps

အမေရိကန်ငြိမ်းချမ်းရေး စေတမန်အဖွဲ့ Peace Corps ကနေ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ လုပ်အားပေးဖို့အတွက် နောက်ထပ် စေတနာ့ဝန်ထမ်း ၃၂ ဦး ဒီကနေ့ ကတိသစ္စာပြုလိုက်တာကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ Peace Corps စေတနာ့ဝန်ထမ်းဦးရေဟာ အခုဆိုရင် နှစ်ဆနီးပါး တိုးလာခဲ့ပါတယ်။ ဒီစေတနာ့ဝန်ထမ်းတွေက နေတဆင့် အမေရိကန်တွေရဲ့ လူနေမှုဘဝတွေကို ဒေသခံတွေ သိရှိလာစေမှာဖြစ်သလို၊ စေတနာ့ဝန်ထမ်းတွေ အနေနဲ့နဲ့လည်း မြန်မာပြည်သူတွေအကြောင်း ပိုပြီး နားလည် သိရှိလာစေမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။ စာသင်ကျောင်းတွေမှာ အင်္ဂလိပ်စာသင်ကြားပေးမယ့် Peace Corps စေတနာဝန်ထမ်းတွေအကြောင်း ကိုယ်တိုင် သတင်းသွားရောက် ရယူထားတဲ့ ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

အမေရိကန် ငြိမ်းချမ်းရေးစေတမန်အဖွဲ့ Peace Corps က စေတနာ့ဝန်ထမ်း ၃၂ ယောက်ဟာ အခြေခံပညာကျောင်းတွေက ဆရာ ဆရာမတွေနဲ့ လက်တွဲပြီး ပညာရေးကဏ္ဍမှာ အားဖြည့်ကူညီသွားမှာဖြစ်သလို့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရာမှာ ပါဝင်ကူညီဆောင်ရွက်သွားဖို့ ဒီကနေ့ ကတိသစ္စာပြုခဲ့ကြတာပါ။ မြန်မာအစိုးရရဲ့ဖိတ်ကြားချက်နဲ့ စေတနာ့ဝန်ထမ်းတွေ လာရောက်ကြတာဟာ ဒါနဲ့ဆို ၄ ကြိမ် ရှိပြီဖြစ်သလို၊ အခုဆိုရင် မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ Peace Corps စေတနာ့ဝန်ထမ်းဦးရေ နှစ်ဆ တိုးလာခဲ့ပါတယ်။

သူတို့တွေဟာ မြန်မာဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာသင်တန်းတွေကို သီတင်းပတ် ၁၀ ပတ်အကြာ လေ့လာသင်ယူထား ကြပါတယ်။ ပိစ်ကောရဲ့ စေတနာ့ဝန်ထမ်းတွေကနေတဆင့် အမေရိကန်တွေရဲ့ လူနေမှု ဘဝတွေကို ပိုမိုသိရှိလာပြီး နှစ်နိုင်ငံပြည်သူတွေကြား ချစ်ကြည်ရင်းနှီးမှု ပိုမို တည်ဆောက်နိုင်မှာဖြစ်တယ်လို့ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က ပြောပါတယ်။

"ပထမဆုံး တစ်ချက်က ကမ္ဘာ့တလွှားမှာ ကျွန်တော်တို့ လုပ်နေတဲ့အစီအစဉ်အများကြီးထဲမှာ ပိစ်ကော ဟာအကောင်းဆုံး တခုလို့ ပြောလို့ရပါတယ်။ စေတနာ့ ဝန်ထမ်းတွေအတွက်လည်း သူတို့ဘဝအတွက် မမေ့နိုင်တဲ့အတွေ့အကြုံကောင်းတွေ ရကြမှာပါ။ ဆရာဆရာမတွေအနေနဲ့လည်း အမေရိကန်တွေအကြောင်း ပိုသိလာစေမှာပါ။ ဒီစေတနာ့ဝန်ထမ်းတွေကိုကြည့်ရင် ဟောလိဝုဒ်ရုပ်ရှင်တွေထဲက အမေရိကန်စစ်စစ်တွေရဲ့ ပုံပေါက်နေပေမယ့် သူတို့နဲ့လက်တွဲလုပ်ကိုင်တဲ့အခါ ရုပ်ရှင်ထဲကထက်ပိုတဲ့ အမေရိကန်တွေရဲ့လူနေမှုဘဝကိုသိနားလည်နိုင်မှာပါ။"

ဒီတခါရွေးချယ် စေလွှတ်မယ့် စေတနာ့ဝန်ထမ်းတွေကိုတော့ မကွေးတိုင်း ပဲခူးတိုင်း မွန်ပြည်နယ်တို့က အခြေခံ ပညာအလယ်တန်းနဲ့ အထက်တန်းကျောင်းတွေမှာ အင်္ဂလိပ်စာ သင်ကြားပေးမှာ ဖြစ်ပါတယ်။ ဒီလို သင်ကြားပေးမှာနဲ့ ပတ်သက်လို့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက

"သင်ကြားရေးတင်မကဘူး မြန်မာသီချင်းတွေဆိုတယ်။ မြန်မာနိုင်ငံတော် သီချင်းဆိုတာကို တခါမှ မတွေ့ဖူးဘူး နိုင်ငံခြားသားတွေဆိုတာ သူတို့နိုင်ငံတော် သီချင်းသာ မကဘူး မြန်မာနိုင်ငံတော် သီချင်းပါ မှန်မှန်ကန်ကန် အမှားအယွင်းမရှိ ဆိုသွားတယ်ဆိုတော့ ၂ နိုင်ငံ ချစ်ကြည် ရင်းနှီးရေး အင်္ဂလိပ်စာ သင်ကြားရေး သင်ယူရေးသာမကဘူး မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံကြား ၂ နိုင်ငံ ပြည်သူတွေရဲ့ ချစ်ကြည်ရင်းနှီးရေးမှာ သူတို့ပြောခဲ့တဲ့အတိုင်းပဲ တကယ့်ကို အောင်မြင်အကျိုးရှိတဲ့ ပေါင်းကူး တံတားဖြစ်လိမ့်မယ်လို့ ကျနော် တထစ်ချယုံကြည်တယ်။"

ပိစ်ကော စေတနာ့ဝန်ထမ်း အမေရိကန်လူငယ်တွေက တောင်တွင်းကြီး ၊ မကွေး ၊ အုတ်တွင်း ၊ တောင်ငူ ၊ ဒိုက်ဦး ၊ မော်လမြိုင် သံဖြူဇရယ် စတဲ့ ဒေသတွေနဲ့ ကျေးရွာ စာသင်ကျောင်းတွေမှာ ၂ နှစ်ကြာ တာဝန် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

အင်္ဂလိပ်စာ သင်ကြားပေးမယ့် စေတနာ့ဝန်ထမ်းတွေကတော့ သူတို့ရဲ့ခံစားချက်ကို အခုလိုပြောပါတယ်။

"ကျမက မော်လီပါ။ ဝါရှင်တန်ဒီစီကပါ။ ဒိုက်ဦးမြို့ပြင်က ကျောင်းတစ်ခုမှာ အင်္ဂလိပ်စာသင်ကြားဖို့တာဝန်ကျပါတယ်။ ကျွန်မက မြန်မာပြည်ကို အင်္ဂလိပ်စာသင်ဖို့ ရောက်နေရတာကို အရမ်းပဲ စိတ်လှုပ်ရှားနေမိပါတယ်။"

"ကျနော်က ကယ်ဗင်ပါ။ ကျွန်တော့် မြန်မာနာမည် သီဟပါ။ ကျွန်တော်က စေတနာ့ဝန်ထမ်းပါ။ ကျနော် မော်လမြိုင်မှာတာဝန်ကျပါတယ်။ ကျနော်က တောင်ကိုရီးယားမှာ အင်္ဂလိပ်စာ သင်ကြားပေးခဲ့ဖူးပါတယ်။ အဲဒီကတည်းက မြန်မာနိုင်ငံကို ရောက်ဖူးပါတယ်။ ဒီနိုင်ငံမှာ ချစ်မိသွားပြီး ဒီမှာ အင်္ဂလိပ်စာသင်ကြားပေးဖို့ စိတ်ကူးယဉ်ခဲ့တာပါ။ အခုတော့ ကျနော် ဒီကို ရောက်လာပြီလေ။"

အမေရိကန် ငြိမ်းချမ်းရေး စေတမန်အဖွဲ့ Peace Corps အစီအစဉ်ဟာ အမေရိကန်သမ္မတ ဂွတ်အက်ဖ်ကနေ ဒီလက်ထက် ၁၉၆၁ ခုနှစ် မတ်လ ၁ ရက်နေ့မှာ လက်မှတ်ထိုးပြီး ထူထောင်ခဲ့တာဖြစ်ပါတယ်။ စတင်ဖွဲ့စည်းခဲ့ချိန်ကစပြီး အခုချိန်ထိ အမေရိကန်နိုင်ငံသား ၂ သိန်း ၃ သောင်းကျော်ဟာ နိုင်ငံပေါင်း ၁၄၁ နိုင်ငံမှာ စေတနာ့ဝန်ထမ်း အဖြစ် ထမ်းဆောင်ခဲ့ပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG