ပြင်သစ်နဲ့ ဂျာမနီတို့ အားထုတ်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းကတိုက်ပွဲတွေ အဆုံးသတ်စေဖို့ နောက်ဆုံးအခွင့်အရေးတခု ဖြစ်လိမ့်မယ်လို့ ပြင်သစ်သမ္မတ Francois Hollande က ပြောကြားခဲ့ပါတယ်။ ရေရှည်ခံတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်မရရင် စစ်ပွဲဖြစ်လိမ့်မယ်လို့ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲမှာ
ပြင်သစ်သမ္မတ Mr. Hollande က ပြောကြားခဲ့တာပါ။
ဂျာမနီဝန်ကြီးချုပ် Angela Merkel ကလည်း ငြိမ်းချမ်းရေးအစီအစဉ် အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာ သေသေချာချာ မပြောနိုင်သေးဘူးလို့ လုံခြုံရေးဆွေးနွေးပွဲမှာ ပြောသွားပါတယ်။ ယူကရိန်းအတွက် အနောက်နိုင်ငံတွေက လက်နက်ပေးမယ့်အကြံအစည်ကို ဆန့်ကျင်တဲ့အနေနဲ့ လက်နက်တွေပိုရလို့ ပဋိပက္ခကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ယူကရိန်းမှာ စစ်ရေးအရအကူအညီပေးဖို့ ကိစ္စကို အနောက်နိုင်ငံတွေ စဉ်းစားသင့်တယ်လို့ ဥရောပက နေတိုးတပ်ဖွဲ့များဆိုင်ရာ တပ်မှူးကြီး Philip Breedlove ကပြောကြားခဲ့တာပါ။
တပ်မှူးကြီး Breedlove က ယူကရိန်းအတွက် လက်နက်တွေပေးဖို့ကိစ္စကို ထောက်ခံပေမယ့် တပ်တွေစေလွှတ်ဖို့ကိုတော့ သူက
မပြောခဲ့ပါဘူး။ ယူကရိန်းနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးအစီအစဉ်အတွက် ရုရှား၊ ပြင်သစ်နဲ့ ဂျာမနီ ခေါင်းဆောင်တွေကြားဆွေးနွေးမှု ဒီကနေ့ စနေနေ့ အစောပိုင်းမှာပြီးသွားပေမယ့် ခိုင်မာတဲ့ရလဒ် တစုံတရာ မရခဲ့ကြပါဘူး။
ရုရှားသမ္မတ Vladimir Putin၊ ဂျာမနီဝန်ကြီး Angela Merkel၊ ပြင်သစ်သမ္မတ Francois Hollande နဲ့ ယူကရိန်းသမ္မတ Petro Poroshenko တို့ ၄ ယောက် တယ်လီဖုန်းပေါ်ကနေ မနက်ဖြန် တနင်္ဂနွေနေ့မှာ ဆွေးနွေးကြဖို့ရှိပါတယ်။
Munich ညီလာခံကို တက်ရောက်နေတဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကတော့ ယူကရိန်းပဋိပက္ခတွေအဆုံးသတ်စေမယ့် သဘောတူညီမှုတခု ရနိုင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ EU ဥရောပသမဂ္ဂဟာ ယူကရိန်းကိစ္စ ပိုဆိုးအောင် လုပ်နေကြတယ်လို့ ဝေဖန်သွားပါတယ်ရှင်။